ဧရာဝတီမြစ်ရေ မြင့်တက်သဖြင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မြို့နယ်အချို့တွင်  ကမ်းပါးပြိုခြင်းနှင့် အနိမ့်ပိုင်း ရပ်ကွက်များ ရေဝင်ခြင်းကြောင့် ဒေသခံများကို ရွှေ့ပြောင်းပေးနေရ

ဧရာဝတီမြစ်ရေ မြင့်တက်သဖြင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) မြို့နယ်အချို့တွင်  ကမ်းပါးပြိုခြင်းနှင့် အနိမ့်ပိုင်း ရပ်ကွက်များ ရေဝင်ခြင်းကြောင့် ဒေသခံများကို ရွှေ့ပြောင်းပေးနေရ
ရေဝင်နစ်မြုပ်ရာ နေရာတစ်ခုရှိ ဒေသခံများ၏ ပစ္စည်းများကို ရွှေ့ပြောင်းပေးနေစဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)
ရေဝင်နစ်မြုပ်ရာ နေရာတစ်ခုရှိ ဒေသခံများ၏ ပစ္စည်းများကို ရွှေ့ပြောင်းပေးနေစဉ် (ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန)
Published 6 September 2021
ဝေလင်း

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီခရိုင်နှင့် ပြည်ခရိုင် ဧရာဝတီကမ်းနားရှိ မြို့နယ်အချို့တွင်  မြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းပါးပြိုခြင်း၊ ရေဝင်နစ်မြုပ်ခြင်းများ ဖြစ်ပေါ်လာမှုကြောင့် ယင်းဒေသများရှိ ဒေသခံများအား ရွှေ့ပြောင်းပေးနေရကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန် ကြေညာထားသည်။

ပြည်ခရိုင် ရွှေတောင်မြို့နယ် ကြာနီကန် ရပ်ကွက်နှင့် ယွန်းတန်းရပ်ကွက်တို့ရှိ အနိမ့်ပိုင်း နေအိမ်များသို့ စက်တင်ဘာ ၄ ရက်မှ စတင်ကာ ဧရာဝတီမြစ်ရေ ဝင်ရောက်လာခဲ့ပြီး အိမ်ထောင်စု ခြောက်စုအား ရေလွတ်ရာ ရွှေမျက်မှန် ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့ ပို့ဆောင်ခဲ့ရကြောင်း၊ ထို့ပြင် သာယာဝတီမြို့နယ် စံရွေးကျေးရွာတွင် မြစ်မခမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ ပျက်စီးခဲ့သည့် နေအိမ် ခုနစ်လုံးကိုလည်း ရေဘေးလွတ်ရာ ဆွေမျိုးများထံသို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း ဖော်ပြထားသည်။

“ရွှေတောင်မြို့ထဲက ရပ်ကွက်တွေကတော့ ကျွန်တော်တို့ ခါတိုင်းဖြစ်နေကျ ရပ်ကွက်ထဲက အနိမ့်ပိုင်း အိမ်တွေပါပဲ။ သူက ချောင်းနဲ့ မြစ် ဆုံတဲ့နေရာတစ်ဝိုက်မှာ နေထိုင်တဲ့ သူတွေပေါ့။ သူက မြစ်ရေ မြင့်လာတာနဲ့ ရေဝင်တာပဲ။ ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်”ဟု ရွှေတောင်မြို့ခံတစ်ဦးက ပြောကြားသည်။

အလားတူ သာယာဝတီခရိုင် မိုးညိုမြို့နယ် ရှားတောကျွန်းကျေးရွာအုပ်စု အောင်မင်္ဂလာကျေးရွာတွင်လည်း ဧရာဝတီမြစ်ရေ ဝင်ရောက်ပြီး ကမ်းပါးပြိုကျနေသည့်အတွက် အိမ်ထောင်စု ၁၃ စုအား ရေဘေးလွတ်ရာ ရှားတောကျွန်း အမက (ခွဲ) စာသင်ကျောင်းနှင့် အောင်မင်္ဂလာဓမ္မာရုံသို့ ပြောင်းရွှေ့ ပေးထားရကြောင်း၊ ရွှေ့ပြောင်းပေးမှုများအား သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မီးသတ်ဦးစီးဌာန နယ်မြေ မီးသတ်စခန်းများရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent