မိတ်ဆွေမဟုတ်သော်လည်း ဘုံအကျိုးစီးပွားများကို ရှေးရှုနေသည့် ဘိုင်ဒင်နှင့် ပူတင်

မိတ်ဆွေမဟုတ်သော်လည်း ဘုံအကျိုးစီးပွားများကို ရှေးရှုနေသည့် ဘိုင်ဒင်နှင့် ပူတင်
Photo:AP
Photo:AP
Published 19 June 2021
ရာဇ

ဇွန်လ ၁၆ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင်ပြုလုပ်ခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတဂျိုးဘိုင်ဒင်တို့၏ အစည်းအဝေးတွင် ပူတင်သည် ၎င်း၏တင်းမာသည့်သဘောထားကိုမပြခဲ့ဘဲ  စိတ်ဓာတ်စစ်ဆင်ရေးပြုလုပ်ခဲ့သည့် အရိပ်အယောင်များလည်း မတွေ့ခဲ့ရပေ။

ယင်းအစား ပူတင်သည် ၎င်း၏သက်တမ်းအတွင်း ငါးဦးမြောက်အမေရိကန်သမ္မတနှင့် ပထမဆုံးအကြိမ်တွေ့ဆုံသည့် အစည်းအဝေးတွင် အပြန်အလှန်လေးစားမှုဖြင့်သာ ဆွေးနွေးခဲ့ကြပြီး  နှစ်နိုင်ငံဆက်ဆံရေးတွင် တင်းမာမှုများရှိနေသည့်တိုင် ယင်းအစည်းအဝေးသည် ပိုမိုခန့်မှန်းနိုင်ပြီး အပြုသဘောဆောင်ခဲ့ကြောင်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးလုံးက ပြောကြားခဲ့သည်။

ယခင်အမေရိကန်သမ္မတများနှင့်မတူသည့်အချက်မှာ ဘိုင်ဒင်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန် မျှော်လင့်မှုနှင့် ပတ်သက်ပြီး မည်သည့်အကြံကိုမျှပေးခဲ့ခြင်းမရှိဘဲ အမေရိကန်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်မှု၊ Colonial Pipeline နှင့် အခြားအမေရိကန် အခြေခံအဆောက်အအုံများကို ဆိုက်ဘာတိုက်ခိုက်မှုနှင့် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီအား အဆိပ်ဖြင့်တိုက်ခိုက်မှု၊ ဖမ်းဆီးအကျဉ်းချမှုတို့နှင့် ပတ်သက်ပြီး ယခင်ကတည်းက ရုရှားနိုင်ငံအပေါ် ဖိအားများတိုးမြှင်းခဲ့ပြီးဖြစ်သည်။

၎င်းတို့နှစ်ဦးတွေ့ဆုံသည့် အစည်းအဝေးမတိုင်မီက ဘိုင်ဒင်သည်ပူတင်အား လူသတ်သမားတစ်ဦးအဖြစ် သုံးနှုန်းခဲ့မှုအပါအဝင် အစောပိုင်းမှတ်ချက်စကားများတွင် ပူတင်သည်ထိုက်တန်သည့် ပြိုင်ဘက်တစ်ဦးဟု ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးတွေ့ဆုံသည့် အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ ၎င်းတို့နှစ်ဦး၏ ဘုံအကျိုးစီးပွားများ မည်သည့်နေရာတွင်ရှိသည်ဆိုခြင်းကို သိရှိရလိမ့်မည်ဟု ဘိုင်ဒင်ကပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်က ဟယ်လ်ဆင်ကီမြို့တွင် ယင်းအချိန်က အမေရိကန်သမ္မတအဖြစ် အနိုင်ရရှိခဲ့သည့် ဒေါ်နယ်ထရန့်နှင့် အစည်းအဝေးပြုလုပ်ခဲ့သည့် ပူတင်ကမူဘိုင်ဒင်သည် အလွန်အတွေ့အကြုံရှိသည့် နိုင်ငံရေးသမားဖြစ်ပြီး သုံးနာရီကျော်ကြာပြုလုပ်ခဲ့ သည့် ဆွေးနွေးမှုများတွင် အလွန်ခဲကတ်သည့် အသေးစိတ်ကျသည့်အကြောင်းအရာများကို ပြောဆိုနိုင်စွမ်းရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

“ဘိုင်ဒင်ဟာ ယေဘုယျအားဖြင့် အပြုသဘောဆောင်တဲ့ ဆက်ဆံရေးမျိုးကို လိုလားသူတစ်ဦးပါ။ သူဟာပူတင်ကို မိတ်ဆွေတစ်ဦးအဖြစ် ယူဆမထားပါဘူး” ဟု နိုင်ငံရေး အကြံပေးအဖွဲ့ဖြစ်သည့် Eurasia Group မှ ဥက္ကဌ အီယန်ဘရမ်မာက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင်းပင်အပေါ်ထားရှိသည့် သဘောထားကဲ့သို့ ဘိုင်ဒင်သည် ၎င်းတို့အား ယုံကြည်ခြင်းမရှိသော်လည်း ရုရှားအနေဖြင့် ၎င်း၏အကျိုးစီးပွားအတွက် လုပ်ဆောင်လိမ့်မည်ဟု ဘိုင်ဒင်ကမျှော်လင့်ထားပြီး အမေရိကန်နှင့်ရုရှားကြား အကျိုးစီးပွားအချို့သည် တစ်ချိန်တည်းတစ်နေရာတည်းတွင် ရှိနေပြီး ယင်းတို့အား ပူးပေါင်းလုပ်ဆောင်သင့်သည်ဟု ဘရမ်မာက ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေး၏ စမ်းသပ်ချက်သည် နောက်ဆက်တွဲအနေဖြင့် လိုက်ပါလာလိမ့်မည်ဟု ၎င်းကဆိုသည်။

“ရုရှားက ဟက်ကာတွေက Colonial Pipeline ကို ဆိုက်ဘာတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မျိုးနဲ့ အခြား ransomware တိုက်ခိုက်မှု ဖြစ်စဉ်တွေဟာ လာမယ့်သုံးလအတွင်း နည်းပါးလာမှာကို ကျွန်တော်တွေ့ချင်ပါတယ်။ ဒါဟာတကယ့်ကို အရေးကြီးပါတယ်” ဟု ဘရမ်မာက ပြောကြားခဲ့သည်။

အနာဂတ်အတွက် အုတ်မြစ်

ပူတင်ကမူ ၎င်း၏သတင်းစာရှင်းလင်းပွဲတွင် ဆိုက်ဘာတိုက်ခိုက်မှုစွဲချက်များတွင် ရုရှားပါဝင်ခြင်းမရှိကြောင်း ငြင်းပယ်လိုသည့်ပုံဖြင့် ဆိုက်ဘာရာဇဝတ်မှုများနှင့်ပတ်သက်ပြီး ကတိပြုပြောကြားခြင်းများမရှိခဲ့သော်လည်း ဘိုင်ဒင်ကမူပူတင်အနေဖြင့် ရုရှား၏လုပ်ရပ်များအတွက် အကျိုးဆက်များရှိသည်ကို သိရှိနားလည်လိမ့်မည်ဟု ပြောကြားခဲ့ပြီး သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် ရုရှား၏မြို့တော်များတွင် ၎င်းတို့၏သက်ဆိုင်ရာ သံအမတ်များပြန်လည် ထားရှိမည်ဖြစ်ပြီး သံတမန်များသည် အကျဉ်းသားများ လွတ်မြောက်ရေးကို လုပ်ဆောင်သွားမည်ဟု ခေါင်းဆောင်များက ပြောကြားခဲ့သည်။

“အဲဒီလိုလုပ်ဆောင်မှုတွေဟာ ဘယ်လောက်အထိ ကောင်းလာမလဲဆိုတာ မသေချာပေမယ့် ပိုပြီးဆိုးရွားတဲ့အခြေအနေမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီဆိုးရွားတဲ့ အခြေအနေမျိုးတွေထဲမှာ တစ်ဦးနဲ့တစ်ဦး နာမည်တပ်ပြီး ပြောဆိုသုံးနှုန်းတာတွေ၊ ဟန်လုပ်တာတွေ၊ ပြစ်တင်ပြောဆိုတာတွေလည် ပါဝင်လာနိုင်ပါတယ်” ဟု ၀ါရှင်တန်ရှိ Texas A&M’s Bush School of Government and Public Service မှ ပါမောက္ခတစ်ဦးဖြစ်ပြီး Wilson Center’s Kennan Institute မှ ရုရှားအရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ယူဗယ်ဝက်ဘာက ပြောကြားခဲ့သည်။

စစ်အေးကာလနှင့်မတူသည့်အချက်မှာ ယင်းအချိန်ကအမေရိကန်နှင့် ဆိုဗီယက်ခေါင်းဆောင်များသည် နျူကလီးယားလက်နက်များကဲ့သို့ အဓိကအရေးကိစ္စများနှင့် ပတ်သက်ပြီး သဘောတူစာချုပ်များကို အတူတကွလက်မှတ်ရေးထိုးခဲ့ကြသည်။

ဘိုင်ဒင်နှင့်ပူတင်မှာမူ ယင်းအောင်မြင်မှုများကို မည်သည့်အခါမျှ မျှော်လင့်ခြင်းမရှိခဲ့ကြောင်း ဝက်ဘာကဆိုသည်။

“သူတို့ (ဘိုင်ဒင်နှင့်ပူတင်) စိတ်ထဲမှာ ရှိတာကတော့ စကားပြောဆိုဆွေးနွေးမှုတွေကို ဆက်လက်ထိန်းသိမ်းဖို့ လူချင်းတွေ့ပြီး စကားပြောတာလောက်ပဲဖြစ်ပါတယ်” ဟု ဝက်ဘာက ပြောကြားခဲ့သည်။

ပူတင်သည် အလွန်အကဲဆတ်သည့် ပုဂ္ဂိုလ်အဖြစ် လူသိများပြီး ၎င်းအပေါ်မှတ်ချက်ပေးခဲ့သည့် ဘိုင်ဒင်၏ ကနဦးမှတ်ချက်စကားကြောင့် နေမထိထိုင်မသာဖြစ်ခဲ့ရပုံပေါ်သည်ဟု ဝက်ဘာကဆိုသည်။

ဘိုင်ဒင်က ပူတင်သည် “ထိုက်တန်သည့် ပြိုင်ဘက်” တစ်ဦးဖြစ်ပြီး ရုရှားသည် အင်အားကြီးနိုင်ငံဖြစ်သည်ဟု မှတ်ချက်ပေးခဲ့ကာ နောက်ပိုင်းတွင်မူ ပူတင်နားလည်လွယ်မည့် အကြောင်းအရာများကိုပြောကြားသည့် မဟာဗျူဟာကို ကျင့်သုံးခဲ့သည်။

အမေရိကန် ပါတီနှစ်ရပ်ကွဲပြားမှု

ယခင်အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားလက်ထက်တွင်မူ ပူတင်အား ဒေါသထွက်စေရန်ပြောကြားခဲ့ပြီး ယူကရိန်းတွင် ခွဲထွက်ရေးများကို ထောက်ပံ့ပေးနေသည့် ရုရှားသည် ဒေသတွင်းအင်အားကြီး နိုင်ငံဖြစ်သော်လည်း အားစိုက်လုပ်ဆောင်ခြင်းမရှိဘဲ အားနည်းချက်များရှိသည်ဟု ပြောကြားခဲ့သည်။

သို့သော်လည်း အိုဘားမားသည် ယခင်အမေရိကန်သမ္မတများနည်းတူ ရုရှားနှင့် ဆက်ဆံရေးပြန်လည်ထိန်းသိမ်းရန် မျှော်လင့်ခဲ့သည်။ ပူတင်နှင့် ၂၀၀၁ ခုနှစ်တွင်တွေ့ဆုံခဲ့သည့် အမေရိကန်သမ္မတဟောင်း ဂျော့ချ်ဒဗလျူကမူ သူသည်ပူတင်၏စိတ်နှလုံး၏ အာရုံခံနိုင်စွမ်းရှိသည်ဟု ပြောကြားခဲ့သည်။

ထရန့်ကမူ ၂၀၁၈ ခုနှစ်တွင် ပူတင်နှင့် အစည်းအဝေးပြုလုပ်ခဲ့စဉ်က ၎င်းသည်ပူတင်အား လေးစားကြောင်းပြောကြားခဲ့သဖြင့် ၎င်း၏ရီပတ်ဘလစ်ကန်ပါတီအတွင်း ဝေဖန်မှုများကိုခံခဲ့ရသည်။

ယခုတွင်လည်း ရီပတ်ဘလစ်ကန်များသည် ဂျီနီဗာအစည်းအဝေးနှင့်ပတ်သက်ပြီး ဘိုင်ဒင်ကို ဝေဖန်တိုက်ခိုက်ခဲ့ပြီး ဘိုင်ဒင်အနေဖြင့် ယခုထက်ပိုပြီး ထိပ်တိုက်တွေ့ခဲ့သင့်သည်ဟု ပြောကြားခဲ့သည်။

“အစည်းအဝေးတွေဟာ ရလဒ်တွေထွက်ရှိဖို့ လုပ်တာဖြစ်ပါတယ်” ဟု အထက်လွှတ်တော် ပြည်ပဆက်ဆံရေးကော်မတီမှ ရီပတ်ဘလစ်ကန်တစ်ဦးဖြစ်သူ ဂျင်ရစ်ချ်က ပြောကြားခဲ့ပြီး ပူတင်နှင့်ဘိုင်ဒင်တို့တွေ့ဆုံမှုတွင် ထွက်ပေါ်လာသည့်အကြောင်းအရာများမှာ စိတ်ပျက်ဖွယ်ကောင်းသည်ဟု ဝေဖန်ခဲ့သည်။

သို့သော်လည်း အထက်လွှတ်တော်မှ ဒီမိုကရက်တစ်ဦးဖြစ်သည့် ဘော့ဘ်မန်နီဒက်ကမူ ပူတင်သည်ပူတင်အား အမှန်တရားကို ဒဲ့တိုးပြောခဲ့သည်ဟု ချီးကျူးခဲ့သည်။

“ဒါဟာ ပူတင်အတွက် အမှန်တရားကို ပြန်လည်သုံးသပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့အရာပဲဖြစ်ပါတယ်။ ထရန့်လက်ထက်က ရုရှားအစိုးရကို မြှောက်စားထားတဲ့အခြေအနေကနေ ရုန်းထွက်လာနိုင်တဲ့အပေါ် ကြိုဆိုရမှာဖြစ်ပါတယ်” ဟု မန်နီဒက်က ပြောကြားခဲ့သည်။

Most Read

Most Recent