မန်ယူအသင်း၏ အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးအသင်းခေါင်းဆောင်အဖြစ် The Sun ပရိသတ်များ၏ မဲပေးရွေးချယ်ခြင်းခံခဲ့ရ ကြောင်း သိရသည်။
ရွိုင်ကင်းသည် မန်ယူအသင်းတွင် ကန်တိုနာ အနားယူသွားပြီးနောက် အသင်းခေါင်းဆောင်အဖြစ် စတင်တာဝန်ပေးခံခဲ့ရပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့စဉ်အတွင်း ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သည်။
မန်ယူအသင်း ဖလား(၃)လုံးချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ရာတွင်လည်း အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် ပရီးမီးယားလိဂ်၏ နာမည်ကျော်အသင်းခေါင်းဆောင်များထဲတွင် အအောင်မြင်ဆုံးလည်းဖြစ်ခဲ့ပြီး ပရိသတ်(၃၆%)က ရွိုင်ကင်းကို ပရီးမီးယားလိဂ်၏ အကောင်းဆုံးအသင်းခေါင်းဆောင်အဖြစ် မဲပေးခဲ့ခြင်းဖြစ်သည်။
The Sun သတင်းစာက အွန်လိုင်းမှတစ်ဆင့် ဆန္ဒမဲကောက်ခံခဲ့ရာ ပရိသတ် (၂၆၀၀)မဲပေးခဲ့ကြပြီး ရွိုင်ကင်းက (၃၆%) ဖြင့် အများဆုံးဖြစ်ခဲ့သည်။
ဒုတိယနေရာတွင် ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက (၁၉%)ဖြင့် ရပ်တည်ခဲ့သည်။

ထူးခြားသည်မှာ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီက ပရီးမီးယားလိဂ်၏ ဂန္ထဝင်စာရင်းဝင် အသင်းခေါင်းဆောင်ဟောင်းများဖြစ်သော ဂျရတ် (လီဗာပူးလ်)၊ ဗီယာရာ(အာဆင်နယ်)၊ တိုနီအဒမ်(အာဆင်နယ်)တို့ကို ကျော်ဖြတ်၍ တတိယ
မဲအများဆုံးရရှိခဲ့ခြင်းဖြစ်သည်။
ရွိုင်ကင်းသည် မန်ယူအသင်းနှင့်အတူ ဆုဖလားပေါင်း(၁၇)ခုအထိ ရယူနိုင်ခဲ့သူဖြစ်ပြီး ၎င်းအသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်စဉ်ကာလသည် မန်ယူအသင်းအတွက် အအောင်မြင်ဆုံးအချိန်အပိုင်းအခြားတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်းလည်း သိရသည်။















