အေစီမီလန်အသင်း၏ ဒိန်းမတ်လက်ရွေးစင်နောက်ခံလူ ဆိုင်မွန်ခီယာက အသင်း၏နည်းပြဖြစ်သူ ပီအိုလီမှာ ထူးခြားသည့်နည်းပြတစ်ဦးဖြစ်သည်ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။
အသက် (၅၆) နှစ်အရွယ်ရှိ အီတလီလူမျိုးနည်းပြ ပီအိုလီသည် အေစီမီလန်အသင်းအား ၂၀၁၉ အောက်တိုဘာလက စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက အေစီမီလန်အသင်းအား စီးရီးအေအမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
ထို့ပြင် ပီအိုလီသည် ယခုရာသီတွင်လည်း အေစီမီလန်အသင်းအား စီးရီးအေပွဲစဉ် (၁၂)အပြီး၌ (၁၀)ပွဲနိုင်၊ (၂)ပွဲသရေ ရလဒ်ဖြင့် ရှုံးပွဲမရှိအောင်စွမ်းဆောင်ပေးထားပြီး ဇယားထိပ်ဆုံးမှ နာပိုလီအသင်း (၃၂ မှတ်)နှင့် အမှတ်တူ အဆင့် (၂)နေရာတွင် ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သည်။
TV2 Sport နှင့်တွေ့ဆုံသည့် အင်တာဗျူးအစီအစဉ်တွင် ဆိုင်မွန်ခီယာက ''ပီအိုလီဟာ ထူးခြားတဲ့နည်းပြတစ်ဦးပါ။ အချိန်တိုင်းမှာ သူဟာထူးဆန်းတဲ့လူတစ်ဦးဖြစ်ပြီး သူ့အသင်းရဲ့ကစားသမားအားလုံးကိုလည်း ဂရုစိုက်သူပါ'' ဟုပြောကြားခဲ့သည်။
ပီအိုလီသည် အေစီမီလန်အသင်းအား ပြိုင်ပွဲစုံ (၁၀၄)ပွဲကိုင်တွယ်ရာတွင် (၅၈)ပွဲနိုင်၊ (၂၇)ပွဲသရေ၊ (၁၉)ပွဲရှုံးရလဒ်ကိုရရှိထားပြီး အေစီမီလန်အသင်းအနေဖြင့် ယခုရာသီတွင် ၂၀၁၀-၁၁ ရာသီနောက်ပိုင်းဝေးကွာနေသည့် စီးရီးအေချန်ပီယံဆုအတွက် မျှော်လင့်ခွင့်ရှိနေပြီဖြစ်သည်။