COVID-19 ကူးစက်မှု ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၅ ရက်အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာ

COVID-19 ကူးစက်မှု ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၅ ရက်အထိ အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် ကြေညာ
Published 14 July 2021

၂၀၂၁ ခုနှစ် ဇူလိုင် ၁၇ ရက်မှ ဇူလိုင် ၂၅ ရက်အထိ အများပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်ကြော်ငြာစာအမှတ်(၂၁၁/၂၀၂၁)အား ယနေ့(ဇူလိုင် ၁၄ ရက်) ည ပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါကြေညာချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက COVID-19 ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ် ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက်များနှင့် ဆက်စပ်နေသည့် ကြားရက်နှစ်ရက်ဖြစ်သည့် ဇူလိုင် ၂၀ ရက်နှင့် ဇူလိုင် ၂၂ ရက်တို့ကို  အများပြည်သူ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၇ ရက်၊ ဇူလိုင် ၁၈ ရက်နှင့် ဇူလိုင် ၁၉ ရက်တို့သည် (စနေနေ့၊ တနင်္ဂနွေနေ့နှင့် အာဇာနည်နေ့)ဖြစ်ပြီး ဇူလိုင် ၂၁ ရက်သည် အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)နေ့ဖြစ်ကာ ဇူလိုင် ၂၃ ရက်၊ ဇူလိုင် ၂၄ ရက် နှင့် ဇူလိုင်၂၅ ရက်တို့သည် (ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နှင့် စနေနေ့၊ တနင်္ဂနွေနေ့) အများပြည်သူအလုပ်ပိတ်ရက်များဖြစ်ကြကြောင်း ကြေညာချက်တွင်ပါရှိသည်။  

သို့ဖြစ်၍ COVID-19 ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြားရက်များဖြစ်သော ဇူလိုင် ၂၀ ရက်နှင့် ဇူလိုင် ၂၂ ရက်တို့ကို အများပြည်သူအလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ကာ ဇူလိုင်လ ၁၇ ရက်မှ ဇူလိုင် ၂၅ ရက်အထိ တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်ရှည်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေ ပုဒ်မ ၂၅ အရ ကြေညာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာတွင်ပါရှိသည်။

ယင်းရုံးပိတ်ရက်ကာလအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာဟန့်တားနိုင်ရေးအတွက် အများပြည်သူများအနေဖြင့် မိမိနေအိမ် သို့မဟုတ် အဆောင်များတွင်သာနေထိုင်ရန်နှင့် တာဝန်နှင့် နာရေးမှအပ ခရီးသွားလာခြင်း မပြုလုပ်ရန်၊ မရှိမဖြစ် အခြေခံလိုအပ်ချက်များဖြစ်သည့် စက်သုံးဆီ၊ သောက်သုံးရေသန့်၊ သားငါးနှင့် အခြေခံစားသောက်ကုန်များ ရောင်းချသည့်ဆိုင်များသာ ဖွင့်လှစ်ရောင်းချသွားရန်၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ရောင်းချသွားရန်၊ စားသောက်ဆိုင်များအနေဖြင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်၊ အစိုးရဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ဆေးခန်းများ၊ မဖြစ်မနေ နေအိမ်မှ ထွက်ခွာသွားရောက်ရမည့်ကိစ္စရပ်များ ပေါ်ပေါက်ပါက ပါးစပ်၊ နှာခေါင်းစည်း Mask အပါအဝင် လိုအပ်သော ရောဂါကာကွယ်ရေး အစီအမံများမဖြစ်မနေ ဝတ်ဆင်ရန်၊ COVID-19 နှင့် ပတ်သက်၍ထုတ်ပြန်သည့် စည်းကမ်းချက်များကို တိကျစွာလိုက်နာရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent