မိုးသည်းထန်စွ ာရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ပြီး မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်များ တတိယအကြိမ် ရေနစ်မြုပ်

မိုးသည်းထန်စွ ာရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေ မြင့်တက်ပြီး မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်များ တတိယအကြိမ် ရေနစ်မြုပ်
သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် မြဝတီ အနိမ့်ပို်င်းရပ်ကွက်တစ်ခုတွင် ရေကြီးရေလျှံစဉ်
သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် မြဝတီ အနိမ့်ပို်င်းရပ်ကွက်တစ်ခုတွင် ရေကြီးရေလျှံစဉ်
Published 27 September 2021
ကိုရွှေသိန်း

ကရင်ပြည်နယ် ဒေါနတောင်တန်း၏ တောင်ဘက်စွန်း ဝေါလေမြိုင်နှင့် စုကလိမြို့နယ်ခွဲတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် သောင်ရင်းမြစ်ရေလျှံကာ မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်များ ရေနစ်မြုပ်ပြီး စက်တင်ဘာ ၂၇ ရက် နံနက်က  အိမ်ခြေ ၁၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလား ပင်လယ်အော်၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းကြောင့် မြဝတီမြို့နယ် ဝေါလေမြိုင်၊ စုကလိမြို့နယ် မုလအိတောင်တန်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ စက်တင်ဘာ ၂၅ ရက်ကစ၍ ဝေါလေမြို့နှင့် ကျောက်ခတ်ရွာတို့တွင် ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ဝေါလေချောင်းနှင့် မဲကလာချောင်းရေများ သောင်ရင်းမြစ်ထဲသို့ စီးဝင်ရေပြည့်လျှံကာ စက်တင်ဘာ ၂၆ ရက် ညနေပိုင်းကတည်း က သောင်ရင်းမြစ်ရေသည် တရိပ်ရိပ်တက်လာပြီး ညပိုင်း၌ စိုးရိမ်ရေမှတ်အထက် သုံးပေကျော် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

သောင်ရင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြစ်ကမ်းအနီး အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သော ကျောက်ဖျာဂိတ်၊ သဲပုံဂိတ်၊ သရက်ပင်ဂိတ်၊ သဖန်းပင်ဂိတ်၊ ခွန်ဆာဂိတ်၊ ကျောက်တန်းဂိတ်၊ ၀ါးတောဂိတ် အစရှိသည့် နေရာများ နှင့် မြို့ပေါ်လူနေရပ်ကွက်တချို့မှ အိမ်ခြေ ၁၀၀၀ ကျော် ရေဘေးဒုက္ခ ကြုံနေရသည်။

မြဝတီ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးသင့် ပြည်သူများကို ညတွင်းချင်း နီးစပ်ရာနေရာများသို့ ပို့ဆောင်ပေးခဲ့ကာ စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းအထိ လူဦးရေ ၃၀၀၀ ဝန်းကျင်ခန့် ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေထိုင်လျက် ရှိသည်။

ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လများကလည်း သောင်ရင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်ထက် ကိုးပေခန့် မြင့်တက်ခဲ့ပြီး အိမ်ခြေ ထောင်နှင့်ချီ၍ ရေဘေးသင့်ခဲ့ရသည်။

သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် မြင့်တက်ပြီး နေ့လယ်ပိုင်းအထိ နောက်ဆုံး သတင်းအရ သောင်ရင်းမြစ်ရေ အနည်းငယ် ကျစပြုနေပြီ ဖြစ်ကြောင်း အမှတ် (၃) ရပ်ကွက် ကမ်းနားလမ်း ရေကင်းစောင့်ကြည့်သူ ကိုသန့်ဇင်က ပြောကြားသည်။

Most Read

Most Recent