ပစ်မှတ်ခြောက်ခုကို တစ်ပြိုင်တည်း ပစ်နိုင်စွမ်းရှိသည့် ရေဒါပျောက်တိုက်လေယာဉ်သစ် The Checkmate ကို ရုရှား ထုတ်ဖော်မိတ်ဆက်

ပစ်မှတ်ခြောက်ခုကို တစ်ပြိုင်တည်း ပစ်နိုင်စွမ်းရှိသည့် ရေဒါပျောက်တိုက်လေယာဉ်သစ် The Checkmate ကို ရုရှား ထုတ်ဖော်မိတ်ဆက်
ဇူလိုင်လ ၂၀ ရက်က မော်စကိုမြို့ အပြင်ဘက် ဇူကော့ဗ်စကီးမြို့ရှိ MAKS ၂၀၂၁ လေကြောင်းပြပွဲတွင် ရုရှား၏ Sukhoi Checkmate တိုက်လေယာဉ်ကို တွေ့ရစဉ် (Photo:AFP)
ဇူလိုင်လ ၂၀ ရက်က မော်စကိုမြို့ အပြင်ဘက် ဇူကော့ဗ်စကီးမြို့ရှိ MAKS ၂၀၂၁ လေကြောင်းပြပွဲတွင် ရုရှား၏ Sukhoi Checkmate တိုက်လေယာဉ်ကို တွေ့ရစဉ် (Photo:AFP)
Published 21 July 2021
Ref: AFP

ရုရှားသည် ဇူလိုင်၂ဝရက်တွင် ၎င်း၏ဆူခွိုင်း ကိုယ်ပျောက်တိုက်လေယာဉ်ကို ထုတ်ဖော်ပြသခဲ့သည်။ ထိုတိုက်လေယာဉ်သည် ပစ်မှတ်ခြောက်ခုကို တစ်ပြိုင်တည်း ပစ်ခတ်နိုင်မည်ဖြစ်ပြီး အမေရိကန်၏ F-35 တိုက်လေယာဉ်ကို ပြိုင်ဆိုင်နိုင်မည်ဖြစ်သည်။

မော်စကိုအပြင်ဘက်တွင် ပြုလုပ်ခဲ့သော နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် လေကြောင်းပြပွဲမတိုင်မီ The Checkmate ဟု နာမည်ပေးထားသော ယင်းတိုက်လေယာဉ်ကို သမ္မတ ဗလာဒီမာ ပူတင်ကို အရင်ဆုံး ပြသခဲ့ရာ ပူတင်သည် ကျေနပ်နေသည်ဟု ဆိုသည်။

ရေဒါရှောင်ကွင်းနိုင်သော ဂျက်တိုက်လေယာဉ်ကို လွန်ခဲ့သည့်နှစ် မေလတွင် ထုတ်လုပ်ခဲ့သည်ဟု သတင်းများ ဦးစွာ ထွက်ပေါ်ခဲ့သည်။ လေယာဉ်ကို အမြန်ဆုံး ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု မိတ်ဆက် ဗီဒီယိုအရ သိရသည်။

တိုက်လေယာဉ်ကို ကာကွယ်ရေးနှင့် နည်းပညာကုမ္ပဏီကြီး ရော့စတက်နှင့် ရုရှားအစိုးရက ထိန်းချုပ်ထားသော United Aircraft Corporation တို့က ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ယခင်က သတင်းအချက်အလက် အနည်းငယ် ထွက်ပေါ်ခဲ့သည်။

“ ဒီလေယာဉ်အတွက် ကျွန်တော်တို့ရဲ့ တာဝန်ကတော့ ၂၀၂၆ ကစပြီး ဖောက်သည်တွေကို အလုံးအရင်းနဲ ့ရောင်းချပေးသွားဖို့ပဲ ဖြစ်ပါတယ်။” ဟု United Aircraft Corporation ၏ အထွေထွေညွှ့န်ကြားရေးမှူး ယူရီဆလိုင်ယူဆာက ပြောကြားခဲ့သည်။

တိုက်လေယာဉ်သည် ပဥ္စမမြောက်မျိုးဆက် အပေါ့စားအင်ဂျင်တစ်လုံးတပ် လေယာဉ်ဖြစ်ပြီး AI နည်းပညာအပါအဝင် ဆန်းသစ်တီထွက်မှုများကို ပေါင်းစပ်ထားသည်ဟု ရော့စတက်က ပြောကြားသည်။

လေယာဉ်သည် ပြင်းထန်သည့် အီလက်ထရွန်းနစ်နှောင့်ယှက်မှုများ ရှိနေသည့် အခြေအနေများတွင်ပင် မြေပြင်၊ ဝေဟင်နှင့် ရေပြင်ရှိ ပစ်မှတ်ခြောက်ခုအထိကို တစ်ပြိုင်တည်းတိုက်ခိုက်နိုင်စွမ်းရှိဟု ထုတ်လုပ်သူများက ပြောကြားခဲ့သည်။

စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၅ သန်းနှင့် သန်း ၃၀ ကြား (ယူရို ၂၁ သန်းနှင့် ၂၅ သန်း) ရှိနေခြင်းနှင့်အတူ တိုက်လေယာဉ်သည် ဒရုန်းများကိုသယ်ဆောင်နိုင်ပြီး ပျံသန်းနေစဉ်အတွင်း အဆိုပါဒရုန်းများကို ပစ်လွှတ်ပေးနိုင်သည်။

F-35 တိုက်လေယာဉ်ထက်စျေးနှုန်း ခုနှစ်ဆပိုနည်းသဖြင့် နောက်လာမည့် ၁၅ နှစ်တွင် အထူးသဖြင့် အရှေ့အလယ်ပိုင်း၊ အာရှ၊ လက်တင်အမေရိကတို့မှ အမှာ ၃၀၀ နီးပါးရရှိမည်ဟု မျှော်လင့်ထားကြောင်း ယူရီဆလိုင်ယူဆာက ပြောကြားသည်။

တိုက်လေယာဉ်သည် မျိုးဆက်ငါးခု ပြည်ပလေယာဉ်ကို ဖျက်ဆီးနိုင်စွမ်းရှိပြီး လာမည့် ဆယ်စုနှစ်များတွက် ထွက်ပေါ်လာဖွယ်ရှိသည် ဆဌမမျိုးဆက်စနစ်သုံး လေယာဉ်များ၏တိုက်ခိုက်မှုကိုခံနိုင်ရည်ရှိသည်ဟု ၎င်းက ပြောသည်။

ရုရှားသည် တောင်ပိုင်း လေ့ကျင့်ရေး ဒုံးပစ်ကွင်းတွင် မိမိ၏ S-500 လေကြောင်း ကာကွယ်ရေး ဒုံးကျည်စနစ်သစ်ကို အောင်မြင်စွာ စမ်းသပ်ခဲ့သည်ဟု ဇူလိုင် ၂၀ ရက်တွင် ပြောကြားလိုက်ခဲ့သည်။ ယခု ဒုံးခွင်းဒုံးစနစ် တီထွင်မှုသည် နှစ်ပေါင်းများစွာ အချိန်နောက်ကျခဲ့သည်။

Most Read

Most Recent