မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်
တောင်တွင်းကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ- ကိုသုံးခွန်)
တောင်တွင်းကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် (ဓာတ်ပုံ- ကိုသုံးခွန်)
Published 25 October 2021
အောင်သူငြိမ်း (မကွေး)

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာ ၂၄ ရက် ညပိုင်းမှစ၍ စံချိန်တင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် တောင်တွင်းကြီးမြို့ပေါ်ရှိ မြေနိမ့်ပိုင်းမှ ရပ်ကွက်များအတွင်းနှင့် ပြည်လမ်းမကြီးပေါ်တို့တွင် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအထိ ရေလျှံလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့မြို့မှာက မိုးများရင် ရေဝင်လေ့ရှိပေမယ့် အခု ရေဝင်တာကတော့ ဆယ်စုနှစ်အတွင်းမှာ အဆိုးရွားဆုံးနဲ့ အမြင့်ဆုံး ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ လမ်းမတွေပေါ်မှာလည်း ရေတွေပြည့်နေတော့ ဆိုင်ကယ်တွေ ကားတွေကအစ သွားလာရလို့ ခက်ခဲနေကြပါတယ်” ဟု တောင်တွင်းကြီးမြို့ မှ ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ နေရာများသို့ အောက်တိုဘာ ၂၄ ရက် ညဦးပိုင်းမှစတင်၍ ရေများ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း တောင်တွင်းကြီးမြို့သည် အလယ်ရိုးမ၏ အနောက်ဘက်တွင် တည်ရှိသောကြောင့် အလယ်ရိုးမပေါ်မှ တောင်ကျရေများ ရေလျှံဝင်ရောက်ခဲ့ကြောင်း တောင်တွင်းကြီးမြို့၏ အလယ်မှ ဖြတ်သန်းစီးဆင်းသော စက်စက်ယိုချောင်း တိမ်ကောနေမှုကလည်း ရေကြီးရေလျှံဖြစ်စေရန် ပိုမိုလွယ်ကူစေသကဲ့သို့ ဖြစ်နေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ယခုနှစ် မိုးနှောင်းကာလတွင် မိုးအားကောင်းခဲ့ရုံသာမက ယခု မိုးလွန်ကာလအထိ မိုးရွာသွန်းမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း အောက်တိုဘာ လလယ်ပိုင်းက မိုးရက်ဆက် ရွာသွန်းမှုများကြောင့် မကွေး၊ မင်းဘူး၊ စကု၊ စေတုတ္တရာ စသည့်မြို့များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

Most Recent