မိုးသည်းထန်စွာ ရက်ဆက် ရွာသွန်းခဲ့သောကြောင့် စကုမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ဆင်ဖြူကျွန်းမြို့ အနိမ့်ပိုင်းရပ်ကွက်များသို့ ရေလျှံဝင်ရောက်ခဲ့

မိုးသည်းထန်စွာ ရက်ဆက် ရွာသွန်းခဲ့သောကြောင့် စကုမြို့ ပြည်သူ့ဆေးရုံကြီးနှင့် ဆင်ဖြူကျွန်းမြို့ အနိမ့်ပိုင်းရပ်ကွက်များသို့ ရေလျှံဝင်ရောက်ခဲ့
Published 18 October 2021
အောင်သူငြိမ်း

မကွေးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရက်ဆက် ရွာသွန်းခဲ့သောကြောင့် စကုမြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၁၇ ရက်ကလည်းကောင်း၊ ဆင်ဖြူကျွန်းမြို့ အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များအတွင်းသို့ အောက်တိုဘာ ၁၈ ရက်ကလည်းကောင်း ရေလျှံဝင်ရောက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုတွင် အောက်တိုဘာ ၁၄ ရက်မှစ၍ အောက်တိုဘာ ၁၇ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း စကုမြို့ ပြည်သူ့ဆေးရုံကြီးအထက်ဘက်မှ ချောင်းရေလျှံမှုကြောင့် ဆေးရုံအဆောက်အဦများအတွင်းသို့ ရေဝင်ရောက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်တွင် ရေပြန်ကျခဲ့ကြောင်း သိရသည်။

“ဆေးရုံမှာ လူနာက တစ်ယောက်ပဲရှိပြီး အခု အဲဒီလူနာလည်း ဆေးရုံဆင်းခွင့် ရသွားပါပြီ။ ရေဝင်ခဲ့တာကလွဲလို့ ဘာထိခိုက်ပျက်စီးမှုမှ မရှိခဲ့ပါဘူး” ဟု စကုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းက ပြောကြားသည်။

အောက်တိုဘာ ၁၈ ရက် နံနက် ၃ နာရီခန်စ၍ စလင်းချောင်းရေ အလုံးအရင်းဖြင့် စီးဆင်းပြီး ဆင်ဖြူကျွန်းမြို့အတွင်း ရေလျှံဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်ခဲ့ကြောင်း သိရသည်။

“မနက်အစောပိုင်းကတည်းက လူနေအိမ်တွေထဲကို ရေတွေဝင်လာတာပါ။ အထက်ဘက်က နွယ်တမယ်ကျေးရွာထဲလည်း ရေလျှံဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ချောင်းရေလျှံလွန်းလို့ ကိုဗစ်ကာလ ယာယီဖွင့်တဲ့ဈေးကိုလည်း နှစ်နေရာ ပြောင်းရွှေ့ခဲ့ရပါတယ်” ဟု ဆင်ဖြူကျွန်းမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း မိုးကြီးရေလျှံမှုများကြောင့် စေတုတ္တရာ၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မကွေး စသည့် မြို့များတွင် သစ်ပင်ကြီးများပြိုလဲခြင်း လမ်းမများတွင် ရေလျှံခြင်း၊ လူနေအိမ်များအတွင်း ရေဝင်ရောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent