ချန်ပီယံလိဂ်နှင့် လာလီဂါချန်ပီယံဆုများကို စိန်ခေါ်ရန် ဘာစီလိုနာကို ပြန်လည်တည်ဆောက်ရမည်ဟု လာပေါ်တာ ဆို

ချန်ပီယံလိဂ်နှင့် လာလီဂါချန်ပီယံဆုများကို စိန်ခေါ်ရန် ဘာစီလိုနာကို ပြန်လည်တည်ဆောက်ရမည်ဟု လာပေါ်တာ ဆို
Photo: Barca Universal
Photo: Barca Universal
Published 20 May 2021

ဘာစီလိုနာအသင်း၏ဥက္ကဋ္ဌဖြစ်သူ လာပေါ်တာက မိမိတို့အနေဖြင့် ဘာစီလိုနာအသင်းအား ချန်ပီယံလိဂ်နှင့် လာလီဂါပြိုင်ပွဲများတွင် ချန်ပီယံဆုများကို စိန်ခေါ်နိုင်သည့်အသင်းအဖြစ် ပြန်လည်တည်ဆောက်ရမည်ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းသည် ယခုရာသီ စပိန်ဘုရင့်ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော်လည်း အခြားပြိုင်ပွဲများတွင် ရလဒ်များဆိုးရွားခဲ့သည်။

ဘာစီလိုနာအသင်းသည် အဓိကပြိုင်ပွဲများဖြစ်သည့် လာလီဂါပြိုင်ပွဲတွင် ပွဲစဉ်(၃၇)အပြီး၌ ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်ခဲ့ရသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် PSG အသင်းကို ရှုံးနိမ့်ကာ ရှုံးထွက် (၁၆)သင်းအဆင့်မှ ထွက်ခွာခဲ့ရသည်။

ထို့ကြောင့် လာပေါ်တာက ယခုရာသီတွင် ဘာစီလိုနာအသင်း၏ စွမ်းဆောင်ရည်အပေါ် နားမလည်နိုင်အောင်ဖြစ်ရကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုများကို အလျင်အမြန်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လာပေါ်တာက ''ဘာစီလိုနာအသင်းရဲ့ လည်ပတ်မှုက အဆုံးသတ်လုနီးပါးဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အသင်းလည်ပတ်ဖို့အတွက် လုပ်ငန်းစဉ်တွေ လုပ်ဆောင်သွားရမှာပါ။ နောက်တစ်ပတ်ကစပြီး ကျွန်တော်တို့အနေနဲ့ အသင်းအတွက် ဘယ်လိုကြီးကြီးမားမားပြောင်းလဲမှုတွေ ပြုလုပ်ရမယ်ဆိုတာကို စတင်ပြီးဆုံးဖြတ်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ်နဲ့ လာလီဂါပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အသင်းဖြစ်အောင် အစွမ်းကုန်ပြန်လည်တည်ဆောက်ရမှာပါ။ ဘာစီလိုနာအသင်းအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မဖြစ်မနေပြုလုပ်ရတော့မှာဖြစ်ပါတယ်။ စပိန်ဘုရင့်ဖလားရခဲ့တာကို ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ စောစောစီးစီးထွက်ခဲ့ရတာ၊ လာလီဂါမှာ ရုန်းကန်ခဲ့ရတာတွေကို ကျွန်တော့်အနေနဲ့ နားမလည်နိုင်အောင်ဖြစ်ရပါတယ်''ဟု ပြောကြားခဲ့သည်။

လာပေါ်တာ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းကြောင့် အသင်းနည်းပြ ရော်နယ်လ်ကိုးမန်း၏အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခဲ့ကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။

ထို့ပြင် ဘာစီလိုနာအသင်းသည် ကစားသမားအများစုကိုလည်း ရောင်းချသွားဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။ 

Most Read

Most Recent