အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်ရှိ သချင်္ာပညာရှင်တစ်ဦးဖြစ်သော ဒေါက်တာတွမ်ကရောဖို့ဒ်က ဘောလုံးသမိုင်းတွင် ဂန္ထဝင်အမြောက်ဆုံးကစားသမား (GOAT- Greatest Of All Time) မည်သူဖြစ်သည် ဆိုသည်ကို ရမှတ်များပေးကာ တွက်ချက်ဖော်ပြခဲ့သည်။
ဒေါက်တာတွမ်ကရောဖို့ဒ်က ကစားသမား(၁၀)ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကစားသမားများကို ရမှတ်များပေးရာတွင် မန်ယူအသင်းသို့ တစ်ကျော့ပြန်ရောက်ရှိလာသော ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ရမှတ်အများဆုံးရရှိကာ ထိပ်ဆုံးတွင် ဦးဆောင်နေကြောင်း သိရှိရသည်။
ဒေါက်တာတွမ်ကရောဖို့ဒ်သည် ကစားသမားများအား ရမှတ်ပေးရာ၌ စွမ်းဆောင်ရည်နှင့် အောင်မြင်မှုများအပေါ် အခြေခံခဲ့ပြီး အချက်(၇)ချက်ကို ရမှတ်များပေးကာ တွက်ချက်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုသည် ရမှတ်စုစုပေါင်း (၅၃၇)မှတ်ရရှိကာ ပထမနေရာတွင် ရပ်တည်ခဲ့ပြီး သူ၏နောက် ဒုတိယနေရာ၌ ခေတ်ပြိုင်ကစားသမားတစ်ဦးဖြစ်သူ မက်ဆီက ရမှတ်စုစုပေါင်း(၅၀၃)မှတ်ဖြင့် ရပ်တည်နိုင်ခဲ့သည်။
ဒေါက်တာတွမ်ကရောဖို့ဒ်၏အမှတ်ပေးပုံအရ ဘရာဇီးလ်ဂန္ထဝင်ကစားသမား ပီလီမှာ ရမှတ်စုစုပေါင်း(၄၅၉)မှတ်ဖြင့် စီရော်နယ်လ်ဒို၊ မက်ဆီတို့၏နောက် တတိယနေရာတွင် ရပ်တည်နိုင်ခဲ့သော်လည်း အာဂျင်တီးနားဂန္ထဝင်ကစားသမား မာရာဒိုနာမှာ ရမှတ်စုစုပေါင်း(၁၆၉)မှတ်သာရရှိကာ အဆင့်(၉)နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။
ဒေါက်တာတွမ်ကရောဖို့ဒ်သည် ထိပ်ဆုံးပထမနေရာကို ရယူရမည့် ကစားသမားအနေဖြင့် Ballon d'Or ဆုကို အနည်းဆုံး (၂)ကြိမ်ဆွတ်ခူးနိုင်သည့် ကစားသမားဖြစ်ရမည်ဟု သတ်မှတ်ထားပြီး ယင်းဆုစတင်ချီးမြှင့်သည့် ၁၉၅၆ ခုနှစ်မတိုင်မီက ကစားသမားဖြစ်ခဲ့လျှင်လည်း ယင်းဘောလုံးခေတ်ဦးတွင် ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရမည်ဟု သတ်မှတ်ထားသည်။
ပဏာမရွေးချယ်ထားသော ကစားသမား (၁၀)ဦးအား ရမှတ်အသီးသီး ပေးခဲ့ရာတွင် အမှတ်အနည်းအများလိုက် စီရော်နယ်လ်ဒို၊ မက်ဆီ၊ ပီလီ၊ ပွတ်ရှ်ကပ်စ်၊ ရော်နယ်လ်ဒို(ဒိုကြီး)၊ ဗန်ဘက်စတန်၊ ဒီစတီဖာနို၊ ပလာတီနီ၊ မာရာဒိုနာ၊ ယိုဟန်ခရိုက်ဖ် အစရှိသဖြင့် အစဉ်လိုက်ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ဒေါက်တာတွမ်ကရောဖို့ဒ်သည် ဘောလုံးအားကစားကို အရူးအမူးအားပေးသူ ပရိသတ်တစ်ဦးဖြစ်ပြီး သူ၏မိတ်ဆွေသူငယ်ချင်းများနှင့် ဂန္ထဝင်အမြောက်ဆုံးကစားသမား မည်သူဖြစ်သည်ဆိုသည်ကို အစဉ်အမြဲအငြင်းပွားနေရ၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဂန္ထဝင်အမြောက်ဆုံး ကစားသမားအဖြစ်သတ်မှတ်ရန် အမှတ်ပေးသည့် အချက် (၇)ချက်
(၁) ပြည်တွင်းနှင့် ပြည်ပကလပ်အသင်းပြိုင်ပွဲများတွင် ကလပ်အသင်းနှင့်အတူ ဆုဖလားရယူနိုင်မှု (ပြိုင်ပွဲများအား UEFA
၏ Coefficient သတ်မှတ်ချက်အပေါ်အခြေခံပြီး အမှတ်ပေးသည်။)
(၂) နိုင်ငံလက်ရွေးစင်အသင်းနှင့်အတူ အဓိကဆုဖလားများ ရယူနိုင်မှု (အမှတ်ပေးပုံ - ကမ္ဘာ့ဖလားချန်ပီယံ = ၁၅၀ မှတ်၊
ကိုပါ၊ ယူရိုကဲ့သို့ တိုက်ကြီးများအလိုက်ပြိုင်ပွဲချန်ပီယံ= ၁၀၀ မှတ်)(ယင်းပြိုင်ပွဲများတွင် ရွှေဖိနပ်ဆုကဲ့သို့သော တစ်ဦးချင်း
ဆုတံဆိပ်များရရှိပါက ရမှတ်ပိုပေးသည်။)
(၃) ကလပ်အသင်းအတွက် ဂိုးသွင်းယူနိုင်မှု
(၄) နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းယူနိုင်မှု
(၅) Ballon d'Or ဆုအတွက် မဲပေးရာတွင် မဲရရှိမှုအခြေအနေ
(၆) တစ်ဦးချင်းထူးချွန်ဆုများရယူဆွတ်ခူးနိုင်မှု (ကလပ်အသင်းအတွက်ဖြစ်စေ၊ နိုင်ငံအသင်းအတွက်ဖြစ်စေ ကစားရာမှ
ရရှိသည့် စွမ်းဆောင်ရည်ဆုများ)
(၇) အသင်းများအား အောင်မြင်မှုရရှိစေရန် မည်ရွေ့မည်မျှ (မိမိသွင်းယူသောသွင်းဂိုးကြောင့်) စွမ်းဆောင်ပေးသည် ဆိုသည်
ကို အမှတ်ပေးတွက်ချက်ခြင်း။