တောင်ကြီးမြို့တွင် ဖမ်းဆီးထားသော ပိုလန်နိုင်ငံသား သတင်းထောက်ကို လဝက အက် ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် ဒဏ်ငွေ ၂ သိန်း ကျပ် တရားရုံးမှ အမိန့်ချမှတ်ပြီး လွှတ်ပေးခဲ့

တောင်ကြီးမြို့တွင် ဖမ်းဆီးထားသော ပိုလန်နိုင်ငံသား သတင်းထောက်ကို လဝက အက် ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် ဒဏ်ငွေ ၂ သိန်း ကျပ် တရားရုံးမှ အမိန့်ချမှတ်ပြီး လွှတ်ပေးခဲ့
Published 22 March 2021
စည်သာ(တောင်ကြီး)

တောင်ကြီးမြို့တွင် ဖမ်းဆီးထားသော ပိုလန် နိုင်ငံသား သတင်းထောက်ကို လဝက အက် ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် ဒဏ်ငွေ ၂ သိန်း ကျပ် တရားရုံးမှ အမိန့်ချမှတ်ပြီး လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ထို ပိုလန်နိုင်ငံသား အလွတ်တမ်းသတင်းထောက် အမှုကို မတ်လ(၂၂) ရက်တွင် တောင်ကြီးမြို့နယ်တရားရုံးမှ လဝက အက်ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် ဒဏ်ငွေ ၂ သိန်းကျပ် ပြစ်ဒဏ်ချမှတ်ကာ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း၊ ဂျာမနီ သံရုံးနှင့် ချိတ်ဆက်၍ နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

“ ကျန်တာကတော့ သံရုံးပိုင်းပေ့ါ။ ရဲလုပ်ငန်းကတော့ ပြီးပြီပေါ့။ ပြန်ပို့မှာတွေ လုပ်မှာပေ့ါ။ တောင်ကြီး ကနေ သံရုံး ကို ချိတ်ဆက်ပြီးတော့ ပြန်ပို့မယ် ထင်တယ်။ ပိုလန်ကိုလည်း ချိတ်ဆက်ထားတယ်။ လွတ်သွားပြီပေ့ါ။ သူက ဝန်ခံလိုက်တဲ့အခါမှာ ဒဏ်ငွေ ၂ သိန်း နဲ့ ဖြတ်လိုက်တာပေါ့။ အဓိက ပတ်စပို့ က သက်တမ်းကုန်နေတာ၊ ဗီဇာ အိုဗာစတေး ဖြစ်နေတော့ လဝက အက် နဲ့ စွဲတာပါ။ ကျန်တာတွေ မပါပါဘူး။ ပြီးရင် သူ့ကို ရဲစခန်းကနေ ခေါ်သွား ပြီ၊ မှတ်တမ်းမှတ်ရာ အတွက် ရဲစခန်းကနေ ခေါ်သွားပြီး လွှတ်ပေးလိုက်မှာပေါ့။ လွှတ်ပေးလိုက် တယ် ဆိုတာကလည်း အခြားနေရာ သွားမှာမဟုတ်ဘဲ Immigration ကနေ ထိန်းသိမ်းထားပေးမယ်။ ဟိုဘက်က စီစဉ်ပေးပြီးရင် ပြန်ရမယ်ပေ့ါ ။ ဒါပဲ။ ပြစ်ဒဏ်တော့ ကျတာပေ့ါ ဒဏ်ငွေ ၂ သိန်းပေ့ါ။”ဟု အမှုလိုက်ရှေ့နေ က ပြောကြားသည်။

အဆိုပါ ပိုလန်နိုင်ငံသားသတင်းထောက်ကို တောင်ကြီးမြို့ နယ်မြေရဲစခန်းတွင် မတ်လ(၁၁) ရက်မှ စတင်၍ ထိန်းသိမ်းထားခြင်းဖြစ်ပြီး ရက်သတ္တနှစ်ပတ်ကျော် ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

ပိုလန်နိုင်ငံသား အလွတ်တမ်း သတင်းထောက် သည် မတ်လ(၁၁) ရက် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ဆန္ဒပြ  အထိုင်သပိတ်ကို ဓာတ်ပုံ လာရောက်ရိုက်ကူးစဉ် ဖမ်းဆီးခြင်း ခံရခြင်းဖြစ်ပြီး မတ်လ(၂၂) ရက် မွန်းလွဲပိုင်းတွင် ဒဏ်ငွေ ၂ သိန်းကျပ် ပေးဆောင်စေရန် အပြီးသတ် အမိန့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Recent