■ အဇာဘိုင်ဂျန် - ဆားဘီးယား (မြန်မာစံတော်ချိန် မတ်လ ၃၀ ရက် ည ၁ဝး၃၀ နာရီ)
အဇာဘိုင်ဂျန်က ပေါ်တူဂီနဲ့ပွဲတုန်းက တိုက်စစ်ချင်း ယှဉ်မကစားနိုင်ခဲ့ပေမဲ့ တော်တော်လေး ဒုက္ခပေးခဲ့တာတွေ့ရပါတယ်။ ဒီပွဲမှာလည်း ခံစစ်ကိုအားပြုပြီး ဆားဘီးယားဆီက သရေယူဖို့ ကြိုးစားလိမ့်မယ်။ ဆားဘီးယားက ပိုကောင်းတဲ့အသင်းဆိုပေမဲ့
ခက်ခဲမှာပါ။ (၀-၁)လောက်ပဲ ဖြစ်မယ်။
■ လူဇင်ဘတ် - ပေါ်တူဂီ (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၁း၁၅ နာရီ)
ပေါ်တူဂီက စီရော်နယ်လ်ဒိုမကစားရင် ပိုကောင်းသလားဆိုတဲ့ မေးခွန်းတွေ ထွက်လာတာကို တွေ့ရတယ်။ ဒီလိုမေးခွန်းတွေ ထွက်လာရလောက်အောင်လည်း အဇာဘိုင်ဂျန်ကို တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တာမျိုးက ရုပ်ဆိုးပါတယ်။ ဆားဘီးယားနဲ့ပွဲမှာလည်း ဦးဆောင်ဂိုး နှစ်ဂိုးရပြီး ဂိုးထပ်မသွင်းနိုင်ခဲ့ဘဲ သရေကျခဲ့တယ်။ လူဇင်ဘတ်က အားကောင်းတဲ့အသင်းမဟုတ်ဘူး။ ဒါပေမဲ့ အိုင်ယာလန်လိုအသင်းမျိုးကို မထင်မှတ်ဘဲနိုင်ခဲ့တာတော့ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ပေါ်တူဂီ နိုင်သင့်ပါတယ်။ စီရော်နယ်လ်ဒိုလည်း ဝေဖန်မှုတွေကို ပြန်တုံ့ပြန်နိုင်သင့်ပြီလို့ ဆိုရမယ်။

■ ဘယ်လ်ဂျီယံ - ဘီလာရုစ် (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၁း၁၅ နာရီ)
ဥရောပမှာတော့ ဘယ်လ်ဂျီယံလောက် ခြေစွမ်းတည်ငြိမ်တဲ့အသင်း တော်တော်ရှားတယ်။ ပွဲတိုင်းလိုလိုကို စိတ်တိုင်းကျကစားပြီး အနိုင်ယူနေတယ်။ နောက်ဆုံးပွဲမှာ ချက်နဲ့ သရေကျခဲ့ပေမဲ့ နိုင်သင့်တဲ့ပွဲဖြစ်ပြီး စိတ်ကြိုက်ကစားနိုင်ခဲ့တာလည်း တွေ့ရတယ်။ ဘီလာရုစ်လိုအသင်းမျိုးက ဘယ်လ်ဂျီယံအတွက် ဂိုးသွင်းလေ့ကျင့်တဲ့ပွဲမျိုးပဲ ဖြစ်လာမှာပါ။ ဂိုးအများကြီးမပေးရအောင် ခံစစ်ကို ပိတ်ဆို့ပြီး ကစားလာမှာသေချာပေမဲ့ ဘယ်လ်ဂျီယံရဲ့တိုက်စစ်ကို တားဆီးနိုင်မယ်မထင်ဘူး။ ဂိုးပြတ်သွားမယ့်ပွဲပါ။
■ ဝေးလ်စ် - ချက် (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၁း၁၅ နာရီ)
ချက်ရဲ့ခြေစွမ်းက မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်လာတယ်။ အက်စ်တိုးနီးယားကို အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပြီး၊ ဘယ်လ်ဂျီယံကိုလည်း သရေခံကစားခဲ့တယ်။ ဝေးလ်စ်ကလည်း နောက်ဆုံးခြေစမ်းပွဲမှာ မက္ကဆီကိုလိုအသင်းကို အနိုင်ရခဲ့တာ ကျေနပ်စရာပါ။ သရေကျဖို့များတယ်။
■ မွန်တီနီဂရိုး - နော်ဝေ (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၁း၁၅ နာရီ)
နော်ဝေက တော်တော်လေးအထင်ကြီးထားခဲ့ပြီးမှ တူရကီကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးသွားခဲ့တယ်။ အော်ဒီဂွါ၊ ဟော်လန်းတို့လို ကြယ်ပွင့်တွေပါပေမဲ့ အသင်းလိုက်အားနည်းချက်တွေ ရှိတုန်းဆိုတာလည်း တွေ့ရတယ်။ မွန်တီနီဂရိုးက နော်ဝေကို သရေခံကစားနိုင်စွမ်း ရှိပါတယ်။
■ ဂျီဘရော်လ်တာ - နယ်သာလန် (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၁း၁၅ နာရီ)
နယ်သာလန်က သိသိသာသာအားနည်းလာတယ်။ ရော်နယ်လ်ကိုးမန်းလက်ထက်က အသင်းမျိုးမဟုတ်တော့ဘဲ တိုက်စစ်ရော၊ ခံစစ်ပါ အားရစရာမရှိဘူး။ ဂျီဘရော်လ်တာကတော့ နယ်သာလန်အတွက် အခက်အခဲမရှိတဲ့ ပြိုင်ဘက်ဖြစ်နေလို့ ဂိုးပြတ်သွင်းမှာပါ။

■ တူရကီ - လတ်ဗီးယား (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၁း၁၅ နာရီ)
လက်ရှိခြေစွမ်းအရဆိုရင် တူရကီက ကမ္ဘာ့အဆင့်အသင်းကြီးတွေရဲ့ရလဒ်မျိုးဖြစ်နေတယ်။ နယ်သာလန်ကိုလည်း ဂိုးပြတ်၊ နော်ဝေကိုလည်း ဂိုးပြတ်အနိုင်ကစားခဲ့တယ်ဆိုတဲ့ ခြေစွမ်း၊ စိတ်ဓာတ်ပိုင်းက ထိပ်ဆုံးရောက်နေပါပြီ။ လတ်ဗီးယားကို ဂိုးပြတ်သွင်းဖို့လည်း မခက်ပါဘူး။
■ ခရိုအေးရှား - မော်လ်တာ (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၁း၁၅ နာရီ)
တောက်လျှောက် ရှုံးပွဲဆက်နေတဲ့ ခရိုအေးရှားက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့ ဆိုက်ပရပ်စ်ကို အနိုင်ရခဲ့တာတွေ့ ရတယ်။ ဒါပေမဲ့ ကပ်နိုင်ခဲ့တာပါ။ ခရိုအေးရှားရဲ့ ခြေစွမ်းကျဆင်းနေပြီလို့ ဆိုနိုင်တယ်။ မော်လ်တာကိုတော့ အနိုင်ရဖို့ မခက်ဘူးထင်ပါတယ်။ ဂိုးပြတ်ဖို့ကတော့ စိတ်မချရဘူး။
■ ဆလိုဗက်ကီးယား - ရုရှား (မြန်မာစံတော်ချိန် မတ်လ ၃၁ ရက် နံနက် ၁း၁၅ နာရီ)
ဆလိုဗက်ကီးယားက ခြေစစ်ပွဲစဉ် နှစ်ပွဲစလုံးမှာ သရေကျခဲ့ပြီး နှစ်ပွဲစလုံးက ဆိုက်ပရပ်စ်၊ မော်လ်တာတို့လိုအသင်းငယ်တွေပါ။ ဆလိုဗက်ကီးယားခြေ သိသိသာသာကျဆင်းသွားပြီလို့ ပြောရမယ်။ ရုရှားက နိုင်ပွဲတွေ မှန်မှန်ယူနေပြီး ဒီပွဲသာဆက်နိုင်ခဲ့ရင် အခြေအနေပိုကောင်းသွားမှာပါ။ ရုရှားကိုပဲ ကြိုက်တယ်။
■ အခြားပွဲစဉ်
ဆိုက်ပရပ်စ် - ဆလိုဗေးနီးယား*















