ယူကရိန်းအသင်းဂျာစီနှင့်ပတ်သက်၍ UEFA ထံ ရုရှားကန့်ကွက်စာပေးပို့ခဲ့ပြီး နိုင်ငံရေးသဘောဆောင်သည့် စာတန်းများ ဖယ်ရှားပေးရန် UEFA ဆုံးဖြတ်

ယူကရိန်းအသင်းဂျာစီနှင့်ပတ်သက်၍ UEFA ထံ ရုရှားကန့်ကွက်စာပေးပို့ခဲ့ပြီး နိုင်ငံရေးသဘောဆောင်သည့် စာတန်းများ ဖယ်ရှားပေးရန် UEFA ဆုံးဖြတ်
Photo: Reuters
Photo: Reuters
Published 11 June 2021

ရုရှားဘောလုံးအဖွဲ့ချုပ်သည် ရုရှားနိုင်ငံအစိုးရ၏ညွှန်ကြားချက်ဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ထံ ကန့်ကွက်စာပေးပို့ခဲ့ပြီး ယူကရိန်းအသင်းဝတ်စုံပေါ်တွင် ယူကရိန်းမြေပုံ ထည့်သွင်းခဲ့ရာ၌ ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေသည့် ခရိုင်းမီးယားဒေသ ပါဝင်နေခြင်းအတွက်ဖြစ်ကြောင်း သိရှိရသည်။

    

ရုရှားဘောလုံးအဖွဲ့ချုပ်က ယင်းဝတ်စုံ ဝတ်ဆင်ကစားခြင်းကို ကန့်ကွက်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယူကရိန်း၏လုပ်ရပ်သည် UEFA က ချမှတ်ထားသည့် အခြေခံစည်းမျဉ်းများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ဟုလည်း ဆိုခဲ့သည်။ 

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံ၏ နယ်မြေတစ်ခုဖြစ်သည့် ခရိုင်းမီးယားကျွန်းဆွယ်ဒေသကို ၂၀၁၄ ခုနှစ်က ၎င်းတို့အပိုင်အဖြစ် တိုက်ခိုက်သိမ်းပိုက်ယူခဲ့ခြင်းဖြစ်ပြီး၊ ယခု ယူကရိန်းက ၎င်းတို့ဝတ်စုံပေါ်ရှိ မြေပုံတွင် ခရိုင်းမီးယားဒေသကိုပါ ထည့်သွင်းရေးဆွဲ ထားခြင်းမှာ ရန်စခြင်းဖြစ်သည်ဟု ယူဆနေသည်။

    

ယူကရိန်းဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ အန်ဒရေပါဗယ်လ်ကိုသည် ယင်းဝတ်စုံကို ယူရိုပြိုင်ပွဲစတင်ရန် ရက်ပိုင်းသာလိုတော့ချိန်တွင် သူ၏ Faceboo Page ၌ ဗီဒီယိုဖိုင်တင်ကာ ပြသခဲ့ခြင်းဖြစ်သည်။

ယူကရိန်းမြေပုံကို ဂျာစီအရှေ့ ရင်ဘတ်နေရာတွင် အသားတံဆိပ်ဖြင့် ထည့်သွင်းထားခြင်းဖြစ်ပြီး ဂျာစီ နောက်ကျောဘက်တွင်လည်း "ယူကရိန်းအတွက်အောင်ပွဲ"၊ "သူရဲကောင်းများအတွက်အောင်ပွဲ"ဆိုသည့် စာတန်းများကို ရေးထိုးထားသည်။

    

ယင်းစာတန်းများသည် ရုရှားနှင့် တင်းမာမှုများဖြစ်နေသည့် ယူကရိန်းစစ်တပ်၏ တရားဝင်ကြွေးကြော်သံများဖြစ်ပြီး ၂၀၁၄ ခုနှစ်က ရုရှားယိမ်း ယူကရိန်းသမ္မတ ယာနူကိုဗစ်ချ်ကို ဖြုတ်ချရာတွင် အသုံးပြုခဲ့သည့် ကြွေးကြော်သံများလည်းဖြစ်သည်။ 

ယူကရိန်းလက်ရွေးစင်အသင်း၏ နည်းပြဖြစ်သလို၊ ဂန္ထဝင်ကစားသမားဟောင်းတစ်ဦးလည်းဖြစ်သည့် ရှက်ဗ်ချင်ကိုက ယူကရိန်းအသင်း ဂျာစီနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံ၏ ထင်မြင်ယူဆချက်များကို ဂရုစိုက်နေမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့တွင် အခြေစိုက်သည့် အမေရိကန်သံရုံးကလည်း တရားဝင် Twitter စာမျက်နှာတွင် "ဝတ်စုံသစ်က ကြည့်လို့ကောင်းတယ်"ဆိုသည့် Tweet ကို ပြုလုပ်ခဲ့သည်။ 

    

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ဖြစ်သူ မာရီယာဇာခါရိုဗာကမူ "မဖြစ်နိုင်တာကို မျှော်လင့်နေသေးတယ်"ဟု ဆိုခဲ့ပြီး၊ ယူကရိန်းဂျာစီပါ ကြွေးကြော်သံသည် အမျိုးသားရေးအစွန်းရောက်မှုကို မြင်တွေ့ရသည့် နာဇီဆန်ဆန် ကြွေးကြော်သံတစ်ခုဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။ 

UEFA ကမူ ဝတ်စုံ နှင့်ပတ်သက်ပြီး ယူကရိန်းအသင်း၏ တင်ပြချက်များသည် ပြည့်စုံမှုရှိကြောင်းနှင့် စည်းမျဉ်းချိုးဖောက်မှုမရှိသည့်အတွက် မိမိတို့ခွင့်ပြုထားပြီးဖြစ်ကြောင်း BBC ကို အတည်ပြုခဲ့သည်။ သို့သော် UEFA သည် နိုင်ငံရေးသဘောဆန် သည့် စာတန်းများကိုမူ ဖယ်ရှားပေးရန် ယူကရိန်းဘောလုံး အဖွဲ့ချုပ်ထံ ညွှန်ကြားထားကြောင်း သိရသည်။

Most Read

Most Recent