မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အဓိက လမ်းမကြီးများပေါ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့

မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး အဓိက လမ်းမကြီးများပေါ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့
Published 21 October 2021
ဌေးလှအောင်

မန္တလေးမြို့တွင် ယနေ့ (အောက်တိုဘာ ၂၁ ရက်) ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြို့အတွင်းသွားလာရာ အဓိက လမ်းမကြီးများပေါ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကာ ယာဉ်ကြောပိတ်ဆို့မှုအချို့လည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီဝန်းကျင်ခန့်မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြို့အတွင်းရှိ အဓိကလမ်းမကြီးများဖြစ်သည့် သိပ္ပံလမ်း၊ ၆၂ လမ်း၊ ၃၅ လမ်း၊ လမ်း ၃၀ ၊ ၇၈ လမ်း၊ ၂၆ လမ်း၊ ၈၄ လမ်း၊ ၈၆ လမ်း ရွှေတချောင်းလမ်းဘေး စသည့် အဓိက လမ်းမကြီးများပေါ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကာ ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"မန္တလေးမှာ ညနေ လေးနာရီ မတိုင်ခင်ကတည်းက မိုးက သည်းပြီး ရွာနေတာ။ ညနေ  ခြောက်နာရီခွဲ ကျော်ကျော်မှ တိတ်သွားတာ။ မိုးရွာတာများတော့ မြို့ထဲလမ်းမကြီးတွေပေါ်မှာ ရေလျှံသွားတယ်။ ဆိုင်ကယ်တွေ ရေဝင်ပြီး ရပ်ကြသလို ယာဉ်ကြော ပိတ်တာတွေလည်း ဖြစ်သွားတယ်" ဟု မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင် အောက်တိုဘာ ၂၁ ရက် ညနေပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် မြို့အတွင်းရှိ အဓိက လမ်းမကြီးများပေါ်၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် နေအိမ်အချို့တွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုနှင့်အတူ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် သစ်ပင်အချို့ လဲပြိုကျမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ သစ်ပင်အချို့ ကျိုးကျခြင်းတို့ ဖြစ်ပွားခဲ့ခြင်းကြောင့် သက်ဆိုင်ရာမှ ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent