ပြီးခဲ့သည့် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ကာဒစ်ဇ် - ဗလင်စီယာပွဲတွင် ဗလင်စီယာအသင်း၏ နောက်ခံလူ ဒီယာခါဘီ လူမျိုးရေးခွဲခြားခံခဲ့ရသောကြောင့် ဗလင်စီယာကစားသမားများသည် အဆိုပါပွဲကို ဆက်မကစားဘဲ ကွင်းပြင်သို့ ထွက်ခွာ၍ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
သို့သော် အချိန်အတန်ကြာ ညှိနှိုင်းပြီးနောက် ယင်းပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်ခဲ့ပြီး ပွဲအပြီးတွင် ကာဒစ်ဇ်အသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဗလင်စီယာအသင်း၏ နောက်ခံလူ ဂါယာက "ဒီယာခါဘီက သူ့ကို လူမျိုးရေးခွဲခြားပြီး စော်ကားပြောဆိုခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကွင်းပြင်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီပွဲကို ဆက်မကစားခဲ့ရင် သူတို့ (၃)မှတ် ရသွားမှာဖြစ်တဲ့အပြင် ကျွန်တော်တို့လည်း အမှတ်လျှော့ပြစ်ဒဏ်တွေ ထပ်ပြီးကျခံရနိုင်တာကြောင့် ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တာပါ"ဟု ပြော ကြားခဲ့သည်။
အဆိုပါအဖြစ်အပျက်ကြောင့် ယင်းပွဲကို ပွဲချိန်မိနစ်(၂၀)ဝန်းကျင်တွင် ခေတ္တရပ်နားထားခဲ့ရပြီး (၁၅)မိနစ်ခန့်ကြာမှ ပြန်လည်ယှဉ်ပြိုင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
စပိန်မီဒီယာများ၏ အဆိုအရ ယင်းပွဲတွင် ကာဒစ်ဇ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော ဟွမ်ကာယာက ဒီယာခါဘီကို လူမျိုးရေးခွဲခြားသည့်စကားလုံးဖြင့် စော်ကားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာဒစ်ဇ်အသင်းက ပထမပိုင်းအပြီးတွင် ၎င်းကို လူစားလဲခဲ့ကြောင်းလည်း သိရသည်။
ဒီယာခါဘီမှာလည်း ယင်းဖြစ်ရပ်ကြောင့် ဆက်ကစားလိုခြင်းမရှိသည့်အတွက် လူစားလဲခံခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဗလင်စီယာအသင်းက "အသင်းရဲ့ ဂုဏ်သိက္ခာအတွက် ပွဲကို ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ တာပါ။ ဒါပေမဲ့ ဘယ်လို လူမျိုးရေးခွဲခြားမှုမျိုးကိုမဆို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ ကစားသမားတွေရဲ့ အပြုအမူအတွက်လည်း ထောက်ခံပါတယ်"ဟု လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။















