တရုတ်၊ ရုရှား၊ အီရန်နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီ ၃၄ ခုကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်

တရုတ်၊ ရုရှား၊ အီရန်နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီ ၃၄ ခုကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်
အိမ်ဖြူတော်ဝင်းအတွင်းရှိ မီးလုံးတိုင်တွင် ဆင်ယင်ထားသော အမေရိကန်အလံနှင့်တရုတ်အလံတို့ကို ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်
အိမ်ဖြူတော်ဝင်းအတွင်းရှိ မီးလုံးတိုင်တွင် ဆင်ယင်ထားသော အမေရိကန်အလံနှင့်တရုတ်အလံတို့ကို ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ်
Published 10 July 2021
Ref:AFP

တရုတ်စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်ခြင်း၊ ဝီဂါမွတ်စလင်လူနည်းစုများအပေါ် ဖိနှိပ်သောမူဝါဒကို အထောက်အပံ့ပေးခြင်း၊ ရုရှားနှင့်အီရန်သို့ ပို့ကုန်များ လွယ်လွယ်ကူကူ တင်ပို့နိုင်ရန် ပံ့ပိုးပေးခြင်းတို့တွင် ပါဝင်နေသည့် ကုမ္ပဏီနှင့်အခြားသောစီးပွားရေး လုပ်ငန်းအဖွဲ့အစည်း ၃၄ ခုကို အရေးယူပိတ်ဆို့မှုများ ချမှတ်ကြောင်း အမေရိကန်က ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုလုပ်ငန်းအဖွဲ့အစည်းများသည် နိုင်ငံခြားရေးမူဝါဒများနှင့် ကွဲလွဲဆန့်ကျင်နေ သော လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ခြင်း သို့မဟုတ် ပူးပေါင်းပါဝင်ရန် အလားအလာ ရှိနေခြင်း၊ အမေရိကန်၏အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ထိခိုက်စေမည့် လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ခြင်း သို့မဟုတ် ပူးပေါင်းပါဝင်ရန် အလားအလာရှိနေခြင်းတို့ကြောင့် စီးပွားရေးပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကုန်သွယ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရေးယူပိတ်ဆို့မှုလုပ်ဆောင်ခဲ့သော ကုမ္ပဏီ ၁၄ ခုမှာ တရုတ်တွင်အခြေစိုက်ပြီး ထိုကုမ္ပဏီ ၁၄ ခုသည် တရုတ်အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင် နေထိုင်သော ဝီဂါနှင့်အခြားသော လူနည်းစုများကို ဖိနှိပ်သည့်မူဝါဒတွင် ပါဝင်ပတ်သက်နေကြောင်း၊ တရုတ်အစိုးရသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားချင်းစာနာထောက်ထားမှုကို ဆန့်ကျင်သော ရာဇဝတ်မှုများကို ဆက်လုပ်ဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်ကုမ္ပဏီငါးခုမှာ တရုတ်စစ်တပ်ကို ခေတ်မီစေရန်အတွက် လေဆာလက်နက်များနှင့် အခြားသောနည်းပညာများကို တရုတ်စစ်တပ်ရရှိစေရန် ပံ့ပိုးကူညီမှုတွင် ပါဝင်နေသည်ဟု ဆိုသည်။

အီရန်သို့ အမေရိကန်၏နည်းပညာများ ပေးပို့မှုအတွက် လုပ်ငန်းအဖွဲ့အစည်းရှစ်ခုကို ပိတ်ဆို့အရေးယူခဲ့ပြီး ကျန်လုပ်ငန်း အဖွဲ့အစည်းခုနစ်ခုကိုမူ ရုရှားစစ်တပ်နှင့် ပတ်သက်ဆက်နွှယ်မှုအတွက် အမည်ပျက်စာရင်းသွင်းခဲ့ကြောင်း ကုန်သွယ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။

“တရုတ်၊ အီရန်၊ ရုရှားကဲ့သို့ နိုင်ငံတွေမှာ လုပ်ဆောင်နေတဲ့ အဖျက်အမှောင့်လုပ်ငန်းတွေအတွက် အမေရိကန်မှ မူလအရင်းခံတဲ့ ပစ္စည်းတွေကို အသုံးပြုနိုင်ဖို့ ကြိုးပမ်းပေးမှုမှာ တာဝန်ရှိတဲ့ အစိုးရအဖွဲ့တွေ၊ ကုမ္ပဏီတွေ၊ လူတစ်ဦး၊ တစ်ယောက်ချင်းစီကို ကိုင်တွယ်ဖို့ ပို့ကုန်ထိန်းချုပ်ရေးစည်းမျဉ်းတွေကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန် ဆက်လက်အသုံးပြုသွားမှာ ဖြစ်ပါတယ်” ဟု ကုန်သွယ်ရေးဝန်ကြီးဌာနမှ အတွင်းရေးမှူး ဂီနာရိုင်မွန်ဒိုက ဆိုသည်။

ကုမ္ပဏီ ၄၃ ခုကို စီးပွားရေးပိတ်ဆို့အ ရေးယူမှုလုပ်ဆောင်ခဲ့ပြီးနောက် ဇူလိုင်၉ ရက်တွင် အမေရိကန်နှင့်ပြင်သစ်အကြား အထူးတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် လမ်းပြမြေပုံသစ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

အယ်ကေဒါနှင့် IS အဖွဲ့တို့ကဲ့သို့ စစ်သွေးကြွအဖွဲ့များ၏ ခြိမ်းခြောက်မှုကို ဆန့်ကျင်တိုက်ဖျက်ရန် နိုင်ငံတကာ၏အားထုတ်မှုများ ရရှိအောင်ကြိုးပမ်းသည့်အနေဖြင့် ပင်တဂွန်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရင့်စ်ပါလေတို့က ထိုလမ်းပြမြေပုံသစ်ကို လက်မှတ်ရေးထိုး သဘောတူခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent