တပ်မတော်က အာဏာရယူထားခြင်းကို တုံ့ပြန်သည့်အနေဖြင့် မြန်မာ့လက်ရွေးစင် ဘိလိယက်၊ စနူကာနှင့် Pool ကစားသမားများ ၂၀၂၁ ဆီးဂိမ်းစ်အပါအဝင် နိုင်ငံတကာပြိုင်ပွဲများမယှဉ်ပြိုင်ဘဲ လက်ရွေးစင်အဖြစ်မှ နုတ်ထွက်

တပ်မတော်က အာဏာရယူထားခြင်းကို တုံ့ပြန်သည့်အနေဖြင့် မြန်မာ့လက်ရွေးစင် ဘိလိယက်၊ စနူကာနှင့် Pool ကစားသမားများ ၂၀၂၁ ဆီးဂိမ်းစ်အပါအဝင် နိုင်ငံတကာပြိုင်ပွဲများမယှဉ်ပြိုင်ဘဲ လက်ရွေးစင်အဖြစ်မှ နုတ်ထွက်
Published 10 February 2021

 

မြန်မာ့လက်ရွေးစင် ဘိလိယက်၊ စနူကာ နှင့် Pool ကစားသမားများမှာ ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပေါ်သည့် တပ်မတော်က အာဏာရယူထားခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများ တွင် မယှဉ်ပြိုင်ဘဲ လက်ရွေးစင်ကစားသမားအဖြစ်မှ နုတ်ထွက်ကြောင်း ရေးသားဖော်ပြခဲ့သည်။

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု ရရှိခဲ့သည့် မြန်မာ့လက်ရွေး စင် Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီမှာ ပြီးခဲ့သည့်ရက်ပိုင်းကတည်းက  လက်ရွေးစင်ကစားသမားအဖြစ်မှ နုတ်ထွက် ကြောင်း ရေးသားခဲ့ပြီး ကျန်ရှိသည့်ကစားသမားများမှာလည်း လက်ရွေးစင်အဖြစ်မှ နုတ်ထွက်ကြောင်း မြန်မာ့လက်ရွေးစင်စနူကာ ကစားသမားတစ်ဦးဖြစ်သူ ကိုထက်က ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ကစားသမားအားလုံး၏ ဆန္ဒသဘောထားကို ထုတ်ဖော်ရေးသားခဲ့ခြင်းဖြစ်သည်။ 

လက်ရွေးစင်အဖြစ်မှ နုတ်ထွက်သည့် ကစားသမားများတွင် အာရှဘိလိယက်ချန်ပီယံ နေသွေးဦး၊ ဆီးဂိမ်းစ်ဘိလိယက် ရွှေတံဆိပ်ဆုရှင်များဖြစ်သည့် အောင်ဌေး၊ မင်းစည်သူထွန်း၊ အောင်မိုးသူတို့အပြင် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ချစ်ကိုကို၊ ကိုထက်၊ ဝင်းကိုကို၊ သက်မင်းလင်း၊ သော်ဇင်ထက်၊ အေမီအောင်၊ သန္တမောင်တို့အပါအဝင် ဘိလိယက်၊ စနူကာနှင့် Pool လက်ရှိလက်ရွေးစင်များ၊ လက်ရွေးစင်ဟောင်းများ ပါဝင်ခဲ့သည်။ အာဏာရယူထား သည့် အစိုးရတာဝန်ယူမည့် တစ်နှစ်တာကာလအတွင်း ပြုလုပ်မည့် ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲအပါအဝင် အခြားနိုင်ငံတကာပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ်ပြိုင်မပြုရန် မိမိ သဘောဆန္ဒအလျောက် တညီတညွတ်တည်း ဆန္ဒပြုကြောင်းနှင့် ပြည်သူသန်းပေါင်းများစွာက မဲပေးရွေးချယ်တင်မြောက်ထားသော ရွေးကောက်ခံအစိုးရ ပြန်လည်အာဏာရရှိခဲ့ပါက ဆက်လက်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရန် အားလုံး အစွမ်းကုန်ကြိုးစားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

"လက်ရှိဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး ကစားသမားတွေအနေနဲ့ သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်တာဖြစ်ပါတယ်။ ကျွန်တော်တို့က သူတို့ကို ဘာလုပ်ပါဆိုပြီး မပြောပါဘူး။ သူတို့ ကိုယ်တိုင် သူတို့ဆန္ဒအတိုင်း လုပ်ဆောင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကလည်း အခုလို အာဏာရယူထားတာကို လက်မခံနိုင်ပါဘူး" ဟု မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာဘိလိယက်နှင့် စနူကာအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးသုံးခု ဆွတ်ခူး ရရှိခဲ့ပြီး မြန်မာအားကစားအဖွဲ့များတွင် အအောင်မြင်ဆုံးအားကစားအဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့သည်။ လာမည့်ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲတွင်လည်း မြန်မာနိုင်ငံက ရွှေတံဆိပ် မျှော်မှန်းထားသည့် အားကစားနည်းများတွင် ဘိလိယက်အားကစားနည်း ပါဝင်နေပြီး လက်ရွေးစင်ကစားသမားများသာ မယှဉ်ပြိုင်ဘဲ နုတ်ထွက်ပါက မြန်မာနိုင်ငံအနေဖြင့် ရွှေတံဆိပ်ရယူနိုင်ရန် မျှော်လင့်နိုင်သည့် အားကစားအဖွဲ့ လျော့နည်းသွားဖွယ်ရှိနေသည်။  လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာဘိလိယက်အဖွဲ့ ရွှေတံဆိပ်မျှော်မှန်းနိုင်သည့် ဘိလိယက် နှစ်ယောက်တွဲပြိုင်ပွဲ၊ Pool 9 Ball တစ်ဦး ချင်းပြိုင်ပွဲများ ပါဝင်လာမည်ဖြစ်သလို ကျန် Event များတွင်လည်း ရွှေဆုအပါအဝင် ဆုတံဆိပ်မျှော်မှန်းနိုင်ကြောင်း သိရသည်။

ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အားကစားနည်း ၄၀ ထည့်သွင်းကျင်းပရန် စီစဉ်ထားပြီး မြန်မာနိုင်ငံအနေဖြင့် ပထမအဆင့် အားကစားနည်း ၁၈ မျိုးတွင် ဝင်ရောက်ယှဉ် ပြိုင်ရန် လျာထားကာ အားကစားနည်းအချို့ ထပ်တိုးလာမည်ဖြစ်သည်။ ပြိုင်ပွဲဝင်နိုင်ငံများ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများကို နှစ်လယ်ပိုင်းတွင် အတည်ပြုရမည်ဖြစ်ပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

Most Read

Most Recent