“ကျွန်တော်တို့ ထပ်ကြိုးစားဦးမယ်”ဟု အာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့တော်မှ ကျောင်းဆရာ မိုဟာမက် အေမင် အီဘရာဟီမီက အိမ်နီးချင်း ခရိုအေးရှားနိုင်ငံရှိ တောင်ကုန်းများရှိသည့် အနောက်ဘက်ဆီသို့ မျှော်ကြည့်လျက််ပြောကြားခဲ့သည်။
အီဘရာဟီမီသည် ၎င်း၏မိသားစုနှင့်အတူ ဥရောပသမဂ္ဂနိုင်ငံတွင်းသို့ ဝင်ရောက်မည့် သူ့အိပ်မက်အား အကောင်အထည်ဖော်ရန်အတွက် ခရိုအေးရှားနိုင်ငံသို့ ဝင်ရောက်နိုင်ရန် အကြိမ် ၃၀ ကြိုးပမ်းခဲ့သည်။
လက်ရှိအချိန်တွင် အီဘရာဟီမီသည် ၎င်း၏ဇနီးနှင့် အသက်နှစ်နှစ်အရွယ် သမီးလေးတစ်ဦးနှင့်အတူ ဘော့စနီးယားနိုင်ငံရှိ လူမနေသည့်အိမ်တစ်လုံးတွင် နေထိုင်နေသည်။
လွန်ခဲ့သည့် ခြောက်လခန့်က ခရိုအေးရှားနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့်အချိန်တိုင်း နယ်စပ်ရဲတပ်ဖွဲ့၏ ဟန့်တားမှုနှင့် ရင်ဆိုင်ခဲ့ရပြီး ဘော့စနီးယားနိုင်ငံသို့ ပြန်ပို့ခံခဲ့ရသည်။
ဘော့စနီးယားနိုင်ငံရှိ အီဘရာဟီမီ၏ မိသားစုနှင့် အခြားထောင်နှင့်ချီသည့် ဥရောပသမဂ္ဂနိုင်ငံထဲသို့ ဝင်ရောက်လိုသော ရွှေ့ပြောင်းနေထိုင်သူများ၏ စိတ်ဓာတ်ကျစရာ အခြေအနေများအား ဘယ်ဂျီယံနိုင်ငံမှ ပြစ်တင်ပြောကြားခဲ့သည်။
နှင်းထူထပ်စွာကျဆင်းနေသည့် အေးခဲသော ဆောင်းရာသီတွင် ရွှေ့ပြောင်းနေထိုင်သူများ အသက်ရှင်နေထိုင်နိုင်ရန်အတွက် သင့်လျော်သော နေအိမ်များစီစဉ်ပေးရန် ဘော်လ်ကန်ဒေသက တောင်းဆိုခဲ့သည်။
သို့သော် ရွှေ့ပြောင်းနေထိုင်သူများက ယင်းစီစဉ်ပေးသည့်နေရာများတွင် နေထိုင်လိုစိတ်မရှိဘဲ ဥရောပသမဂ္ဂနိုင်ငံများသို့သာ ဝင်ရောက်လိုကြပြီး ဥရောပသမဂ္ဂနိုင်ငံများအနေဖြင့် နယ်စပ်များကို ဖွင့်ပေးခဲ့မည်ဆိုလျှင် ၎င်းတို့ကြုံတွေ့နေရသည့် ပြဿနာများကို အမြန်ဆုံးဖြေရှင်းပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ခရိုအေးရှားနိုင်ငံထဲကို ပြည်ဝင်ခွင့် လျှောက်ထားချင်ပါတယ်။ အဲဒီကနေတစ်ဆင့် ဆလိုဗေးနီးယား ဒါမှမဟုတ် အီတလီကို သွားချင်ပါတယ်”ဟု အသက် ၃၀ အရွယ် အီဘရာဟီမီက ဆိုသည်။
အရုပ်တစ်ရုပ်နှင့် ဆော့ကစားနေစဉ် နှာချေလိုက်သော သမီးဖြစ်သူ မာဆာကို ကြည့်၍ “ကျွန်တော့်သမီးလေးခမျာ ဆောင်းရာသီစကတည်းက ဒီလိုတွေ ခံစားနေရပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
အီဘရာဟီမီနှင့် ၎င်း၏မိသားစုသည် ခရိုအေးရှားနယ်စပ်ရဲတပ်ဖွဲ့များ၏ ကြိမ်ဖန်များစွာ နှင်ထုတ်ခြင်းကိုခံခဲ့ရပြီး ရဲတပ်ဖွဲ့က ၎င်း၏ ဖုန်းကိုရိုက်ခွဲခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့သည်။
အီဘရာဟီမီသည် ၎င်းနေထိုင်သည့် စောင်များ၊ ကော်ဇောများဖြင့်ဖုံးအုပ်ထားရသောကြမ်းပြင်များ၊ ပျက်စီးနေသောနံရံများနှင့် ရေပြတ်လပ်နေသည့် စွန့်ပစ်ထားသော အိမ်တစ်လုံးတွင် ၎င်းကဲ့သို့ ဒုက္ခရောက်နေသော အခြားအာဖဂန်မိသားစုနှစ်စုကို ခေါ်ဆောင်ထားသည်။ ၎င်းတို့၏နေအိမ်သည် လူသူအရောက်အပေါက်နည်းသော ဘိုဆန်စကာဘိုဂျ်နာ နယ်စပ်ရွာလေးတွင် တည်ရှိသည်။
မှုန်ပျပျ လျှပ်စစ်မီးအလင်းရောင်အောက်၌ အမျိုးသမီးများသည် တစ်ခုတည်းသော မီးအရင်းအမြစ်ဖြစ်သည့် သစ်သားမီးဖိုပေါ်တွင် ကြင်နာတတ်သော ဒေသခံများက လှူဒါန်းသည့် ပစ္စည်းများဖြင့် ညစာချက်ပြုတ် ပြင်ဆင်နေကြသည်။
အသက်ရှင်ရပ်တည်ရေးအတွက် ခက်ခဲနေသော်လည်း အီဘရာဟီမီကမူ သူ့အနေဖြင့် ယခုကဲ့သို့ ထပ်တလဲလဲလုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့တွေ အာဖဂန်နစ္စတန်မှာ အချိန်မရွေး အသက်အန္တရာယ်ကြုံတွေ့နိုင်ပါတယ်”ဟု ၎င်းကဆိုသည်။
၂၀၁၈ ခုနှစ်ကတည်းက ဘော့စနီးယားနိုင်ငံသည် အရှေ့အလယ်ပိုင်း၊ အာရှနှင့် အာဖရိကနိုင်ငံများရှိ ဆင်းရဲချို့တဲ့ပြီး စစ်ပွဲများမှ ထွက်ပြေးလာသော လူပေါင်းသောင်းချီအတွက် ဥရောပသို့ဝင်ရောက်ရန် အဓိက နေရာဖြစ်လာသည်။
လက်ရှိ ဘော့စနီးယားရှိ ရွှေ့ပြောင်းနေထိုင်သူ ရှစ်ထောင်ကျော်အတွက် ခရိုအေးရှားသည် အနောက်ဥရောပနိုင်ငံများဆီသို့ အန္တရာယ်များသည့် ခရီးစဉ်များ၏ နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်သည်။
ခရိုအေးရှားနယ်စပ်သို့ ရောက်ရှိချိန်၌လည်း ၎င်းတို့အား အကြမ်းဖက်သည်ဟု နယ်စပ်ရဲတပ်ဖွဲ့၏ ထပ်တလဲလဲစွပ်စွဲမှုနှင့်အတူ ပြန်လည်ဆုတ်ခွာခဲ့ရသည်။
ယင်းဖြစ်စဉ်များကြောင့် ဘော့စနီးယားနိုင်ငံ၏ အနောက်မြောက်ပိုင်း ဘီဟက်မြို့တွင် ထောင်နှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူများ စုပြုံလာကြသည်။
ရွှေ့ပြောင်းနေထိုင်သူအများစုသည် ကုလသမဂ္ဂက စီစဉ်ပေးထားသော စင်တာများတွင် နေထိုင်ကြသော်လည်း ရာနှင့်ချီသည့် ရွှေ့ပြောင်းနေထိုင်သူများသည် လူမနေသော အိမ်အိုအိမ်ဟောင်းများ၊ စက်ရုံများ သို့မဟုတ် သစ်သားများဖြင့် ယာယီတည်ဆောက်ထားသောစခန်းများတွင် နေထိုင်ခဲ့ကြသည်။
ဘီဟက်မြို့ရှိ ဒေသခံများသည် ဥရောပသမဂ္ဂ၏ နိုင်ငံရေးခိုလှုံခွင့်စနစ်၏ ဝန်ထုပ်ကို ထမ်းထားရသည့်အခြေအနေအပေါ် ပိုမိုခံပြင်းလာကြသည်။
ကလေးငယ်များအပါအဝင် ရာနှင့်ချီသည့် ရွှေ့ပြောင်းနေထိုင်သူများသည် ချမ်းအေးသော ရာသီဥတုဒဏ်ကို ရင်ဆိုင်နေရသော်လည်း ဘီဟက်မြို့ရှိ ဒေသခံအာဏာပိုင်များက ဥရောပသမဂ္ဂ၏ရန်ပုံငွေဖြင့် တည်ဆောက်ထားသည့်စင်တာကို ပြန်လည်ဖွင့်လှစ်ပေးရန် ငြင်းဆန်နေကြသည်။ ဘော့စနီးယားရှိ ရွှေ့ပြောင်းနေထိုင်သူများကို စီမံခန့်ခွဲရာတွင် ကူညီပေးသည့်အနေဖြင့် လွန်ခဲ့သည့်သုံးနှစ်ကျော်က ဥရောပသမဂ္ဂသည် ဒေါ်လာ ၁၀၉ သန်းကို ထောက်ပံ့ပေးခဲ့သည်။
ဘီဟက်မြို့လယ်ရှိ ယင်းစင်တာတွင် တစ်ချိန်ကအမျိုးသားများနေထိုင်ခဲ့ကြသော်လည်း ခရိုအေးရှားနယ်စပ်များကို ပြန်လည်မဖွင့်လှစ်ဘဲ ပိတ်ထားသည့်အတွက် အတိုက်အခံပြည်သူများနှင့် ဒေသခံများက ဆန့်ကျင်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ယင်းစင်တာအား ပိတ်ထားခဲ့သည်။
ဆန့်ကျင်မှုတွင်ပါဝင်သည့် အနုပညာသင်ကြားရေးဆရာ ဆက်ဂျ်ရာမစ်က ဥရောပသမဂ္ဂသည် သူတော်ကောင်းယောင်ဆောင်နေသူများဖြစ်သည်ဟု ပြောကြားခဲ့သည်။
“သူတို့တွေ (အီးယူ) က ဘော့စနီယားနိုင်ငံကို ရွှေ့ပြောင်းနေထိုင်သူတွေရဲ့စခန်းအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေကြတယ်။ သူတို့တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို နိုင်ငံထဲ ပေးဝင်စေချင်တာမဟုတ်ဘူး”ဟု ၎င်းက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
“အီးယူက သူတို့ရဲ့နယ်စပ်တွေကို ပိတ်ထားပြီးတော့ ကျွန််မတို့ကို ဘာလုပ်ရမယ်ဆိုတာ လာပြောနေတယ်”ဟု မကြာသေးမီက ဆန္ဒပြမှုတွင်ပါဝင်သည့် အသက် ၅၀ အရွယ် လက်ဂျ်လာဆိုသည့်ကျောင်းဆရာမက ပြောကြားခဲ့သည်။
ရွှေ့ပြောင်းနေထိုင်သူများကို စခန်းအသစ်သို့ ဘတ်စ်ကားဖြင့် ပို့ဆောင်ပေးမည့် လမ်းကြောင်းများကို ဒေသခံများက ပိတ်ဆိ့ုမှုကဲ့သို့ ဆိုးရွားသည့်အခြေအနေတွင် နေထိုင်နေရသည့် ရွှေ့ပြောင်းနေထိုင်သူများသည် ဒေသခံများ၏ ရန်လိုမှုအချို့နှင့်လည်း ရင်ဆိုင်ခဲ့ကြသည်။
ကျန်းမာသောလူတစ်ဦးသည် ဘီဟက်မြို့မှ ခရိုအေးရှားနှင့် ဆလိုဗေးနီးယားတို့ကိုဖြတ်၍ အီတလီသို့ သစ်တောထဲမှဖြတ်၍ ၂၄ နာရီကြာ လမ်းလျှောက်သွားနိုင်သည်ဟု ဘီဟက်မြို့တော်ဝန် ဆူဟက်ဖက်လစ်က ပြောကြားခဲ့သည်။
အီဘရာဟီနီသည် ၎င်း၏ ၃၁ ကြိမ် မြောက်ကြိုးစားမှုအတွက် ပြင်ဆင်နေသည်။
“ဒီတစ်ကြိမ်မှာတော့ ခရိုအေးရှားနိုင်ငံထဲကို ပြည်ဝင်ခွင့်ရရှိနိုင်မယ့် အခွင့်အရေးတစ်ရပ် ရကောင်းရနိုင်ပါရဲ့”ဟု အီဘရာဟီနီက သက် ပြင်းချကာ ပြောကြားခဲ့သည်။










