ပိုလန်နိုင်ငံရေးသမားများ ဆိုက်ဘာတိုက်ခိုက်ခံရမှုသည် ရုရှားနှင့်ဆက်နွှယ်မှုရှိဟု ပိုလန်အစိုးရ ပြောကြား

ပိုလန်နိုင်ငံရေးသမားများ ဆိုက်ဘာတိုက်ခိုက်ခံရမှုသည် ရုရှားနှင့်ဆက်နွှယ်မှုရှိဟု ပိုလန်အစိုးရ ပြောကြား
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ပြင်သစ်နိုင်ငံတွင် ပြုလုပ်သည့် ၁၁ ကြိမ်မြောက် နိုင်ငံတကာဆိုက်ဘာလုံခြုံရေးဖိုရမ်တွင် ကွန်ပျူတာအသုံးပြုနေသူများအား တွေ့ရစဉ်
၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ပြင်သစ်နိုင်ငံတွင် ပြုလုပ်သည့် ၁၁ ကြိမ်မြောက် နိုင်ငံတကာဆိုက်ဘာလုံခြုံရေးဖိုရမ်တွင် ကွန်ပျူတာအသုံးပြုနေသူများအား တွေ့ရစဉ်
Published 19 June 2021
Ref:AFP

မကြာသေးမီက ပိုလန်နိုင်ငံ၏ ထိပ်သီးနိုင်ငံရေးသမားများအား ပစ်မှတ်ထားသည့် အကြီးစားဆိုက်ဘာတိုက်ခိုက်မှုသည် ရုရှားနိုင်ငံအတွင်းမှ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပိုလန်ဒုတိယဝန်ကြီးချုပ် ဂျာရိုစလောကာ ဇင်စကီးက ဇွန်လ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ မဟာမိတ်နိုင်ငံတွေက ထောက်လှမ်းရေးအဖွဲ့တွေရဲ့ လေ့လာသုံးသပ်မှုအရ အဲဒီဆိုက်ဘာတိုက်ခိုက်မှုတွေဟာ ရုရှားနိုင်ငံပိုင်နယ်နိမိတ်အတွင်းက လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း ပြတ်ပြတ်သားသားပြောနိုင်ပါတယ်” ဟု ကာဇင်စကီးက အစီရင်ခံစာ ထုတ်ပြန်ပြီး ပြောကြားခဲ့သည်။

ပိုလန်၏ ထိပ်သီးအရာရှိများ၊ ဝန်ကြီးများနှင့် လွှတ်တော်အမတ်များသည် ဆိုက်ဘာတိုက်ခိုက်မှုများ၏ အဓိကပစ်မှတ်များ ဖြစ်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

ပိုလန်ဝန်ကြီးချုပ် မတ်တူရှ် မိုရာယက်စ်ကီကလည်း ပိုလန်၏ ထောက်လှမ်းရေးအဖွဲ့သည် ရုရှားနှင့်ဆက်နွှယ်မှုရှိသူများလက်တွင်းသို့ ကျရောက်ခဲ့သည့် နစ်နာသူများ၏ အချက်အလက်များကို လုံခြုံစိတ်ချစေရန် လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်သည့် ပိုလန်နိုင်ငံ၏ လွှတ်တော်အမတ်များသည် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြောကြားခဲ့သည့်  ‘အလွန်ထူးခြားသည့် ဆိုက်ဘာတိုက်ခိုက်မှု’ ဟူသည့်အကြောင်းအရာအပေါ် ဆွေးနွေးရန် ဇွန်လ ၁၆ ရက်က တံခါးပိတ်အစည်းအဝေး ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ပိုလန်၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အကြီးအကဲ မီဟယ်ဗော်ချက်၏ ပုဂ္ဂိုဟ်ရေးသုံးစွဲသည့် အီးမေးအကောင့်ကို တစ်စုံတစ်ဦးက ဟက်ခဲ့သည်ဟု ဆိုသည်။

ယင်းအကောင့်မှ အီးမေးအချို့ကို ဟက်ကာများက Telegram တွင် တင်ပြခဲ့သည်။ ဗော်ချက်ကမူ ၎င်း၏ အီးမေးတွင် လျှို့ဝှက်အဆင့် အစိုးရမှတ်တမ်းများမရှိကြောင်း ငြင်းဆိုခဲပြီး Telegram တွင်တင်ထားသည့် အီးမေးများသည် လုပ်ကြံဖန်တီးထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ပိုလန် ဒုတိယဝန်ကြီးချုပ် ကာဇင်စကီးကမူ ဆိုက်ဘာတိုက်ခိုက်မှုများ၏ ရည်ရွယ်ချက်သည် ပိုလန်နိုင်ငံကို တည်ငြိမ်မှုပျက်ပြားစေရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်က ယူကရိန်း၏ ခရိုင်းမီးယားဒေသကို ရုရှားက သိမ်းပိုက်မှု၊ ဘီလာရုစ် အာဏာရှင် အလက်ဇန်းဒါး လူကာရှန်ကိုအား ရုရှားအစိုးရက ထောက်ခံပေးမှုတို့ အပါအဝင် အခြားပြဿနာများဖြင့် ပိုလန်နှင့်ရုရှားကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။

ရုရှားနိုင်ငံသည် အနောက်နိုင်ငံများနှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် ဇွန်လ ၁၆ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ယင်းတို့နှစ်ဦး၏တွေ့ဆုံမှုတွင် ဆိုက်ဘာတိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး   ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

အမေရိကန်အစိုးရအတွက် အဓိကစောဒကတက်သည့် အကြောင်းအရာများမှာ ရုရှား၏ဆိုက်ဘာတိုက်ခိုက်မှုများ အထူးသဖြင့် အမေရိကန်ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်မှုနှင့် ယင်းလုပ်ဆောင်ချက်များသည် ရုရှားအစိုးရနှင့်အဆက်အသွယ်ရှိသည့် ဟက်ကာများ သို့မဟုတ် ရုရှားထောက်လှမ်းရေးအဖွဲ့များ၏ လုပ်ဆောင်မှုများဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

သို့သော်လည်း ကမ္ဘာပေါ်တွင် ဆိုက်ဘာတိုက်ခိုက်မှု အများဆုံးလုပ်ဆောင်မှုသည် အမေရိကန်မှဖြစ်သည်ဟု ပူတင်ကအစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

Most Read

Most Recent