ဘေး

ဘေး
Photo:Disaster Pages
Photo:Disaster Pages
Published 12 February 2021
ကြူူးနှစ်

နှစ်ပေါင်း ၇၀ မျှသော အသက်တာအတွင်း မိမိကြုံခဲ့ဖူးသော သေဘေးနှင့် နီးကပ်ခဲ့သော သဘာဝဘေးအန္တရာယ် အချို့အကြောင်းကို ယခုဆိုက်ရောက်နေသည့် “COVID-19” ကပ်ရောဂါကာလများအတွင်း မရည်ရွယ်ဘဲ ပြန်လည်သတိရမိသည့် အချိန်အချို့ရှိပါသည်။ “နာဂစ်”ဆိုင်ကလုန်း မုန်တိုင်းကြီး ဧရာဝတီတိုင်းကို ဝင်ဝှေ့ဖို့ တာစူနေစဉ် ကျွန်တော်သည် ရန်ကုန်မြို့လယ် စာနယ်ဇင်းရပ်ဝန်းမှာ ရောက်ရှိနေပါသည်။ ဟိုလူကပြော သည်လူကပြောနှင့် မုန်တိုင်းသတိပေးချက်ကို ကြားရသည်။ မိမိမှာ ပါလာသော ခရီးဆောင်ထရန်စစ္စတာရေဒီယိုကလေး ဖွင့်ကြည့်အခါမှာလည်း မုန်တိုင်း၏ အလားအလာကို သိရသည်။ “မဖြစ်ချေတော့ဘူး ပြန်မှ” ဟု ဆုံးဖြတ်ကာ နေထိုင်ရာ တိုက်ကြီးမြို့နယ်ဘက်ဆီသို့ ဘတ်စ်ကားစီးပါသည်။

နာဂစ်က ကျွန်တော်ကို တိုက်ကြီးမြို့ဆီသို့ ခရီးဆက်ခွင့်မပေးတော့ပါ။ လမ်းမှာ သစ်ပင်တွေလဲကျ၊ ဓာတ်တိုင်တွေ လဲကျကုန်ပြီ။ မှော်ဘီမှာပဲ ဆင်းလိုက်ပြီး နွမ်းပါးသော စာပေလောကသားတစ်ဦး၏ နေအိမ်ဆီသို့ သွားပါသည်။ စာပေကိုသာချစ်ပြီး နေမှုထိုင်မှုကို အရေးမထားသော စာပေလောကသားသည် မိသားစုနှင့်အတူ ဓနိမိုးဝါးအိမ်ကလေးတစ်လုံးမှာ ခြိုးခြိုးခြံခြံ နေထိုင်သည်။ အိမ်ကလေးက ကုပ်ကုပ်ကျဉ်းကျဉ်းကလေး။ ည ၇  နာရီလောက်ဆို ထိုတဲသာသာအိမ်ကလေးဆီ ကျွန်တော်ရောက်သွားပြီး မုန်တိုင်းကြောင့် ကျွန်တော် ခရီးမဆက်နိုင်တော့ကြောင်း ပြောပြရပါသည်။

ကိစ္စမရှိ။ သူ့အိမ်မှာတည်းခိုပါ။ ကိစ္စရှိသည်က ကျွန်တော့်အတွက် ညစာမတည်ခင်းနိုင်။ သူတို့က စားပြီးကြပြီ။ သူ့မှာ ငါးနှစ်မှ ၁၀ နှစ်အတွင်း သမီးကလေးနှစ်ယောက်နှင့် ဇနီးရှိသည်။ ကျွန်တော်အိပ်ဖို့ ဖျာဟောင်းတစ်ချပ်နှင့် ခေါင်းအုံးအနွမ်းတစ်လုံးသာ ထုတ်ပေးနိုင်ရှာသည်။

မကြာမီ လေတိုက်နှုန်းက ပြင်းသည်ထက် ပို၍ပြင်းလာသည်ကို သတိပြုမိပါသည်။ မိတ်ဆွေစာပေသမား၏ ၀ါးအိမ်ကလေးမှာ ယိမ်းနွဲ့လှုပ်ခါစ ပြုလာသည်။ ဖြိုးဖြိုးဖျစ်ဖျစ် မြည်လာကြသည်။ လေအော်သံ ဟူးဟူးရားရား ညံနေခြင်းက အသည်းငယ်သူဆိုလျှင် သွေးပျက်ဖွယ်ကောင်းပါသည်။ ကျွန်တော် အိပ်ချင်မူးတူးဖြစ်နေရာက မျက်လုံးများကျယ်လာသည်။ မုန်တိုင်း၏ ဟိန်းဟောက်သံကို နားဖြင့်ဆတ်ဆတ်ကြားလာရလေပြီ။

“မဖြစ်တော့ဘူးဗျို့၊ ရွှေ့ကြစို့”ဟု အိမ်ရှင်စာပေသမားက ထိတ်ထိတ်ပျာပျာ နှိုးဆော်သည်။ သူ့ဇနီးက အိပ်ရာများနှင့် ကလေးနှစ်ယောက်ကိုခေါ်ကာ ခေါင်းရင်းဘက်ရှိ မိခင်မုဆိုးမကြီး၏အိမ်ဘက်သို့ အပြေးအလွှား ထွက်သွားသည်။ ကျွန်တော်နှင့် စာပေသမားတို့ကတော့ အရေးပါ အဖိုးတန် စာအုပ်များကို နိုင်သလောက် သယ်ယူကာ ခေါင်းရင်းအိမ်ဆီသို့ မိုးထဲလေထဲမှာ ပြေးကြသည်။ ခေါင်းရင်းအိမ်မှာ အုတ်ဖိနပ်ခံ၊ သွပ်မိုး ပျဉ်ထောင် တောင့်တင်းခိုင်မာသည့် ပုပုဝပ်ဝပ် အိမ်တစ်လုံးဖြစ်သည်။ မုဆိုးမကြီးနှင့် သူ၏သားလူပျိုတို့ နှစ်ယောက်တည်း နေကြသည်။ သားလူပျိုက ဧည့်ဝတ်ကျေပါသည်။ ဧည့်သည်ဖြစ်သော ကျွန်တော့်အတွက် အိမ်ဦးခန်းမှာ အိပ်ရာခင်းပေး၊ ခြင်ထောင်ဆင်ပေးသည်။ ထိုအခိုက် အိမ်ခြေရင်းဘက်က ပြိုလဲသံပေါ်လာသည်။

“ကျွန်တော့်နန်းတော်ကလေးကတော့ မြေခကြွေသက်သွားရှာပြီဗျို့”ဟု  စာပေသမားက မချိတင်ကဲသံဖြင့် နတ်သံနှောရှာသည်။ မှန်ပါသည်။ စာပေကိုသာ စူးစိုက်ထားသူဖြစ်၍ သူ့ခမျာ ဤဝါးဓနိနန်းတော်ကလေးကို ဆောက်ဖို့ပင် ဟိုပြေးသည်လွှား ပိုက်ဆံချေးငှားခဲ့ရကြောင်း ကျွန်တော်သိသည်။ သည်အချိန်မှာ ပစ္စည်းဥစ္စာဆုံးရှုံးမှုအကြောင်း မတွေးအားကြ။ အန္တရာယ်ကင်းစွာ အသက်ရှင်ဖို့က ပဓာနပင်။ အခုပင် သစ်သားအိမ်ကြီးက သိမ့်သိမ့်တုန်နေပြီ။

လေဟိန်းသံက ပြင်းထန်သည်။ တစ်သက်လုံး တစ်ကြိမ်တစ်ခါမျှ မကြားဖူးသည့်အသံ။ (လေတိုက်အား ပြင်းထန်နေတာကို မင်းကြောက်သလား။ မိုးသီးမိုးပေါက်တွေ ခုတ်ရှတဲ့ဒဏ်ကို မင်းကြောက်နေလား) ဟူသော ကဗျာစာသားတစ်ပိုဒ်ကို ပြေးသတိရမိသည်။ “ကြောက်တော့ ကြောက်တာပေါ့။ ဒါပေမဲ့ မကြောက်ဘူး”ဟု ဖျစ်ညှစ်ဇွဲတင်းကာ ခြင်ထောင်ထဲမှာ ကျွန်တော် ငုတ်တုတ်ထိုင်နေသည်။ အိိမ်ရှင်အဘွားကြီးက ရသမျှ ဘုရားစာများ အသံတုန်တုန်ဖြင့် တတွတ်တွတ် ရွတ်နေရှာသည်။ အမှောင်ကလည်း စိုးထိတ်မှုကို အားဖြည့်ပေးသည်။ လျှပ်စစ်မီးမရတော့။ ဖယောင်းတိုင်ထွန်း၍လည်းမရ။ အမှောင်...အမှောင်... သေမင်းခေါ်သံအောက်က အမှောင်။ အိမ်ခြေရင်း အုန်းပင်ပေါ်ကအုန်းသီးများ တဘုတ်ဘုတ်ကြွေကျသံများကလည်း တစ္ဆေခြေသံများအလား။

မကြာမီ မိနစ်ပိုင်းအတွင်း အိမ််နောက်ကျော်ဘက်မှ တဝုန်းဝုန်းအသံများ ပေါ်လာသည်။ အိမ်ရှင်အဘွားကြီးက “ပေတူးတို့တဲတွေ ပြိုကုန်ပြီထင်တယ်”ဟု ပြော၍မှမဆုံးသေး အိမ်ရှေ့တံခါးကို ပုတ်သံများ ထွက်ပေါ်လာပြီးလျှင် “အန်တီကြီးရေ... လုပ်ပါဦး ကျွန်မတို့တဲပြိုသွားလို့ ကယ်ပါဦး အန်တီကြီးရယ်”ဆိုသော ထိတ်လန့်တကြား အကူအညီတောင်းသံများ ကြားရသည်။ တံခါးဖွင့်လိုက်သောအခါ မိုးရေများ စိုရွှဲနေကြသော လူရွယ်စုံတွဲနှင့် ဘုစုခရုစု ကလေးသုံးယောက် အိမ်ထဲဝင်လာကြသည်။ သြော် ဒုက္ခ ဒုုက္ခ”ဟု အသံမထွက်ဘဲ ကျွန်တော် ညည်းညူမိသည်။

နောက်ပိုင်းရက်များအတွင်း  “နာဂစ်” သတင်းဆိုးအချက်အလက်အချို့ကို ကြားလာရသည်။ လူသူကျွဲနွား တိရစ္ဆာန်ထောင်သောင်းချီ၍ သေဆုံးလျက်ပျက်မှုများ၊ ဆားငန်ရေပြင်ကြီးအောက်မှာ ပျောက်ကွယ်သွားသည့် လယ်မြေများ။ ဓနိတော၊ အုန်းတောများ။ ရေပြင်မှာ မျောပါနေကြသည့် ပုပ်ပွအလောင်းများ ထိုကာလအတွင်း ကျွန်တော်ကိုယ်နှိုက်မှာ မည်သို့မျှ ထိခိုက်နစ်နာခြင်း မရှိခဲ့ရသော်လည်း မုန်တိုင်းဘေး၊ ရေဘေးကြောင့် သမိုင်းတွင်လောက်အောင် ဆုံးရှုံးပျက်စီးခဲ့ရသည့် ဘဝများအကြောင်းကို ကျွန်တော် စာနာစိတ်ဖြင့် စဉ်းစားဆင်ခြင်မိပါသည်။ ကြီးကြီးကျယ်ကျယ် ဒဿနနည်းကျကျ ဆင်ခြင်ဝေခွဲခြင်းမျိုးတော့မဟုတ်။ တွေးမိတွေးရာ ဆိုပါစို့။

ကျွန်တော်တို့သည် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များအဖြစ်လည်းကောင်း၊ မိရိုးဖလာ လွန်ဗုဒ္ဓဘာသာဝင်များအဖြစ်လည်းကောင်း နေထိုင်ရှင်သန်ကြသော်လည်း စားဝတ်နေရေး၊ ကြီးပွားတိုးတက်ရေးအတွက်သာ (များသောအားဖြင့် ဇောကပ်နေကြရာ) တရားဒေသနာတော်လာ ဘေးအန္တရာယ်များအကြောင်း မေ့လျော့ (သို့မဟုတ်) အမှတ်တမဲ့ ဖြစ်နေတတ်ကြသည်။ စင်စစ်မူ လက်ရှိကမ္ဘာတွင် မြင်သာသော ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များရှိနေကြသလို မမြင်ရဘဲ လျှပ်တစ်ပြက် တိုးဝင်လာမည့် ဘေးအန္တရာယ်များစွာလည်း ရှိနေကြပါသည်။ တရားဓမ္မလာ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရား ငါးပါးဆိုသည်တို့ကို အကျယ်လေ့လာလျှင် လူ့ဘဝမှာ ဘေးအန္တရာယ်များစွာ ခြံရံနေသည့် ဖြစ်တည်မှုတစ်ရပ်ဖြစ်ကြောင်း တွေးရမည်။ အိမ်ထဲမှာ ၀ါသနာအရ ရေဒီယိုကက်ဆက်ပြင်နေရင်း လျှပ်စစ်ကြိုးမှားကိုင်မိ၍ အနိစ္စရောက်သွားသည့် လူတစ်ယောက်ကို တွေ့ဖူးပါသည်။ လျှပ်စစ်ဓာတ်သည် လူဖန်တီးခြင်းမဟုတ်။ သဘာဝတရားထဲမှာ အလိုလိုရှိပြီးသား သဘာဝစွမ်းအင်တစ်မျိုး ဖြစ်သည်။ “သုံးတတ်လျှင်ဆေး မသုံးတတ်လျှင်ဘေး”ဟူသော ဆိုရိုးအတိုင်း သင်ကကောင်းစွာ သုံးစွဲတတ်လျှင် အသုံးကျအကျိုးဖြစ်မည်။ မသုံးတတ်လျှင်တော့ သင့်အသက်ကိုလည်း ပေးဆပ်ရမှာ ဖြစ်သည်။

ယခု ဤစာတမ်းငယ်ကိုရေးသားနေသော ကျွန်တော့်ရှေ့နံရံတွင် ပြက္ခဒိန်တစ်ချပ်ချိတ်ဆွဲထားပါသည်။ ပြက္ခဒိန်တွင် မြန်မာနိုင်ငံ၏ အထင်ကရ ပုပ္ပားတောင်မကြီးနှင့် တောင်ကလပ်တို့၏ စိမ်းမြဝေဆာသော ဓာတ်ပုံကို ဖော်ပြထားသည်။ အမြင်ပသာဒ ကြည်နူးစရာဖြစ်သည်။ သဘာဝတရားက ခင်းကျင်းထားသည့်ရှုခင်းဖြစ်သည်။ ဤနေရာ ဤဒေသသို့ လူသားခြေမချမီ (ပုဂံပြည် မဖြစ်ထွန်းမီ) နှစ်ကာလများစွာကမူ ယခုပုပ္ပားတောင်မကြီးဟုခေါ်တွင်သော တောင်ကြီးသည် “မီးရှင်တောင်”ကြီးတစ်တောင်ဖြစ်ခဲ့ပါသည်။ အချိန်တစ်ချိန်တွင် ထိုမီးရှင်တောင်ကြီးသည် “မီးငြိမ်းတောင်၊ မီးတောင်သေ”အဖြစ် ပြောင်းလဲသွားခဲ့ရာ ယနေ့အထိ ဖြစ်သည်။ ယနေ့အထိ ထိုတောင်ကြီးသည် မီးရှင်တောင်အဖြစ် အသက်ဝင်နေပါက မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၏ ပထဝီဝင်သွင်ပြင်အနေအထားသည် လက်ရှိသွင်ပြင်အတိုင်း ရှိနေလိမ့်မည်မဟုတ်ပါ။ မီးရှင်တောင်ကြီးတစ်လုံးအနီးမှာ လူနေအိမ်ခြေများကို တွေ့နိုင်မည်မဟုတ်ပါ။

မီးတောင်တစ်လုံးသည် သဘာဝဘေးအန္တရာယ်ကြီးစွာဖန်တီးထုတ်လုပ်ပေးနိုင်သည့် ဖျက်အားပြင်းလက်နက်တစ်လုံးနှင့် တူလှပါသည်။ မီးတောင်တစ်လုံးက သင်ကြားပေးခဲ့သည့် သမိုင်းသင်ခန်းစာကို အားလုံးမှတ်သားစွဲမြဲမိပြီးသားဖြစ်သည်။ ကမ္ဘာတည်သရွေ့ မမေ့နိုင်သော သင်ခန်းစာဖြစ်သည်။

အီတလီနိုင်ငံ “နေပယ်လ်”မြို့၏ အရှေ့တောင်အရပ် ၁၃ မိုင်အကွာတွင် တစ်ချိန်က ကြက်ပျံမကျစည်ကားသိုက်မြိုက်သော “ပွန်ပီအိုင်” Pompeii အမည်ရှိ မြို့ကြီးတစ်မြို့ရှိခဲ့ဖူးသည်။ ပွန်ပီအိုင်မြို့ကြီးသည် ပျော်စရာအဖုံဖုံနှင့် မွေ့လျော်ဖွယ်ကောင်းလှသည့်တိုင် “ဗီဆူဗိယပ်”မီးတောင်ကြီး၏ခြေရင်းမှာ တည်ရှိနေခြင်းက ထူးခြားနေသည်။ တစ်နည်းဆိုလျှင် ပွန်ပီအိုင်မြို့ကြီးသည် ကိုယ့်သေတွင်းကိုယ်တူး၊ ကိုယ့်ခေါင်းတလားကိုယ်စပ်ခြင်းနှင့်တူသည်။ အေဒီ ၇၉ နှစ်တွင် ပွန်ပီအိုင် မြို့သူမြို့သားတို့ အစားမပျက်၊ အသွားမပျက်၊ ပျော်မဆုံးမော်မဆုံးဖြစ်နေကြချိန်မှာ ဗီဆူဗိယပ်မီးတောင်ကြီးက ရုတ်တရက်ပေါက်ကွဲသည်။ မီးတောင်တစ်လုံးပေါက်ကွဲတော့မည် ဆိုလျှင် မပေါက်ကွဲမီ ရက်ပေါင်းများစွာထဲက ကြိုတင်၍ နိမိတ်လက္ခဏာများပြလေ့ရှိသည်။ မြေပြင်အောက်မိုင်ပေါင်းများစွာနက်သော မီးတောင်၏ဝမ်းဗိုက်အောက်ခြေဆီမှ လှုပ်ရှားထကြွနေသော မီးလျှံများ၏အရှိန်ကြောင့် မီးတောင်ထိပ်ဝဆီမှ မီးခိုးများထွက်လာတတ်ကြသည်။ ထိုခေတ်ထိုကာလတုန်းက သိပ္ပံပညာသည် မီးတောင်တို့၏မာယာကို အကဲဖြတ်နိုင်ခြင်းမရှိသေး။ မြေငလျင်တိုင်းထွာရေးနည်းပညာလည်း မပေါ်ထွန်းသေး။ ထို့ကြောင့်လည်း ဗီဆူဗိယပ်မီးတောင်ပေါက်၍ မီးခဲမီးရည်များ၊ ချော်ရည်များ ပွင့်ထွက်လာချိန်တွင် ပွန်ပီအိုင်မြို့သားများ အငိုက်မိသွားကြသည်။ အမေရိကန်လေတပ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့သို့ အနုမြူဗုံးကြဲချလိုက်စဉ် မြို့သူမြို့သားဂျပန်များ အငိုက်မိသွားကြပုံမျိုးဖြစ်ပါလိမ့်မည်။

သို့ဖြင့် အေဒီ ၇၉ ခုနှစ်တွင် ရောမအင်ပါယာထဲမှ လှပခမ်းနားသော မြို့ကြီးတစ်မြို့ နှိုင်းစရာမရှိအောင် ပူပြင်းသောမီးလျှံနှင့် ချော်ရည်ပူလှိုင်းကြီးများအောက်မှာ အစပျောက်သွားရခြင်းဖြစ်သည်။ မီးတောင်တစ်လုံးပေါက်ကွဲလျှင် တစ်ရက်တည်းနှင့် ပြီးပြတ်သည်မဟုတ်။ သုံးလေးရက်ဆက်တိုက်ပေါက် ကွဲတတ်ကြောင်း ပညာရှိများက မှတ်တမ်းတင်ထားကြသည်။ တစ်မြို့လုံး ချော်ရည်ပူများ ဖုံးလွှမ်းခဲ့ပြီးနောက် ကံဆိုးမိုးမှောင်ကျခဲ့သည် အနိဌာရုံမြေပြင်ကြီးဆီသို့ နှစ်ပေါင်းများစွာ မည်သူမျှ ခြေမချရဲခဲ့ကြတော့ပါ။ ပွန်ပီအိုင်သည် ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားသည့်အလားပင်။ မီးတောင်ပေါက်ကွဲပြီး နှစ်ပေါင်း ၁၆၀၀ ကျော်အကြာ ၁၇၈၄ ခုနှစ် ရောက်တော့မှ ပွန်ပီအိုင်ကို တူးဆွရှာဖွေကြည့်ခဲ့ကြသည်။ ချော်မြေများအောက်မှာ ဘုရားရှိခိုးကျောင်းတစ်ဆောင်နှင့် အဖိုးတန်ရွှေပြား၊ ငွေပြားများ တူးဖော်တွေ့ရှိခဲ့ကြသည် ဟုဆိုသည်။ ပေးဆပ်ခဲ့ရသော ပွန်ပီအိုင်မြို့တော်ကြီးမှ သက်ရှိသက်မဲ့များ၏တန်ဖိုးနှင့် မည်သို့လျှင် နှိုင်းယှဉ်၍ ရပါတော့မည်နည်း။

စကားစပ်မိ၍ ကြုံခဲ့ရသောအဖြစ်တစ်ခုကို ရေးပြချင်သေးသည်။ “နာဂစ်”မုန်တိုင်းဘေးမှ သေကံမရောက် သက်မပျောက်ခဲ့ကြသည့် လပွတ္တာမြို့နယ်မှ မိသားစုအချို့ကို ရန်ကုန်မြောက်ပိုင်းတစ်နေရာမှာ ကျွန်တော် တွေ့ခဲ့ရသည်။ တွေ့ခဲ့ရချိန်က မုန်တိုင်းအလွန် တစ်နှစ်လောက်အကြာမှဖြစ်သည်။ ထိုမိသားစုကိုယ်စီမှာ ဆုံးရှုံးမှုကိုယ်စီနှင့် ဖြစ်ကြသည်။ မိဘဆုံးသူ၊ လင်ဆုံးသူ၊ ဇနီးဆုံးသူ၊ သားသမီးဆုံးသူမှအစ ကျွဲနွားတိရစ္ဆာန်ဆုံးသူ အလယ်၊ လယ်တော၊ အုန်းတော၊ ဓနိတောများဆုံးသူတို့အဆုံး အားလုံးအရှုံးသမားများချည်း ဖြစ်ကြသည်။ သဘာဝဘေးအန္တရာယ်ကို အလွန်အမင်းကြောက်လန့်သည့် အရိပ်လက္ခဏာသည် သူတို့မျက်နှာများမှာ ထင်ဟပ်ဆဲ။ သူတို့မျက်လုံးများက အရောင်အလင်း မရှိကြရှာတော့။

ဇာတိဒေသသို့ ဘယ်တော့မှ မပြန်ကြတော့။ ထိုဒေသဆီက ရေများ၊ မြေများ၊ ချောင်းများအင်းများကို မြင်ချင်စိတ်မရှိကြတော့ဟု သူတို့အားလုံး နာနာကျည်းကျည်း ဆိုနေကြလေသည်။ ဆိုခဲ့ကြသည့်အတိုင်း သူတို့သည် ဇာတိမြေသို့ မပြန်ကြတော့ဘဲ ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်းမှာသာ အခြေချနေထိုင်လျက်ရှိကြသည်။ “ရန်ကုန်ဆိုတာကရော ဘေးလွတ်တဲ့နယ်မြေဖြစ်ပါပြီတဲ့လား။ သူတို့ခမျာ ရိုးအနုံချာသော ကျေး လက်သားများပီပီ ရေဘေး၊ လေဘေးလောက်ကိုသာ သိရှာကြသည်ထင်။ ခေါင်းအေးအေးထား စဉ်းစားကြည့်ပါ။ ကျွန်တော်တို့သည် ပဋိသန္ဓေဘဝတွင်း မိခင်ဝမ်းကြားတိုက်မှာ ကပ်တွယ်ခိုအောင်းနေခဲ့စဉ်ကတည်းက “ဘေး”ကင်းခဲ့သည် မဟုတ်ကြပါ။ “ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်သည် ကိုယ်ဝန်ရင့်မာချိန်မှာ တစ်နေ့လျှင် သုသာန်ဘက်သို့ မျက်စောင်းသုံးကြိမ် ထိုးကြည့်တတ်သည်”ဟူသော ရှေးစကားသည် အကြောင်းမဲ့ပေးလာခြင်း မဟုတ်တန်ရာပါ။ သင်သည် အသက်ရှင်စဉ်ကာလတစ်လျှောက်လုံးမှာလည်း ဘေးအမျိုးမျိုးနှင့် မဖြစ်မနေဆုံဆည်းခဲ့ရပါလိမ့်မည်။ “ဘဝတစ်လျှောက်လုံး ခလုတ်မထိ ဆူးမငြိနေခဲ့ရတဲ့ ဘဝ”ဟု ကြွားလုံးထုတ်တတ်သူပင်လျှင် နောက်ဆုံးတစ်နေ့ “သေဘေး”နှင့် တွေ့သော် “သြော်... ဒီလိုနဲ့ ပြီးဆုံးရတော့မှာပါလား”ဟု သံဝေဂရသွားနိုင်သည်။

ကျွန်တော်သည် ယခုအခါ “COVID-19”ဗိုင်းရပ်စ်များ အလုံးအရင်းနှင့် ကိုယ့်ဆီ ဝင်မတိုးအောင် အထူးဂရုဓမ္မပြု၍နေသည်။ သေမှာကြောက်၍မဟုတ်။ ရရှိလာသောအသက်ကို ရှင်နိုင်သမျှရှင်အောင် မွေးမြူဖို့၌ ဘဝဖြစ်တည်လာခြင်း၏ ပဓာနတာဝန်ဟု ယုံကြည်သောကြောင့်ဖြစ်၏။ သို့သော် အချိန်တန်၍ သေဘေးကလည်း တာဝန်အရ ဆိုက်ရောက်လာမည်မှာ ဧကန်ဧကသေချာလှတော့သည်။

Most Read

Most Recent