ဘာလုပ်နေလဲမေးရင် လေ့ကျင့်နေတယ်။ ဘယ်သူ့အတွက်လည်းမေးရင် ကွီးကောင်မလေးအတွက်ပေါ့။ ဟဲဟဲ။ ကိုဇုန် ပြောတာတစ်ခု သတိရမိတယ်။ ဘာသာစကားတစ်ခု လေ့လာရာမှာ ဖြည်းဖြည်းချင်း မဆုတ်မနစ် လေ့လာရသတဲ့။ ပြည့်စုံတယ်လို့လည်း မရှိဘူးတဲ့။ ငယ်ငယ်တုန်းကလည်း ရူးခဲ့ဖူးပါတယ်။ The Best English မှာ Reader’s Digest အဟောင်းလေးတွေထဲက ဟာသအတိုလေးတွေ ဘာသာတွေ ဘာတွေပြန်ပြီး ရေးဖူးတယ်။ The Key Of Success တို့ဘာတို့ညာတို့ မြှောက်ပေးတာလည်း ပါတယ်။ ဒါပေမဲ့ ဖြစ်ဖြစ်မြောက်မြောက်လည်း ဖြစ်မလာခဲ့ပါဘူး။ ရွာမှာ နွားကျောင်းရင်းတောင် ဘိုလိုစာအုပ် တကိုင်ကိုင်နဲ့ပေါ့။ တကယ်ကျ ကျွန်တော် ဖတ်တတ်လို့ မဟုတ်ပါဘူး။ တစ်လုံးစ နှစ်လုံးစလေး သိရင်မဆိုးဘူး ဆိုပြီး ရန်ကုန်ရောက်တုန်းက စာအုပ်အဟောင်းတန်းသွားပြီး ဝယ်ခဲ့ရတဲ့ စာအုပ်ကလေးတွေပါ။ ရန်ကုန်သွားပြီး စာအုပ်အဟောင်းတွေပဲ ဝယ်လာတဲ့ကောင်ဆိုပြီး တချို့က ရယ်ကြတယ်။ ကျွန်တော်ကလည်း ရယ်စရာကောင်းပါတယ်။ အလုပ်ထဲရောက်တော့ အလုပ်က ပြုတ်သလိုလိုဖြစ်။ တောရောက် တောင်ရောက်။ ဘုန်းကြီးက ကယ်ထားလို့ ထမင်းလေးကတော့ နပ်မှန်နေသေးတယ်။ ကြာလာတော့ မရတော့ဘူး။ လောကဓံဆိုတာမျိုးကလည်း ဇီးဖြူသီးတွေ ဆန်ကောဗန်းထဲ ထည့်လှိမ့်ထားသလိုပါပဲ။ ဒီပရပ်ရှင်က လုံးဝ အကြီးကြီး ဝင်လာတယ်။ ဘာတက်လမ်းမှ မရှိဘူး။ လုပ်ရတဲ့အလုပ်ကလယ် သူရင်းငှားလိုပါပဲ။ ဇာတ်နာစရာတွေ ပြောရရင် လုံးချင်းတွေ ဘာတွေဖြစ်သွားမှာ။ ဒါပေမဲ့ ကျွန်တော်က မရေးတတ်ဘူး။ အိမ်ကစပါး ခိုးရောင်းပြီး ဝယ်လာတဲ့ ဂစ်တာလေး ရိုက်ချိုးပစ်လိုက်တယ်။ ဖတ်မယ့် စာအုပ်တွေ မိုးရေတွေနဲ့ နူးကုန်ပြီ။ နေခဲ့ခံစားခဲ့ရတဲ့ ကာလက အတော်ကြာသွားတော့ လူကဖောက်ချင်လာတယ်။ စိတ်ဓာတ်က လုံးဝမိုင်းနပ်ပါပဲ။ စာတစ်လုံးမှ ကောက်မဖတ်ဖြစ်တော့ဘူး။ ဘီအီးတစ်လုံးဟာ သေဖော်သေဖက် ဖြစ်လာတယ်။ မအောင်မြင်တဲ့ ကဗျာဆရာ အဲဒီလို စခဲ့ပါတယ်။
နေ့လယ်က တွေးမိတာလေးတစ်ခုရှိ တယ်။ ကိုယ့်ဘာသာ အရသာရှိနေတတ်တဲ့ အရာမျိုးလေးတွေပေါ့။ ဘဝကို ခုံမင်စေတတ်တဲ့ အခိုက်အတန့်လေးတွေလို့တော့ ထင်တယ်။ ဥပမာ စာတွေကျက်ပြီး အတန်းထဲ အမှတ်အများဆုံးရတာကို ပျော်တတ်တဲ့သူတွေကျ အမှတ်အများဆုံးရအောင် စာတွေကျက်ရတာကို ပျော်တတ်တဲ့ဖီလင်မျိုး။ တချို့ကျ ပိုက်ဆံထားစရာမရှိအောင် ချမ်းသာလာပြီး သူဌေးအခေါ်ရခံချင်တဲ့ စိတ်နေစိတ်ထားမျိုး။ တစ်ဦးချင်း တစ်ဦးချင်းစီတွေမှာ ကိုယ်ပိုင်အရသာလေးတွေ ရှိတတ်ကြတယ်။ အားလုံးတော့ မတူကြဘူးပေါ့။ အထက်တန်းကျောင်းတုန်းက ပြောခဲ့ကြတဲ့ စကားလုံးလေးလိုပါပဲ။ ကိုယ့်စကွဲယားရုသ်နဲ့ ကိုယ်ပေါ့လေ။
ပြောရဦးမယ်။ ကျွန်တော်က ကြံဖန်တွေးချင်တဲ့ကောင်။ ကျွန်တော်တို့ တောင်တွင်းကြီးမှာ အထက်တန်းကျောင်းတက်တုန်းက လမ်းတွေက ဗွက်ထူတယ်။ တက်တာကတော့ စက်ဘီးနဲ့ တက်ရတာပါ။ မိုးကာအကျႌက ဘိုသီဘတ်သီနဲ့ ထီးအမည်းကြီးကလည်း ပါသေးတယ်။ လမ်းအမာပေါ်ရောက်အောင် စက်ဘီးကြီးကိုလည်း တွန်းရသေးတယ်။ လမ်းအမာပေါ်ရောက်တော့ ထီးလေးကိုင်ပြီး စက်ဘီးစီးမယ်ပေါ့။ စက်ဘီးစီးတာက မကျွမ်းတော့ ထီးကတစ်ဖက် စက်ဘီးတစ်ဖက်နဲ့ လဲပါလေရော။ မိုးကလည်း ရွာနေတာ။ ကျောင်းရောက်တော့ ထီးကျိုးကြီးနဲ့ပေါ့။ မခန့်ပေဘူးလား။ မြင်ရတဲ့ ကောင်မလေးတွေက ရယ်ကြတယ်။ အချောလေးတွေ။ ခုတော့ ဘုတ်အီးတွေ ဖြစ်နေလောက်ပါပြီ။ ကိုယ့်ကောင်တွေက ဟားကြတာပေါ့။ စကွဲယားရုသ်ထီးကြီးနဲ့ ကောင်ပေါ့လေ။ အင်း။ စကွဲယားရုသ်ထဲ နေရတာလည်း မိုးတော့လုံတာ ပါပဲလေ။
ယူကျုတွေဘာတွေ ခေါက်တတ်လာတာလည်း တစ်မျိုးတော့ကောင်းတယ်။ မတတ်တဲ့ မသိတဲ့အရာကလေးတစ်ခုဆို ကောက်ရိုက်ရှာလိုက်ရုံပဲ။ ကမ္ဘာကျော်ဝတ္ထုကြီးတွေ ဖတ်ပြမယ့်သူလည်း ရှိတယ်။ စိတ်ဝင်စားတဲ့ နယ်ပယ်အလိုက် ရိုက်ရှာလိုက်ရုံပါပဲ။ ကိုယ်လိုချင်တာနဲ့တော့ ကွက်တိဖြစ်ချင်မှ ဖြစ်မယ်။ ဂူဂယ်လည်း အတူတူပါပဲ။ ဝင်ကြည့်ချင်တာ ဝင်ကြည့်ရုံပဲ။ အသုံးတည့်တာ မတည့်တာကတော့ တစ်မျိုးပေါ့။ ကိုယ်ရှာချင်တဲ့အရာလည်း ရချင်မှရတတ်တယ်။ မရမချင်း ဝင်မွှေရုံပေါ့လေ။ သင်ရတာလေးတစ်ခု သတိရမိတယ်။ Digital Literacy တဲ့။ ခေတ်က အဲဒီကိုသွားနေပြီ။ သေစာရှင်စာတတ်ရုံနဲ့ မရတော့ဘူး။ ပေါ်လာတဲ့ နည်းပညာတွေကို ကိုင်တွယ်အသုံးပြုတတ်ဖို့ လိုလာတယ်။ အဲဒါမှာ စကားလုံးတစ်လုံး ထပ်လာတယ်။ Digital Divide တဲ့။ မြန်မာလိုပြန်ရရင် ဒီဂျစ်တယ်ကြောင့် ခွဲခြားခံရမှုပေါ့လေ။ မျိုးဆက်အလိုက် ကြာလေ ကွာခြားသွားနိုင်သလို ရွယ်တူလူအုပ်စုတွေကြားမှာလည်း အများကြီး ကွာဟသွားနိုင်တယ်။ နည်းပညာဟာ ကိရိယာတန်ဆာပလာတစ်ခုလို ဖြစ်လာခဲ့ပြီး နေ့စဉ်ဘဝတွေမှာ ပိုမိုလိုအပ်လာနေပါတယ်။ ကျွန်တော် ကြီးကြီးကျယ်ကျယ်တွေသာ လျှောက်ပြောနေတာပါ။ ကွန်ပျူတာ စရိုက်တော့ Time New Roman တို့ ဘာတို့တောင် ကောင်းကောင်းမသိခဲ့ပါဘူး။
ဘိုလိုနားထောင်ရင်း လေ့လာချင်လို့ ရှိရင် Documentry တွေ ကြည့်တဲ့။ ဆောင်းပါးလေးတစ်ပုဒ်ကို ဗဟုသုတရစရာ ဗွီဒီယိုတွေ ရိုက်ပြထားတာ။ ကိုယ့်စိတ်ဝင်စားတာတော့ မိမိဘာသာ ရှာကြည့်ပေါ့။ အပျင်းလည်း ပြေတယ်။ အသိပညာလည်း တိုးရပါတယ်။ ဘာသာခြားစကားတစ်ခုကိုလည်း နားထောင်တတ်တဲ့ အကျင့်ရတယ်။ ဂွတ်ပြီပေါ့။ ဘာတွေကြည့်မိရင်လည်း မေးရင်တော့ အစုံပဲလို့ ပြောရမယ်။ စိတ်ကူးထဲတည့်ရာရိုက်ရှာ လိုက်တာပဲ။ မိုနာလီဆာအကြောင်း ရိုက်ထားတဲ့ အရာကျတော့ မိုနာလီဆာပန်းချီကားကို အနီးကပ်မှန်ဘီလူးနဲ့ ရိုက်ပြတယ်။ ကမ္ဘာကျော်လှပပါတယ်ဆိုတဲ့ ပန်းချီကားမှာ ဆေးစက်အက်ကြောင်းလေးတွေ မြင်အောင်ရိုက်ပြတယ်။ အက်ကြောင်းကလေးတွေက နွေမှာခန်းသွားတဲ့ ကန်ရဲ့အောက်ခြေမျက်နှာပြင်ရဲ့ ပက်ကြားကွဲတွေလိုပဲ။ အက်ကွဲနေကြတယ်။ ပြောရရင်တော့ အုတ်ခဲကျိုးလေးတွေ တစ်စစီဆက်စပ်ထားသလိုပဲ။ ကမ္ဘာကျော် အနုပညာမြောက်တဲ့ ပစ္စည်းက အကျိုးအပဲ့ကလေးတွေ ဆက်စပ်ထားတဲ့ပုံပါပဲ။ ဖန်တီးမှုက အားကောင်းတော့ ကမ္ဘာကျော်တဲ့ အနုပညာလက်ရာ ဖြစ်လာတယ်။
လေယာဉ်ပျံကြီးတွေ ထုတ်လုပ်နေကြတာက စိတ်ဝင်စားဖို့ကောင်းတယ်။ အမှန်တော့ ကျွန်တော်က လေယာဉ်ပျံတွေဝယ်ဖို့ စိတ်ကူးမရှိပါဘူး။ ဝယ်ဖို့စိတ်ကူးမရှိပေမဲ့လည်း ကောင်းကင်အပေါ်ပျံတဲ့ အကောင်ကြီးတွေမို့ စိတ်ဝင်စားတယ်။ ကျွန်တော် ငယ်ငယ်က ရွာဦးဘုန်းကြီးကျောင်းမှာနေတော့ ဆရာတော်က လေယာဉ်ပျံကြီးတွေ အကြောင်းပြောပြဖူးတယ်။ သူစီးဖူးတယ်တဲ့။ ရန်ကုန်မှာ သင်္ဂါယနာတင်တော့ အထက်အညာက ဆရာတော်တွေကို လေယာဉ်ပျံနဲ့ပင့်တော့ စီးဖူးတာပါတဲ့။ စာအုပ်ပါးပါးကလေး ပြသေးတယ်။ လေယာဉ်ပေါ်မှာ ဆောင်ရန် ရှောင်ရန်များပေါ့။ မြန်မာ့လေကြောင်းလိုင်းတော့ မြန်မာလိုရေးထားတာဆိုတော့ ဖတ်တတ်တယ်။ အိမ်သာတက်တာကအစ အရေးပေါ်ထွက်ပေါက်အထိ အသေးစိတ်ဖော်ပြထားတယ်။ လေယာဉ်ပျံကြီးကို စိတ်ဝင်စားပေမဲ့ လေယာဉ်စီးရတာ အလုပ်အတော်ရှုပ်ပါ့လားလို့ ကလေးတုန်းက တွေးဖူးတယ်။ ကမ္ဘာ့မြေဆွဲအားကို လွန်ဆန်ပြီး လေထဲမှာ အကြာကြီးနေပြီး ပျံသန်းနေတဲ့ လူလုပ်တဲ့ အကောင်ကြီးတွေဘဝ။ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။
အခုတော့ လေယာဉ်ပျံထုတ်လုပ်ရေးလုပ်ငန်းတွေကို လေ့လာနေမိပြီ။ ဘယ်လို တပ်ဆင်ထုတ်လုပ်ကြတယ် ဆိုတာကတော့ ယူကျုမှာအများကြီးရှိတယ်။ ကျွန်တော်ကတော့ ပျင်းလာတဲ့အခါ လေယာဉ်ပျံထုတ်လုပ်ရေးတွေကို တစ်ပိုင်းပြီး တစ်ပိုင်းကြည့်နေမိတယ်။ စိတ်ဝင်စားတဲ့အရာမို့ ပျော်စရာတော့ ကောင်းပါတယ်။ လေထဲမှာ ပျံကြရမယ့် အကောင်ကြီးတွေမို့ တပ်ဆင်မှု အဆင့်ဆင့်တိုင်းမှာ သေချာအချိန်ယူပြီး လုပ်ကြရတယ် ထင်ပါတယ်။ ကျွန်တော့်အတွက်တော့ တစ်ခုထူးဆန်းနေတယ်။ လေယာဉ်ပျံလုပ်တဲ့ အင်ဂျင်နီယာတွေက ဘိုလိုတွေ တစ်လုံးမှမပြောဘူး။ တင်ဆက်တဲ့သူကသာ ဘိုလိုမှုတ်နေတာ။ တီဗွီလာရိုက်တယ်ဆိုပြီး ငပိသံနဲ့ ဘိုလိုအတင်းမှုတ်မနေကြဘူး။ ထားပါ။ အရင်က လေယာဉ်ပျံ အင်ဂျင်ဆို ဝမ်းဗိုက်ပူပူကြီးထဲမှာ တပ်ထားတယ်လို့ထင်တာ။ တကယ်တော့ မဟုတ်ဘူးဗျ။ လေယာဉ်ပျံရဲ့ တောင်ပံတွေမှာ တဖက်တစ်လုံးစီမှာ တပ်ထားကြတာ အဲဒီကျမှ ကျွန်တော် သိတော့တယ်။ စစ်တိုက်လေယာဉ်တွေကတော့ အမြီးဘက်မှာ တပ်တာတဲ့။ နာရီ ဘယ်လောက်မောင်းပြီးရင် အစအဆုံး ပြင်ဆင်သန့်ရှင်းရေး လုပ်ကြရတယ်တဲ့။ ပြောမယ့်သာ ပြောတာပါ။ အခု အသက်အရွယ်အထိ ကျွန်တော် လေယာဉ်ပျံ မစီးဖူးဘူး။ ရခိုင်မှာ တာဝန်ကျတုန်းက စီးရဖို့တော့ ကြုံဖူးတယ်။ ဘေမတတ်နိုင်တာနဲ့ မစီးဖြစ်တော့ဘူး။ ကျွန်တော့်မှာ ရည်ရွယ်ချက် ကြီးကြီးမားမားတစ်ခုရှိတယ်။ ရန်ကုန်နဲ့မန္တလေးကို လေယာဉ်စီးပြီး သွားဖူးရမယ်လို့ပေါ့။ ကျွန်တော့် ရည်မှန်းချက်တွေ တွေးပြီးပျော်နေမိပါတယ်။
ရေကူးနည်းသင်တန်းတောင် အွန်လိုင်းကနေ သင်တော့မယ်ဆိုလား။ အွန်လိုင်းသင်တန်းတွေ အလျှိုလျှို ပေါ်လာကြတယ်။ သင်တန်းတွေက တက်ချင်စရာတွေမှ အများကြီးပဲ။ စျေးတန်တာရော မတန်တာတွေရော အများကြီးပါပါတယ်။ အင်တာနက်သုံးခွင့် ရလာကြတဲ့ နောက်ပိုင်းမှာ ရွေးချယ်စရာတွေ အခွင့်အရေးတွေ များပြားလွန်းနေတာလည်း ဒုက္ခတစ်ခုလိုပဲ ဖြစ်လာတယ်။ ကျွန်တော်ဆို အွန်လိုင်းအဘိဓမ္မာသင်တန်းကိုလည်း တက်ချင်နေတယ်။ ကွန်ပျူတာလေး ဖြောင့်ဖြောင့်ရိုက်တတ်အောင် ကွန်ပျူတာသင်တန်းလည်း တက်ထားတယ်။ စာရေးနည်းသင်တန်းဆိုလည်း တက်လိုက်တာပါပဲ။ ဟိုတက်လိုက် ဒီတက်လိုက်နဲ့ ဘေကတော့ကုန်သဗျို့။ သင်တန်းတွေ တက်နေတော့ အဟုတ်ကြီးတော့ မထင်လိုက်ပါနဲ့။ ဇွမ်းနဲ့သင်တာဆို ဗီဒီယိုကင်မရာလေးတော့ ပိတ်တတ်နေပါပြီ။ အခုလည်း အွန်လိုင်းကဖွင့်တဲ့ လေယာဉ်မောင်း သင်တန်းတော့ ဖွင့်ဦးမယ်ကြားတယ်။ အွန်လိုင်းကသင်တဲ့ လေယာဉ်ပျံမောင်းသင်တန်းဆိုတော့ အလကားရရင် တက်ဦးမှပဲ။
အွန်လိုင်းကနေ လေယာဉ်ပျံမောင်းနည်းတွေ သုံးနှစ်သုံးမိုး သင်လာပြီးတဲ့အခါမှာ မောင်ချောတစ်ယောက်ဟာ ရွာပြန်လာရတော့လေသတဲ့ကွယ်။ မောင်ပေါက်ကျိုင်းလိုလည်း စကားကြီးသုံးခွန်း မတတ်ရှာဘူး။ မေခလာကလည်း ဘယ်တော့မှ မကယ်ဘူး။ သူ့ဘာသာ အွန်လိုင်းစျေးရောင်းနေတာတွေနဲ့ ဒစ်လည်နေတာ။ အမှန်တော့ သူကအွန်လိုင်းခရိုင်ရုံးမှာ အလုပ်လုပ်နေတာပါ။ အွန်လိုင်းက ဆင်းလာတဲ့ကောင်ဆိုတော့ ဘယ်ယောက္ခမကမှ အမျိုးမတော်ချင်ကြဘူး။ တက္ကသိုလ်ကပြန်လာတဲ့ ကျောင်းသားကြီးကို အဖေကလှည်းနဲ့ လာကြိုတယ်။ ကျေးဇူးရှင်နွားညိုကြီးကို နှုတ်ဆက်လိုက်သေးတယ်။ ငါ လေယာဉ်မောင်းသင်တန်း ဆင်းလာတဲ့ကောင်ကွ။ နွားညိုကြီးက လှည်းမှာရုန်းရင်း နဲ့ ဘွတ်အီးဘွတ်အီးနဲ့ ရယ်နေတယ်။
ရွာမှာ စာသင်ကျောင်း မရှိခဲ့။ ဒိုးတွေ ဘာတွေပစ်ရင်းလှိမ့်ရင်းနဲ့ ရွာဦးဆရာတော် ကောင်းမှုကြောင့် ဝလုံးတော့ ရေးတတ်သွားတယ်နဲ့ တူတယ်။ အတန်းကျောင်းလို့ခေါ်တဲ့ မူလတန်းကျောင်းတက်ဖို့ တခြားရွာက အမေ့ ဦးလေး ကျွန်တော့်အဘကြီး ဘဘုန်းကြီးကျောင်းမှာ သွားနေရမယ်တဲ့။ အမေက ဘဘုန်းဆီ အပ်တော့ ကျွန်တော် စားဖို့တဲ့။ ဆန်လေးတစ်စိတ်ရယ်၊ ဆီလေး တစ်ပုလင်းရယ်။ အလွန်ဆုံး ကျွန်တော့်အရွယ်က လေးငါးခြောက်နှစ်သားပဲ။ အမေတို့ ပြန်တော့ ငိုလိုက်တာမှ တအား။ အလံမရှိတဲ့ အလံတိုင် ကြီးနားကနေ ကျုပ်ကို လိုက်ပို့တဲ့ အမေ့ရဲ့ လှည်းပြေးပြီ။ ကျွန်တော် ကျောင်းဆိုတာကြီး မသိခဲ့ဘူး။ ဆရာမက ဘာစာတွေ သင်မှန်းလည်း မသိဘူး။ ကကြီးရေက ယပင့်ကျ ဆိုရင် သူတို့ အတန်းကျောင်းက ကကြီးယပင့်ကျ။ ကျွန်တော် မဖတ်တတ်ဘူး။ ငယ်ဆရာမက ဒေါ်တင်မန်းမာတဲ့။ ကျွန်တော့်ကို နှပ်ရည်တွေ ညှစ်ပေးတယ်။ နှဖူးကို သာသာလေး ခေါက်တတ်တယ်။ အဲဒီတုန်းကလေ ရဝတဥက္ကဋ္ဌဆိုရင် ရွာထဲမူးပြီး ဆဲလို့ရတယ်။
မှောင်နေတာပဲ။ ဘဘုန်းက အစောကြီး မအိပ်ခိုင်းဘူး။ ဘုန်းကြီးကျောင်းကပ်နေရတာက ညဆိုနောက်ကျမှ အိပ်ရတယ်။ မနက်ဆို အစောကြီး ထရတယ်။ အဲဒီအရွယ်က အလွန်ဆုံး ကျုပ်ရှိလှ လေးငါးခြောက်နှစ်ပေါ့။ မျက်ချေးတွေနဲ့ ငိုက်ရတယ်။ အေအီးအာအို ပီလယ်အေအန်အီး အဲရိုးပလိန်း လေယာဉ်ပျံ။ ဆရာမက စာကျက်ခဲ့တဲ့။ အမေမရှိတဲ့ အရပ်လေ။ ဘုန်းကြီးကျောင်းရဲ့ ခွေးလှေကားထစ်ရဲ့ အထပ်။ ဘာတွေ မှတ်မိလဲဆိုတော့ ခေတ်ကြီးကို သိပ်မုန်းတာပဲ။ ဘဘုန်းကြီးက ရေဒီယိုကြီး တဂွီဂွီနဲ့။ ဘိုမြတို့ ဘာတို့ သိပ်ခေတ်စားတာပေါ့လေ။ ဘီဘီစီတို့ ဘာတို့တောင် ဘဘုန်းတောင် ခိုးနားထောင်ရတာနဲ့ တူတယ်။ ဘဘုန်းကြီးတောင် ခပ်ကြောက်ကြောက်ပဲ ထင်တယ်။ အဲဒီခေတ်က ခင်ဗျားတို့ ပြည်ကြီးကလည်း လေယာဉ်ပျံ သိပ်မပေါဘူး။ ကျွန်တော်တို့ ပေါသွားတယ်။
ဝဲပြသွားပါတယ်။ သိပ်မှောင်လွန်းသွားပြီ။










