စီးရီးအေအသင်းများအနေဖြင့် မတ်လအတွက် ပေးချေရမည့်လစာငွေများကို မေလအစား ဇွန်လတွင် နောက်ဆုံးထားပေးချေရန် FIGC သတ်မှတ်

စီးရီးအေအသင်းများအနေဖြင့် မတ်လအတွက် ပေးချေရမည့်လစာငွေများကို မေလအစား ဇွန်လတွင် နောက်ဆုံးထားပေးချေရန် FIGC သတ်မှတ်
Photo: FIGC
Photo: FIGC
Published 20 May 2021

ဘဏ္ဍာရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် စီးရီးအေကလပ်အသင်းများအနေဖြင့် မတ်လအတွက် ကစားသမားများကို ပေးချေရမည့်  လစာငွေများကို မေလအစား ဇွန်လတွင် နောက်ဆုံးထားပေးချေရန် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC) က သတ်မှတ်ပေးခဲ့သည်။

FIGC တာဝန်ရှိသူများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အခက်ကြုံနေရသည့် စီးရီးအေကလပ်အသင်းများကို ကူညီရန် မတ်လအတွက် ကစားသမားများကို ပေးချေရန်ရှိသည့် လစာငွေများကို မေလအစား ဇွန်လတွင် နောက်ဆုံးထားပေးချေရန် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းသည် ကစားသမားများကို (၂)လစာမယူရန် တောင်းဆိုခဲ့သလို၊ အခြားစီးရီးအေကလပ်အသင်းများမှာလည်း ဘဏ္ဍာရေးအကျပ်အတည်းနှင့် ဆိုးရွားစွာရင်ဆိုင်နေရကြောင်း သိရသည်။

Corriere dello Sport ၏ ဖော်ပြမှုအရ စီးရီးအေထိပ်တန်းအသင်းတစ်သင်းဖြစ်သည့် ဂျူဗင်တပ်စ်အသင်းမှာလည်း အသင်းကစားသမားများ၏ (၄)လစာကို ပေးချေရခြင်းမရှိသေးဘဲ ရွှေ့ဆိုင်းထားဆဲဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါသတင်းများကို ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက ငြင်းဆန်ထားပြီး ၎င်းတို့အနေဖြင့် ပုံမှန်လစာရရှိနေကြောင်း ပြောကြားခဲ့သည်။

စီးရီးအေကလပ်အသင်းများသည် မတ်လ၊ ဧပြီလ၊ မေလနှင့် ဇွန်လအတွက် ကစားသမားများကို ပေးချေရမည့်လစာငွေများနှင့်ပတ်သက်ပြီး အခက်အခဲကြုံတွေ့ရပြီး အီတလီကစားသမားများအစည်းအရုံးထံ (၂)လစာလျှော့ချခွင့်ပေးရန် တောင်းဆိုမှုများလည်းရှိခဲ့သည်။

စီးရီးအေအသင်းများသည် ကပ်ဘေးကြောင့် ဝင်ငွေလျော့ကျနေပြီး လာမည့်ရာသီတွင် ဒေဝါလီခံရမည့်အသင်းများပင် ရှိလာနိုင်ကြောင်း Finanza က ဖော်ပြခဲ့သည်။ 

Most Read

Most Recent