မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဘူးဂါးမလိလျှပ်စစ်ဓာတ်အားခွဲရုံတွင် တပ်မတော်သားများ ဝင်ရောက် နေရာယူမှုအပေါ် ကန့်ကွက်ဆန္ဒပြရာမှ လူစုလူဝေးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဘူးဂါးမလိလျှပ်စစ်ဓာတ်အားခွဲရုံတွင် တပ်မတော်သားများ ဝင်ရောက် နေရာယူမှုအပေါ် ကန့်ကွက်ဆန္ဒပြရာမှ လူစုလူဝေးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့
Published 15 February 2021

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဘူးဂါးမလိလျှပ်စစ်ဓာတ်အားခွဲရုံတွင် တပ်မတော်သားများ ဝင်ရောက် နေရာယူမှုအပေါ် ကန့်ကွက်ဆန္ဒပြရာမှ လူစုလူဝေးဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဘူဂါးလျှပ်စစ်ဝန်းအတွင်း တပ်မတော်သားအချို့ ရောက်ရှိနေမှုကို ရပ်ကွက်နေ ပြည်သူများက ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းတွင် သံပုံးတီး၍ ထွက်ခွာပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က လာရောက် ဖျန်ဖြေရာတွင် တပ်မတော်ဘက်မှ အခြားနေရာသို့ ထွက်သွားရန် သဘောတူထားကြောင်း၊ လူစုလူဝေးဖြင့် မနေကြရန်နှင့် တစ်နာရီခန့်အကြာတွင် လူစုခွဲရန် တောင်းဆိုသော်လည်း လူစုမခွဲသဖြင့် ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ဗလမင်းထင်တံတားဘက်မှ လမ်းပိတ်ဆို့ထားသူများကို အမြန်ဆုံးထွက်ခွာပေးရန် ခရိုင်ရဲမှူးက သုံးကြိမ်သတိပေးကာ ရေပိုက်ဖြင့် ဖျန်းခဲ့ကြောင်း သိရသည်။

သို့သော် လူစုမကွဲသေးသဖြင့် သေနတ်ပစ်ဖောက်၍ လူစုခွဲရာ လူထုမှာ နောက်ဆုတ်လာရပြီး အဖိုးအိုနှင့် သားသုံးဦးဘက်ရုပ်တုဘက်မှ လမ်းပိတ်ဆို့နေသူများကိုလည်း ရဲနှင့် တပ်ဖွဲ့ဝင်များက နောက်ဆုတ်စေသောကြောင့် လူအုပ်စုနှစ်ခု ပေါင်းစည်းသွားပြီး သံပုံးတီးခြင်း၊ အော်ဟစ်ခြင်းများ ဆက်လက် ပြုလုပ်ခဲ့သဖြင့် ရေပိုက်ဖြင့် ထိုးခြင်း၊ သေနတ်ဖောက်ခြင်းများ ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် Live လွှင့်နေသည့် မီဒီယာသမားအချို့ကို နောက်ဆုတ်စေပြီး ထိန်းသိမ်းထားရန် ညွှန်ကြားခဲ့ရာ မီဒီယာသမား ငါးဦးနှင့် အခြားသူများ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် မီဒီယာသမားများမှာ မြစ်ကြီးနားမြို့ အခြေစိုက် 74 မီဒီယာမှ အယ်ဒီတာ ကိုထွယ်အောင်၊ ကိုဆိုင်းနော်၊ Mizzima သတင်းဌာနမှ ကိုဆိုင်းလတ်အောင်၊ ထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက်မှ အယ်ဒီတာချုပ် ကိုရန်ကောင်းနှင့် လက်ထောက်ဖြစ်သူ ကိုဝေယံတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ည ၁၀ နာရီခွဲကျော်သည်အထိ သေနတ်သံများနှင့် သံပုံးတီးသံများ ဆက်တိုက် ကြားနေရကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက ရန်ကြီးအောင် လျှပ်စစ်ဝန်းသို့ စစ်ကားနှစ်စီးဖြင့် လာရောက်မှုကို ရပ်ကွက်နေပြည်သူ ၁၀၀၀ ကျော်က သံပုံးများ တီးခဲ့သောကြောင့် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဝင်းရောက်ဖျန်ဖြေကာ တပ်မတော်သားများကို နေရာရွှေ့ပေးခဲ့ရသည်။

ဖော်ဖော်ဝါရီ ၁၄ ရက်က ဝိုင်းမော်မိုင်းနားကျေးရွာမှ ပင်မဓာတ်အားခွဲရုံရှိ တပ်မတော်သားများကိုလည်း လူစုလူဝေးဖြင့် ဆန္ဒပြခဲ့သောကြောင့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဖျန်ဖြေခဲ့ရကြောင်း သိရသည်။

Most Read

Most Recent