စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ တံတား တစ်စင်း မိုင်းခွဲ ခံရ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ တံတား တစ်စင်း မိုင်းခွဲ ခံရ
■ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် တံတား ဖေါက်ခွဲ ခံရသည့် ပုံအား တွေ့ရစဉ် (Photo: CJ)
■ အွန်လိုင်းတွင် ပျံ့နှံ့နေသည့် တံတား ဖေါက်ခွဲ ခံရသည့် ပုံအား တွေ့ရစဉ် (Photo: CJ)
Published 16 September 2021
ထွန်းလင်းအောင် (မြစ်ကြီးနား)၁၆.၉.၂၀၂၁

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းတပင်ဘူတာနှင့် ညောင်ဇင်းဘူတာကြား မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ  တံတားတစ်စင်း စက်တင်ဘာ ၁၅ ရက်က မိုင်းခွဲခံရပြီး လုံခြုံရေးအခြေအနေကြောင့် မပြင်ဆင်နိုင်သေးကြောင်း နီးစပ်ရာဘူတာရုံမှ  ရုံပိုင်ကြီးတစ်ဦးက ပြောကြားသည်။ 

ယင်းတံတားမှာ မိုင်တိုင်အမှတ် ၄၇၃/၄ နှင့် ၆ ကြား တံတားအမှတ် ၁၅၉ ဖြစ်ပြီး သံလမ်း ၁၇ လက်မ ပြတ်ထွက်ကာ ဇလီဖားတုံး ၁၆ တုံး ပျက်စီးခဲ့ကြောင်း သိရသည်။

'' မိုင်းဆိုတော့ တံတားဘောင်တော့ ထိတာပေါ့။တံတားက မပျက်စီးပါဘူး။သံလမ်းပြတ်တာကို ဆက်ပြီးရင် သွားရတဲ့အခြေအနေပေါ့။ အခုတော့ ပြင်မယ့်အလုပ်သမားတွေ သွားမရသေးဘူး။ တပ်ကလည်း နယ်မြေရှင်းနေတယ်။ ဘာမှမပြင်နိုင်သေးတဲ့အခြေအနေပါ။လမ်းမပေါက်သေးဘူး'' ဟု အထက်ပါ ရုံပိုင်ကြီးက ပြောကြားသည်။ 

ယခုလမ်းပို်င်းတွင် လွန်ခဲ့သည့် လပိုင်းကလည်း မိုင်းပေါက်ခွဲမှုများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။  

မဒေါင်းလှကျေးရွာသားတစ်ဦးက '' ရထားက RPG ခေါ်တဲ့ လူစီးရထား ဆွဲနေတာ။စျေးရထား၊လူစီးရထား ပေါက်စလေးပေါ့။ ကျွန်းလှကနေ မန္တလေးအထိပေါ့။ တစ်ခါတစ်လေတော့ စစ်သားတွေပါတော့လူတွေက ကြောက်ကြတာပေါ့ဗျာ။ စစ်သားတွေလည်း ဒါပဲ စီးစရာ ရှိတာပါ။ အခုလမ်းပိုင်းမှာ အရင်လပိုင်းကလည်း ခွဲတယ်ဗျ ။ဘယ်အဖွဲ့ဆိုတော့ မပြောနိုင်ဘူး။ အခုပြောကြတဲ့ PDF လိုတော့ ပြောနေကြတာပဲ''ဟု ပြောကြားသည်။ 

ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း မဲဇာ-သဲချောင်း ရထားသံလမ်း၊ မိုးညှင်း နန့်ရင်းချောင်း ကားလမ်းတံတား၊ မော်လူး စီပိန်းကားလမ်းတံတား၊ ကာဒူ-မော်ဟန်ဘူတာကြားရှိ အမှတ် ၅၅၅   ၊  ဟိုပင်မြို့မှ မြစ်ကြီးနားဘက်အထွက် သဝက်ချောင်းမီးရထားလမ်းနှင့် ကားလမ်းတံတား၊ ဟိုပင်မြို့အထွက် ဝက်ကုန်းတံံတားတို့ မိုင်းခွဲခံရမှုများ ဖြစ်ပေါ်ခဲ့သည်။ 



Photo: CJ

Most Read

Most Recent