ကျန်းမာရေးလမ်းညွှန်ချက် ချိုးဖောက်၍ အမျိုးသမီးများနှင့် ပါတီဆင်နွှဲသည့် ဂျူဗင်တပ်စ်ကစားသမားများ ခြိမ်းခြောက်ခံရ

ကျန်းမာရေးလမ်းညွှန်ချက် ချိုးဖောက်၍ အမျိုးသမီးများနှင့် ပါတီဆင်နွှဲသည့် ဂျူဗင်တပ်စ်ကစားသမားများ ခြိမ်းခြောက်ခံရ
Photo: RT
Photo: RT
Published 5 April 2021

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျန်းမာရေးလမ်းညွှန်ချက် ချိုးဖောက်၍ အမျိုးသမီးများနှင့်ပါတီပွဲဆင်နွှဲသည့် ဂျူဗင်တပ်စ်ကစားသမားများကို ပရိသတ်များက ခြိမ်းခြောက်စာ ရေးသားခဲ့ကြကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းကွင်းလယ်လူ မက်ကန်နီး၏ နေအိမ်တွင် ပြုလုပ်သည့် ပါတီပွဲသို့ ဒီဘားလားနှင့် အာသာတို့ တက်ရောက်ခဲ့ကြောင်း အတည်ပြုနိုင်ပြီး ယင်းကစားသမားများကို ဂျူဗင်တပ်စ်နည်းပြ ပီယာလိုက ပွဲကစားခွင့် မပေးဘဲ အရေးယူထားသည်။

အီတလီမီဒီယာများ၏ ဖော်ပြချက်အရ မက်ကန်နီး၏နေအိမ်ပါတီပွဲသို့ တက်ရောက်ခဲ့သည်မှာ ဒီဘားလားနှင့် အာသာတို့နှစ်ဦးတည်းမဟုတ်ဘဲ အခြားဂျူဗင်တပ်စ်ကစားသမားများလည်း ပါဝင်ကြောင်း သိရသည်။

ထို့ကြောင့် စိတ်ပျက်ဒေါသထွက်နေသည့် ဂျူဗင်တပ်စ်အသင်းပရိသတ်များက ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းအိမ်ကွင်း Allianz အပြင်ဘက်တွင် ''မင်းတို့က လူမှုကွန်ရက်၊ စပွန်ဆာနဲ့ ငွေပဲဂရုစိုက်တဲ့ကောင်တွေ  ပွဲရလဒ်ကောင်းအောင်လည်း အာရုံစိုက်ကြဦး'' ဟု အဓိပ္ပာယ်ရသည့် စာများရေးသား၍ ဂျူဗင်တပ်စ်အသင်း ပရိသတ်များက သတိပေးခဲ့သည်။

ဂျူဗင်တပ်စ်အသင်းဘက်က မက်ကန်နီး၏နေအိမ်ပါတီပွဲသို့ ဒီဘားလားနှင့် အာသာအပြင် အခြားဂျူဗင်တပ်စ်ကစားသမားများ တက်ရောက်ခဲ့သည်ဆိုသောသတင်းများကို ငြင်းဆန်ထားသည်။

သို့သော် မက်ကန်နီး၏ အိမ်နီးချင်းများက ပါတီပွဲသို့လာရောက်သူ များစွာရှိပြီး အမျိုးသမီးများလည်း ပါဝင်ခဲ့ကြောင်း သတင်းပေးခဲ့သည်။

မက်ကန်နီး၏ အိမ်နီးချင်းတစ်ဦးက ''ဥပဒေရဲ့အထက်မှာ နာမည်ကျော်ဘောလုံးသမားတွေ ရှိနေတယ်လို့ ကျွန်တော် မတွေးထားမိဘူး။ မက်ကန်နီးရဲ့ ခြံထဲမှာ ကားတွေနဲ့ လူအများကြီး တွေ့ခဲ့ပါတယ်။ ကားတွေက မာစီဒီးစ်၊ ဂျစ်နဲ့ တက္ကစီတွေလည်း ပါတယ်။ ပြီးတော့ မိန်းကလေးငယ်တွေလည်း ရောက်လာပါတယ်'' ဟု  ပြောကြားခဲ့သည်။

အခြားအိမ်နီးချင်းတစ်ဦးကလည်း ''ပါတီပွဲကိုလာတာ  (၁၀)ယောက်ထက် မနည်းပါဘူး။ တချို့ကိုလည်း လက်မခံဘဲ ပြန်လွှတ်လိုက်ပုံရပါတယ်။ မက်ကန်းနီးက လူအေးပါ။ ပရော်ဖက်ရှင်နယ်လည်း ပီသသူပါ။ အိမ်မှာနေရရင် နေ၊ မနေရင် လေ့ကျင့်ရေးကွင်းကိုပဲ အမြဲသွားနေတတ်ပါတယ်။ ကျွန်တော်ကလည်း ဂျူဗင်တပ်စ်အသင်းပရိသတ်ဆိုပေမဲ့ ဒီလိုဖြစ်ရပ်မျိုးအတွက်တော့ စိတ်ပျက်ရပါတယ်။ ပါတီပွဲတွေထက် ဂျူဗင်တပ်စ်ရလဒ်ကောင်းအောင်ပဲ ဂရုစိုက်သင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။

စည်းမျဉ်းချိုးဖောက်ခဲ့သည့် မက်ကန်းနီး၊ ဒီဘားလားနှင့် အာသာတို့ ယူရို (၄၀၀)စီ ဒဏ်ရိုက်ခံထားရကြောင်း သိရသည်။

Most Read

Most Recent