ကပ်ရောဂါ၏ရိုက်ခတ်မှုကိုခံနေရသည့် တရုတ်နှစ်သစ်ကူး

ကပ်ရောဂါ၏ရိုက်ခတ်မှုကိုခံနေရသည့် တရုတ်နှစ်သစ်ကူး
Published 5 February 2021
မြတ်သက်မှူးကို

တရုတ်နိုင်ငံ ဝူဟန်မြို့၏ လူသွားလမ်းကြားတစ်နေရာတွင် အနီရင့်ရောင်မီးအိမ်များ အစီအရီချိတ်ဆွဲထားသော်လည်း စျေးဝယ်သူများ အနည်းငယ်မျှသာရှိသည်။

ယင်းနေရာတစ်ဝိုက်ရှိ စတိုးဆိုင်ပိုင်ရှင် ကုန်းလင်းဟွာက “အရင်နှစ်တွေတုန်းကဆို ကျွန်မဆိုင်ရှေ့မှာ မုန့်ရောင်းတဲ့ လှည်းတွေမှ အပြည့်ပဲ”ဟု ယခင်အခြေအနေများကို ပြန်ပြောင်းပြောပြခဲ့သည်။

“ကျွန်မစီးပွားရေးလုပ်တဲ့ နှစ် ၂၀ အတွင်းမှာ ဒီလိုအခြေအနေမျိုး ကြုံဖူးတာ ပထမဆုံးပဲ”ဟု နှစ်သစ်ကူးအလှဆင်ပစ္စည်းများ ရောင်းချသည့်ကုန်းက ဆိုသည်။

အသက် ၆၀ အရွယ်ဖြစ်သည့် သူ့အတွက် စီးပွားရေးပြန်အဆင်ပြေလာဖွယ် မရှိလျှင် အနားယူတော့မည်ဟု စိတ်ကူးထားကြောင်း ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ် နောက်ဆုံး သုံးလအတွင်း စီးပွားရေး ၆.၅ ရာခိုင်နှုန်း ဖွံ့ဖြိုးခဲ့သည့် တရုတ်နိုင်ငံပင်လျှင် ပြန်လည်နာလန်ထူမှုများမှာ မပြေလည်သေးသည့်အပြင် မကြာသေးမီကဖြစ်ပွားခဲ့သော ဗိုင်းရပ်စ်ကူးစက်မှု အသစ်များကြောင့်  အချို့စီးပွားရေးလုပ်ငန်းများမှာ မျှော်လင့်ချက် လျော့နည်းနေကြသည်။

ဆောင်းရာသီသည် တရုတ်၏ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို အရှိန်မြင့်စေခဲ့ပြီး ဇန်နဝါရီလအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၂,၀၀၀ ကျော်ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ နှစ်ဦးရှိသည်။

ယင်းအရေအတွက်သည် အခြားနိုင်ငံများ၏ ကူးစက်ခံရသူနှင့် သေဆုံးသူအရေအတွက်နှင့်နှိုင်းယှဉ်လျှင် လျော့နည်းနေသော်လည်း စိုးရိမ်နေကြသည့် တာဝန်ရှိသူများက တရုတ်၏အကြီးဆုံး အားလပ်ရက်များတွင် အပါအဝင်ဖြစ်သည့့် နှစ်သစ်ကူးပွဲတော်၌ ခရီးသွားလာခြင်းနှင့် အခြားလှုပ်ရှားမှုများကို မပြုလုပ်ကြရန် တားမြစ်ချက်ထုတ်ပြန်ခဲ့သည်။

ယင်းတားမြစ်ချက်များသည်လေကြောင်းလိုင်းများ၊ မီးရထားလိုင်းများ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များအတွက် ထိုးနှက်ချက်တစ်ရပ်ဖြစ်စေခဲ့ပြီး ခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်လာသည့် လွန်ခဲ့သည့် အောက်တိုဘာလ အားလပ်ရက်ကြီးနှင့် ဆန့်ကျင်ဘက်အနေအထားကို ရောက်ရှိခဲ့သည်။

ဟောင်ကောင်အခြေစိုက် သတင်းစာ၌ ဟောင်ကောင်၏ ယခုနှစ် နှစ်သစ်ကူးည စီတန်းလှည့်လှည်ပွဲကို အွန်လိုင်းပေါ်မှ စျေးရောင်းပွဲတော်နှင့် အစားထိုးသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင်ကျရောက်မည့် နှစ်သစ်ကူးမတိုင်မီ သီတင်းနှစ်ပတ်ခန့်အလိုနှင့်အတူ ဝမ်ချွေ့လန်သည် ၎င်းစတိုးဆိုင်၏ ရောင်းအားသည် ပုံမှန်နှစ်များ၏ ရောင်းအားထက် ထက်ဝက်ခန့်မျှသာရှိသည့်တိုင် ယုံကြည်ချက်ဆက်လက်ထားရှိခဲ့သည်။

ဝမ်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့ ဖွင့်လှစ်ထားသည့်ဆိုင်သည် လူသွားလမ်းကြား တစ်နေရာရှိ ကုန်း၏ဆိုင်နံဘေး၌ တည်ရှိပြီး ယင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည်မှာ နှစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဟိုတယ်နှင့် ဖျော်ဖြေရေးအခမ်းအနားများ၏ စီးပွားရေးလုပ်ငန်းများ ကျဆင်းခဲ့သည့်အတွက် ပွဲစီစဉ်သူများသည် အလှဆင်ပစ္စည်းများအတွက် ၎င်းတို့ထံမှ မှာယူမှုကျဆင်းခဲ့သည်ဟု ၎င်းကဆိုသည်။

ယခုနှစ်သည် ပြီးခဲ့သည့်နှစ်ထက် ရောင်းအား ပိုမိုကျဆင်းခဲ့သည်။

၂၀၂၀ ခုနှစ်အတွင်း နှစ်သစ်ကူးမတိုင်မီ ကပ်ရောဂါစတင်တွေ့ရှိခဲ့သည့် ဝူဟန််မြို့ကို အသွားအလာကန့်သတ်ပိတ်ဆို့ခဲ့သည်။ 

ထိုအချိန်က ကြွက်နှစ်နှင့်သက်ဆိုင်သည့် ပစ္စည်းများအားလုံး ရောင်းကုန်သွားခဲ့ပြီးဖြစ်သည်။

ယခုလအစောပိုင်းတွင် ဝူဟန်တွင် ဗိုင်းရပ်စ်ထပ်မံကူးစက်ခံရမည်စိုးသောကြောင့် နေအိမ်၌သာနေထိုင်ကြရန် ထုတ်ပြန်ခဲ့ပြီးနောက် လွန်ခဲ့သည့်သီတင်းပတ်က စျေးဝယ်သူအနည်းငယ်ရှိခဲ့သည်။

“တကယ်လို့ ကပ်ရောဂါအခြေအနေ တည်ငြိမ်သွားပြီး အခြေအနေကောင်းမွန်သွားမယ် ဆိုရင် ဒီပစ္စည်းတွေအားလုံး ၁၀ ရက်အတွင်း ဒါမှမဟုတ် ရက်အနည်းငယ်အတွင်း ရောင်းချနိုင်လိမ့်မယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်”ဟု ဝမ်က ပြောကြားခဲ့သည်။

ဝမ်၏ အတွေးထဲ၌ စီးပွားရေးတစ်ခုသာ ရှိသည်မဟုတ်။ နှစ်သစ်ကူးအချိန်သည် မိသားစုများ တွေ့ဆုံသည့်အချိန်အခါဖြစ်သည်။

လုပ်ခလစာကောင်းမွန်သည့် အလုပ်ရရှိရန် မွေးရပ်ဇာတိကိုစွန့်ခွာ၍ တစ်ရပ်တစ်ကျေးတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသော ရွှေ့ပြောင်းအလုပ်သမားများအတွက် နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးအားလပ်ရက်များတွင် နေရပ်ဇာတိကို ပြန်လာလေ့ရှိကြသည်။

ဝမ်က အိမ်နီးချင်းဟူနန်ပြည်နယ်တွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် သူ၏ အသက် ၂၆ နှစ်အရွယ် သမီးဖြစ်သူသည် အိမ်ကိုပြန်လာချင်နေလိမ့်မည်ဟု ပြောကြားခဲ့သည်။

အစိုးရက အားလပ်ရက် ခရီးမထွက်ရန် တားမြစ်ပိတ်ပင်ချက် မထုတ်ပြန်ထားသော်လည်း ခရီးသွားလာမှုများ မပြုလုပ်ရန် ပြင်းပြင်းထန်ထန် ဟန့်တားခဲ့သည်။

မြို့အများအပြားတွင် လာရောက်သူများနှင့် ထွက်ခွာသူများကို ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊ မရှိ စစ်ဆေးမှုများအရ ကူးစက်ခံရခြင်းမရှိသည့် ရလဒ်များပြသနိုင်ရန် လိုအပ်ပေသည်။

“သမီးလေးက အိမ်ပြန်လာချင်နေပါတယ်။ အစိုးရကသာ တင်းကျပ်တဲ့စည်းမျဉ်းတွေ မထုတ်ပြန်ဘူးဆိုရင် သမီးလေးပြန်လာပါလိမ့်မယ်”ဟု ဝမ်က ပြောကြားခဲ့သည်။

ယင်းအချိန်အတောအတွင်း စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မလေးရှားနှင့် တရုတ်နိုင်ငံသားများသည် ကပ်ရောဂါကာလအတွင်း ခရီးသွားလာခွင့် တားမြစ်ကန့်သတ်ချက်များကြောင့် နှစ်သစ်ကူးကာလအတွင်း ၎င်းတို့၏နိုင်ငံများကို ပြန်နိုင်မည် မဟုတ်ဘဲ စင်ကာပူမှာပင် နှစ်ကူးရဖွယ် ရှိနေသည်။

“မလေးရှားမှာ ကျန်ခဲ့တဲ့ ကျွန်မသမီးလေးနဲ့ ပြန်တွေ့ချင်နေပါပြီ။ သမီးက အရမ်းငယ်သေးတော့ ကျွန်မတို့ကိုတောင် မှတ်မိပါတော့မလားမသိဘူး”ဟု စင်ကာပူတွင် ခင်ပွန်းသည်နှင့်အတူ အလုပ်လုပ်ကိုင်နေသည့် မလေးရှားအမျိုးသမီးတစ်ဦးဖြစ်သည့် ချိုင်ဆူယန်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၈ ရက်၌ စတင်ခဲ့သော အားလပ်ရက် ခရီးသွားကာလ၏ ပထမသုံးရက်အတွင်း ကားများ၊ လေယာဉ်များနှင့်မီးရထားများဖြင့် ခရီးသွားလာမှုနှုန်းသည် ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပုံရသည်ဟု ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မီဒီယာတွင် ဖော်ပြခဲ့သည်။

၂၀၁၉ ခုနှစ် ရက် ၄၀ ကာလတူနှင့် နှိုင်းယှဉ်လျှင် ခရီးသွားလာမှုနှုန်း ၄၀ ရာခိုင်နှုန်း ကျဆင်းလိမ့်မည်ဟု ဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ခဲ့သည်။

စက်ရုံများ၊ ဆိုင်များနှင့် ယာခင်းများတွင် သီတင်းတစ်ပတ် သို့မဟုတ် ထိုအချိန် ထက်ပို၍ ပိတ်မည့်အစား လုပ်ငန်းများကို ဆက်လက်လည်ပတ်ဖွယ်ရှိနေသည်ဟု စီးပွားရေးခန့်မှန်းလေ့လာသူများက ပြောကြားခဲ့သည်။

တရုတ်နှစ်သစ်ကူးအတွက် စျေးသည်များသည် ၎င်းတို့၏ ကုန်ပစ္စည်းများကို ဆိုင်တွင် ခင်းကျင်း၍ ဆိုင်ဝင်ပေါက်များတွင် ကြီးမားသော မီးပုံးများကို ချိတ်ဆွဲ၍ နွားအရုပ်များကိုလည်း ခင်းကျင်းရောင်းချနေသည်။ ဝမ်၏သားနှင့်တူဖြစ်သူတို့မှာ စျေးဆိုင်အခင်းအကျင်းတွင် ပါဝင်ကူညီပေးနေသည်။

ရောင်းမကုန်သည့် နွားနှင့်ပတ်သက်သော မည်သည့်နှစ်သစ်ကူးပစ္စည်းမဆို ပျက်စီးနိုင်သောကြောင့် လွှင့်ပစ်ရဖွယ်ရှိနေသည်။

တရုတ်ဆယ့်နှစ်ရာသီခွင်တွင် ရာသီခွင် တစ်ပတ်သည် ၁၂ နှစ်ဖြစ်ပြီး ကြွက်နှစ်မှစ၍ ဝက်နှစ်အထိဟူ၍ တိရစ္ဆာန် ၁၂ ကောင်ဖြင့် ကိုယ်စားပြုထားသည်။

ယင်းတိရစ္ဆာန် ၁၂ ကောင်မှာ ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေးနှင့် ဝက်တို့ဖြစ်ကြပြီး ယင်းတိရစ္ဆာန်တစ်ကောင်ချင်းစီတွင် ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းသတ္တိများရှိသည်ဟု ယုံကြည်ထားကြသည်။

Most Read

Most Recent