စီးပွားရေးလုပ်ရာတွင် နိုင်ငံရေးရည်ရွယ်ချက်မပါသောကြောင့် မြန်မာနိုင်ငံ၌ ဆက်လက်လုပ်ကိုင်သွားမည်ဟု ဂျပန် ကူဘိုတာကုမ္ပဏီဥက္ကဋ္ဌ ပြောကြား

စီးပွားရေးလုပ်ရာတွင် နိုင်ငံရေးရည်ရွယ်ချက်မပါသောကြောင့် မြန်မာနိုင်ငံ၌ ဆက်လက်လုပ်ကိုင်သွားမည်ဟု ဂျပန် ကူဘိုတာကုမ္ပဏီဥက္ကဋ္ဌ ပြောကြား
Published 19 July 2021
Ref:Nikkei

ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက် မြန်မာနိုင်ငံ၌  လာရောက်လုပ်ကိုင်နေသည့် ပြည်ပလုပ်ငန်းများ လုပ်ငန်းဆက်မလုပ်ကြတော့ဘဲ ထွက်ခွာသွားခဲ့သော်လည်း ဂျပန်စက်ယန္တရားပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီ ကူဘိုတာကမူ မြန်မာတွင်ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

တပ်မတော်က နိုင်ငံတော်အာဏာကို လွှဲပြောင်းရယူခဲ့သည် နှစ်ဝက်နီးပါးရှိခဲ့ပြီးနောက် နော်ဝေဆက်သွယ်ရေးလုပ်ငန်း တယ်လီနောနှင့် ဂျပန်ဘီယာကုမ္ပဏီကီရင်တို့သည် မြန်မာနိုင်ငံက ၎င်းတို့၏လုပ်ငန်းများကို ရောင်းချခဲ့ကြသည်။

ပြည်ပကုမ္ပဏီတစ်ခုသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားမည်ဆိုပါက ၎င်းလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တည်ဆောက်ထားသည့် စီးပွားရေးလုပ်ငန်းနှင့် ၎င်း၏ရင်းနှီးမြုပ်နှံမှုကို လက်လွှတ်ဆုံးရှုံးရမည့် အန္တရာယ် ရှိနေသည်။

တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၌ စီးပွားရေးဆက်လုပ်နေခြင်းအား နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဒီမိုကရေစီလိုလားသည့် ပြည်သူများအနေဖြင့် အဆိုပါကုမ္ပဏီကို မြန်မာ့တပ်မတော်အား ထောက်ခံသူအဖြစ် မြင်နေကြပြီး ကုမ္ပဏီ၏အမှတ်တံဆိပ်ကို ထိခိုက်စေနိုင်သည့်အခြေအနေဖြစ်သည်။

ဂျပန်ကုမ္ပဏီ ကူဘိုတာကမူ ပြည်ပနိုင်ငံများတွင် စီးပွားရေးလုပ်နေသည့် အတွေ့အကြုံ အများအပြားရှိနေခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံ၌အခြေအနေသည်  ယခုကဲ့သို့ဆိုးရွားသွားမည်ဟု မည်သည့်အခါကမျှ မျှော်လင့်မထားကြောင်း Nikkei သတင်းစာနှင့် အင်တာဗျူးတွင် ကုမ္ပဏီဥက္ကဋ္ဌ ယူချီကီတာအိုက ပြောကြားခဲ့သည်။

ကူဘိုတာသည် နိုင်ငံ ၁၂၀ ကျော်တွင် လုပ်ငန်းများလုပ်ကိုင်နေခြင်းဖြစ်ပြီး ကုမ္ပဏီစုစုပေါင်းဝင်ငွေ၏ ရာခိုင်နှုန်း ၇၀ ခန့်သည် ပြည်ပမှ ရရှိနေခြင်းဖြစ်သည်။

မြန်မာတွင် စီးပွားရေးလုပ်ရခြင်းသည် လွန်ခဲ့သည့်လအနည်းငယ်၌ အခက်အခဲများစွာကြုံရကြောင်း ၎င်းကပြောကြားသည်။ စက်ယန္တရားများသယ်လာသည့် ကွန်တိန်နာများသည် အကောက်ခွန်တွင် အချိန်ကြာနေခြင်းမျိုးဖြစ်ခဲ့၍ ပစ္စည်းများမပိုပေးနိုင်ခြင်းမျိုးများ ရှိခဲ့သည်ဟုဆိုသည်။

ထို့အပြင် ဘဏ်များပြန်ဖွင့်နေသော်လည်း ငွေသားပြတ်လပ်နေပြီး ငွေထုတ်မရသည့် လယ်သမားများကို ရောင်း၍မရသည့် အနေအထားဖြစ်နေသည်ဟု ဆိုသည်။

“ကူဘိုတာဟာ ကွန်တိန်နာနဲ့ ပစ္စည်းပို့တာတွေကို မေလကစပြီး တဖြည်းဖြည်းပြန်လည်စတင်ခဲ့တယ်” ဟု ယူချီကီတာအိုက ပြောကြားသည်။

မြန်မာနိုင်ငံမှ ယန်း ၁၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၅၅ သန်း) ခန့်ရရှိနေခြင်းဖြစ်၍ ကူဘိုတာကုမ္ပဏီတစ်ခုလုံး၏ ဝင်ငွေကို အနည်းငယ်သာ သက်ရောက်သည်ဟု ဆိုသည်။

ကူဘိုတာလုပ်ငန်းအားလုံး၏ ဝင်ငွေစုစုပေါင်းသည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် စာရင်းပိတ်သည့် တစ်နှစ်စာအတွက် ယန်း ၁ ဒသမ ၈၅ ထရီလီယံရှိခဲ့ခြင်းဖြစ်သည်။

သို့သော် မြန်မာလယ်သမားများသည် ကူဘိုတာစက်ယန္တရားများကို စောင့်နေကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်လာခဲ့ပြီးနောက်ပိုင်း စက်မှုလယ်ယာအတွက် ဝယ်လိုအား သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ၎င်းကပြောကြားသည်။

ကူဘိုတာသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်နေခြင်းသည် နိုင်ငံရေးရည်မှန်းချက် ရှိမနေကြောင်း ယင်းကုမ္ပဏီဥက္ကဋ္ဌက ပြောကြားသည်။

“ကိုယ့်စီးပွားရေးကိုယ် ဆက်လက်လုပ်နေရုံသာဖြစ်တယ်” ဟု ယူချီကီတာအိုက Nikkei ကိုပြောကြားခဲ့သည်။

ကူဘိုတာသည် ၁၉၅၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံနှင့်စတင်ခဲ့သည့် ဆက်ဆံရေးများကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။

Most Read

Most Recent