ဗြိတိန်နိုင်ငံတွင် ပရိသတ်များအား စမ်းသပ်ကြည့်ရှုခွင့်ပြုမည့် အားကစားပွဲများထဲ၌ ဝင်ဘလေကွင်းတွင် ကျင်းပမည့် FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်များ ပါဝင်လာကြောင်း သိရသည်။
ဗြိတိန်အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုလျော့ကျလာသည့်အတွက် ဖြေလျှော့မှုများ ပြုလုပ်လာခြင်းဖြစ်ပြီး ဧပြီလမှစ၍ အားကစားပြိုင်ပွဲများတွင် ပရိသတ်များကို ဝင်ရောက်ကြည့်ရှုခွင့်ပြုရန် စီစဉ်ခြင်းဖြစ်သည်။
သို့သော် စမ်းသပ်မှုအဖြစ်သာ သတ်မှတ်၍ ပရိသတ်အရေအတွက် ကန့်သတ်ချက်ဖြင့် ခွင့်ပြုသွားမည်ဖြစ်ပြီး အောင်မြင်စွာ ထိန်းချုပ်နိုင်မှသာ ထပ်တိုးခွင့်ပြုမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်(၂)ပွဲကို ဧပြီ(၁၇)နှင့် (၁၈)ရက်များတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ချယ်လ်ဆီးနှင့် မန်စီးတီး၊ လက်စတာနှင့် ဆောက်သမ်တန်တို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် ဆီမီးဖိုင်နယ်မှာ ဗိုလ်လုပွဲထက်ပင် ပိုမိုစိတ်ဝင်စားစရာကောင်းသည်ဟု သုံးသပ်မှုများ ရှိနေပြီး လန်ဒန်မြို့ခံ ချယ်လ်ဆီးအသင်း၏ ပရိသတ်များက ကွင်းအတွင်း ဝင်ရောက်အားပေးခွင့်ရရန် ဆန္ဒပြင်းပြနေကြောင်းလည်း သိရသည်။
လက်ရှိအချိန်၌ ပရိသတ်အရေအတွက် မည်မျှအထိ ဝင်ရောက်ခွင့်ပြုမည်ဟု အတည်ပြုထုတ်ပြန်ခြင်းမရှိသေးသော်လည်း (၄၀၀၀)အထိ ခွင့်ပြုဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာအချိ့က သုံးသပ်နေကြသည်။
ထို့ပြင် ဧပြီလအတွင်း၌ ယခုကဲ့သို့ စမ်းသပ်ကြည့်ရှုခွင့်ပြုမည့် ဘောလုံးပွဲများကို ပိုမိုမြင်တွေ့လာရဖွယ်ရှိသည်ဟုလည်း ခန့်မှန်းနေကြသည်။















