အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို အာဆီယံဘက်မှ ဖိတ်ကြားထားပြီး အစည်းအဝေး တက်မတက် မသေချာဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို အာဆီယံဘက်မှ ဖိတ်ကြားထားပြီး အစည်းအဝေး တက်မတက် မသေချာဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 25 October 2021
အောင်းမင်းသိန်း

အာဆီယံထိပ်သီး အစည်းအဝေးအား နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦး တက်ရောက်ရန် အာဆီယံဘက်မှ ဖိတ်ကြားထားပြီး အစည်းမဝေးတက်မတက် မသေချာသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ​​ပြောကြားသည်။

ထိုသို့အာဆီယံဘက်မှ ဖိတ်ကြားထားမှုကို အကြောင်းပြန်ကြားထားခြင်းလည်း မရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ဟိုကနေပြီးတော့ ဖိတ်ကြားတာကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တစ်​​ယောက်ကို ဖိတ်ကြားထားပါတယ်။ ကျွန်တော်တို့အနေနဲ့က​​တော့ တက်ဖြစ်မတက်ဖြစ် မသေချာသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် မိမိတို့ရပ်တည်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်သကဲ့သို့ အစည်းအဝေး တက်ရောက်ရန်အတွက် မည်သူတက်ရောက်ရန်ဆို၍ ဖိတ်ခေါ်ခွင့်မရှိကြောင်း ၎င်းကပြောကြားသည်။

“ဖိတ်ခေါ်တာသည် သူတို့အနေနဲ့ပဋိဉာဉ်ပါ အရရော၊ စည်းမျဉ်းစည်းကမ်းပါ အရရော၊ ဘယ်သူ့ကို တက်ပါလို့ဖိတ်ခေါ်ခွင့် မရှိပါဘူး။ အဓိကကတော့ နိုင်ငံ့ခေါင်းဆောင်တွေလုပ်တဲ့ အစည်းအဝေး၊ နိုင်ငံ့ခေါင်းဆောင် ဖိတ်ရမှာပဲဖြစ်တယ်။ ဒါကို တူညီဆန္ဒမရှိဘဲနဲ့ ဆောင်ရွက်လာတာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကို တန်းတူရည်တူအဖြစ်မထားတဲ့ နိုင်ငံအချို့ပေါ့၊ အာဆီယံနိုင်ငံ အားလုံးလည်း မဟုတ်ပါဘူး။ နိုင်ငံအချို့ရဲ့ ကန့်သတ်မှုကြောင့် နိုင်ငံအချို့ရဲ့ ပြီးရင် ပဋိဉာဉ်ချိုးဖောက်မှုကြောင့် တန်းတူညီတူမထားတဲ့ အစည်းအဝေးကို သွားရောက် တက်ရောက်တာက  ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားရာကျတယ်။ ကိုယ့်နိုင်ငံရဲ့တည်ရှိမှုအပေါ်မှာ မိမိရဲ့နိုင်ငံရဲ့တည်ရှိမှုအပေါ်မှာ ကိုယ့်အနေနဲ့လည်း ချိုးဖောက်ရာ ရောက်တယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အနေနဲ့ တက်ဖို့မတက်ဖို့ မသေချာပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တစ်ဖက်တွင်လည်း အာဆီယံ အစည်းအဝေး တက်ရောက်ရန် အခြားပုဂ္ဂိုလ်တစ်ဦးအား ဖိတ်ကြားထားသည်ဆိုသော သတင်းများ ထွက်ပေါ်လာမှုနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ ပေးစရာမရှိကြောင်း ၎င်းကပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဘာမှချက်မှ ပေးစရာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို အုပ်ချုပ်နေတာသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီနဲ့ နိုင်ငံတော်အစိုးရဖြစ်တယ်။ တရားဝင်ရပ်တည်မှုကို ချိုးဖောက်ပြီးတော့ ဆောင်ရွက်ခဲ့မယ်ဆိုလို့ရှိရင် ဒီဟာတွေသည်ကျွန်တော်တို့နိုင်ငံတစ်နိုင်ငံတည်း အခုလောလောဆယ် အကျိုးသက်ရောက်မယ်ဆိုပြီး ယူဆပေမယ့် အမှန်ကတော့  အာဆီယံအဖွဲ့တစ်ဖွဲ့လုံးနဲ့ အဖွဲ့ဝင်နိုင်ငံတွေ အပေါ်မှာလည်း ထပ်မံသက်ရောက်လာမယ့် အကျိုးသက်ရောက်မှုများ ရှိနိုင်တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသည်။

အာဆီယံပဋိဉာဉ်အရ  နိုငံအကြီးအကဲက အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် အခွင့်အရေးအပြည့်အဝရှိဟု အာဆီယံထိပ်သီး အစည်းအဝေးနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် အာဆီယံ ပဋိဉာဉ်စာတမ်းအပိုဒ် (၅) အရ အဖွဲ့ဝင် နိုင်ငံများအားလုံးသည် တန်းတူရည်တူရှိပြီး၊ အပိုဒ် (၇)(၁) အရ အာဆီယံထိပ်သီး အစည်းအဝေးများကို နိုင်ငံအကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများဖြင့် ပါဝင်ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအကြီးအကဲက အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရမည့် အခွင့်အရေးများကို အပြည့်အဝရပိုင်ခွင့်ရှိကြောင်း၊ အကယ်၍ အချို့အာဆီယံနိုင်ငံများက ယင်းကိစ္စအပေါ်မေးခွန်းထုတ်လာပါက အာဆီယံပဋိဉာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီတိကျစွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံစိတ်ဓာတ်၊ အာဆီယံနည်းလမ်းများနှင့်အညီ သဘောထားကွဲလွဲမှုများကို တိုင်ပင်ဆွေးနွေးမှုနှင့် စေ့စပ်ဆွေးနွေးမှုနည်းလမ်းများဖြင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သော်လည်း အာဆီယံပဋိဉာဉ်စာတမ်း ပြဋ္ဌာန်းချက်ပါအချက်များ၊ မူများ၊ ဦးတည်ချက်များနှင့် ဆန့်ကျင်ပြီး၊ မျှတမှုမရှိ မူဘောင်ကျော်လွန်ဆောင်ရွက်မှုများကို လက်ခံနိုင်ခြင်းမရှိကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း အာဆီယံအဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှုနှင့် အချက်အခြာကျမှုစသော ရေရှည်အကျိုးစီးပွားများကို ရည်မျှော်၍ အာဆီယံပဋိဉာဉ်စာတမ်းပါ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most Recent