ပူတင်နှင့် အစည်းအဝေးပြုလုပ်ရန် ဂျာမနီနှင့် ပြင်သစ်တို့၏ တိုက်တွန်းချက်ကို ဥရောပသမဂ္ဂခေါင်းဆောင်များ ငြင်းပယ်

ပူတင်နှင့် အစည်းအဝေးပြုလုပ်ရန် ဂျာမနီနှင့် ပြင်သစ်တို့၏ တိုက်တွန်းချက်ကို ဥရောပသမဂ္ဂခေါင်းဆောင်များ ငြင်းပယ်
ဇွန်လ ၂၄ ရက်က ဘရပ်ဆဲလ်မြို့ရှိ ဥရောပကောင်စီ အဆောက်အအုံတွင် ပြုလုပ်ခဲ့သည့် အီးယူအစည်းအဝေးကို တွေ့ရစဉ်
ဇွန်လ ၂၄ ရက်က ဘရပ်ဆဲလ်မြို့ရှိ ဥရောပကောင်စီ အဆောက်အအုံတွင် ပြုလုပ်ခဲ့သည့် အီးယူအစည်းအဝေးကို တွေ့ရစဉ်
Published 25 June 2021
Ref:AFP

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစည်းအဝေးများပြန်လည်ပြုလုပ်ရန် ဂျာမနီနှင့်ပြင်သစ်တို့၏ တိုက်တွန်းချက်ကို ငြင်းပယ်ခဲ့သည်ဟု ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်များက ဇွန်လ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ရုရှား၏ ရန်လိုမှုများအပေါ် စိုးရိမ်နေကြသည့် အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ပြင်းထန်သည့် ဆန့်ကျင်ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယင်းကဲ့သို့ ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ပူတင်တို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တော်တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဂျာမနီနှင့် ပြင်သစ်တို့ကလည်း ပူတင်နှင့် အစည်းအဝေးများ ပြန်လည်ပြုလုပ်ရန် အီးယူအဖွဲ့ဝင်နိုင်ငံများအား အဆိုပြုခဲ့သည်။

သို့သော်လည်း အီးယူအဖွဲ့ဝင်နိုင်ငံအများအပြား အထူးသဖြင့် ဥရောပအရှေ့ပိုင်းဒေသမှ နိုင်ငံများသည် ယင်းအဆိုပြုချက်ကို ကန့်ကွက်ခဲ့ပြီး ရုရှားအစိုးရ၏ ရန်လိုမှုများကို မပြောင်းလဲမီအချိန်တွင် အစည်းအဝေးပြုလုပ်မည့် အဆိုပြုချက်ကို အလွန်အမင်းသတိထားနေကြသည့် အနေအထားတွင်ရှိသည်။

“ဒီနေ့မှာ အဆိုပြုချက်ကို သဘောတူဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ကျွန်မတို့အနေနဲ့ ထိပ်သီးပိုင်းအဆင့် ဆွေးနွေးပွဲကို ချက်ချင်းပြုလုပ်သင့်ပါတယ်” ဟု ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာမာကယ်က ဘရပ်ဆဲလ်မြို့တွင် အီးယူခေါင်းဆောင်များအကြား အချေအတင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပြောကြားခဲ့သည်။

စက်တင်ဘာလတွင် ၎င်း၏ရာထူးနေရာအား ဆက်ခံမည့်သူကို ရွေးချယ်မည့် ရွေးကောက်ပွဲမတိုင်မီ ပြုလုပ်သည့် အီးယူအစည်းအဝေးသည် မာကယ်အတွက် နောက်ဆုံးအကြိမ်တက်ရောက်မှု ဖြစ်လာနိုင်ပြီး အီးယူခေါင်းဆောင်များသည် ရုရှားနှင့်ဆွေးနွေးပွဲ ပုံစံတစ်ခုဖော်ဆောင်ပြီး ယင်းကိုထိန်းသိမ်းရန် သဘောတူညီခဲ့ကြသည်ဟု မာကယ်ကဆိုသည်။

“ဒီအစည်းအဝေးမှာ ကျယ်ပြန့်တဲ့ အစီအစဉ်တစ်ရပ်ကို အရမ်းမြင်ချင်ခဲ့တယ်။ ဒါပေမယ့် အခုနည်းလမ်းဟာလည်း ကောင်းနေတာကြောင့် ကျွန်မတို့ အဲဒါကို ဆက်လက်လုပ်ဆောင်သွားကြမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

လစ်သူယေးနီးယား သမ္မတဂီတာနက်စ် နော့စီဒါကလည်း အီးယူနှင့် ရုရှားအကြား ခေါင်းဆောင်ပိုင်းအဆင့် အစည်းအဝေးများ ရှိလာလိမ့်မည်မဟုတ်ဟု ပြောကြားခဲ့ပြီး ၎င်း၏စိတ်ကျေနပ်မှုကို ဖော်ပြခဲ့သည်။

“ရုရှားနှင့် ကျွန်တော်တို့ကြားက ဆက်ဆံရေးအခြေအနေဟာ ယိုယွင်းနေတာကို ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ ရုရှားရဲ့ပြုမူလုပ်ဆောင်ပုံမှာ ရန်လိုတဲ့ပုံစံအသစ်တွေ ရှိနေတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ထားပါတယ်” ဟု နော့စီဒါက ပြောကြားခဲ့သည်။

ခရိုင်းမီးယားဒေသကို ရုရှားကသိမ်းယူခဲ့ပြီးနောက် ရုရှားနှင့်အီးယူကြား တင်းမာနေသည့် ဆက်ဆံရေးကို လျှော့ချပေးနိုင်ဖွယ်ရှိသည့် အီးယူအစည်းအဝေးအတွင်း အဆိုပြုချက်ကို ပူတင်က ထောက်ခံခဲ့သည်ဟု ရုရှားအစိုးရက ပြောကြားခဲ့သည်။

အီးယူအကြီးအကဲများနှင့် ပူတင်အကြား နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့သည့် အစည်းအဝေးမှာ ၂၀၁၄ ခုနှစ်အစောပိုင်းကဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ပူတင်သည် ဥရောပသမဂ္ဂတစ်ခုလုံးနှင့်မဟုတ်ဘဲ အဖွဲ့ဝင်တစ်နိုင်ငံချင်းစီနှင့်သာ ဆွေးနွေးခဲ့သည်။           

Most Read

Most Recent