ရုရှား၏ကာကွယ်ဆေး ထိရောက်မှု ကောင်းမွန်ကြောင်း ရလဒ်ထွက်လာခဲ့ပြီးနောက် ဥရောပက ရုရှားကာကွယ်ဆေးကို အသုံးပြုရန် ဖြစ်နိုင်ခြေ များလာ

ရုရှား၏ကာကွယ်ဆေး ထိရောက်မှု ကောင်းမွန်ကြောင်း ရလဒ်ထွက်လာခဲ့ပြီးနောက် ဥရောပက ရုရှားကာကွယ်ဆေးကို အသုံးပြုရန် ဖြစ်နိုင်ခြေ များလာ
မော်စကိုမြို့ရှိ ဓာတ်ခွဲခန်းတစ်ခန်းတွင် ရုရှား၏ Sputnik V ကာကွယ်ဆေးပုလင်းအား တွေ့ရစဉ်(Photo:AFP)
မော်စကိုမြို့ရှိ ဓာတ်ခွဲခန်းတစ်ခန်းတွင် ရုရှား၏ Sputnik V ကာကွယ်ဆေးပုလင်းအား တွေ့ရစဉ်(Photo:AFP)
Published 3 February 2021
Ref: AFP

ရုရှား၏ ဗိုင်းရပ်စ်ကာကွယ်ဆေး Sputnik V သည် ၉၁.၆ ရာခိုင်နှုန်း ထိရောက်မှု ရှိကြောင်း နောက်ဆုံးအဆင့် စမ်းသပ်ရလဒ်များကို ဖေဖော်ဝါရီ ၂ က ထုတ်ပြန်ခဲ့ပြီးနောက် ဥရောပက ရုရှားကာကွယ်ဆေးကို အသုံးပြုရန် ထုတ်ဖော်ပြောကြားလာခဲ့သည်။

ဆိုဗီယက်ခေတ် ဂြိုဟ်တု၏အမည်ကို အစွဲပြု၍ အမည်ပေးထားသော Sputnik V ကာကွယ်ဆေးသည် နောက်ဆုံးအဆင့် စမ်းသပ်မှု ရလဒ် မထုတ်ပြန်မီ လပေါင်းများစွာ ရုရှား၌ အသုံးပြုခွင့်ပေးထားပြီး ဖြစ်သည်။

အဆင့် (၃) စမ်းသပ်မှု၌ လူ ၂၀,၀၀၀ ကို စမ်းသပ်ခဲ့ပြီးနောက် သုံးသပ်ထားသော အချက်အလက်များကို ဆေးပညာဂျာနယ် Lancet တွင် ဖော်ပြခဲ့ရာ Sputnik V ကာကွယ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကို ၉၁.၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ပါရှိခဲ့သည်။

မလျော်မကန် အလောတကြီး ဆောင်ရွက်ခဲ့မှု၊ အချိန်နှင့်ငွေ သက်သာရန် အမြန်လမ်း လိုက်မှု၊ ပွင့်လင်းမှု မရှိမှုတို့ကြောင့် Sputnik V ကာကွယ်ဆေး ထုတ်လုပ်မှုကို ဝေဖန်ခဲ့ကြသော်လည်း တင်ပြလာသော ရလဒ်များအရ ယင်းကာကွယ်ဆေး၏ထိရောက်မှုသည် ရှင်းလင်းပြတ်သားသောကြောင့် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် ပါဝင်နိုင်သည့် နောက်ထပ်ကာကွယ်ဆေးတစ်မျိုး ဖြစ်လာကြောင်း ရက်ဒင်းတက္ကသိုလ်မှ အီရန်ဂျုံးက ပြောကြားခဲ့သည်။

ရလဒ်များအရ Sputnik V ကာကွယ်ဆေးသည် Pfizer/BioNTech ၊ Moderna တို့၏ ကာကွယ်ဆေးများကဲ့သို့ ထိရောက်မှု ၉၀ ရာခိုင်နှုန်းကျော်သော ထိပ်တန်းကာကွယ်ဆေး ဖြစ်လာခဲ့သည်။

Sputnik V ကာကွယ်ဆေးကို ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း နိုင်ငံများ၊ ဗင်နီဇွဲလား၊ အီရန်ကဲ့သို့ ရုရှား မဟာမိတ်များ၊ တောင်ကိုရီးယား၊ အာဂျင်တီးနား၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား၊ ပါကစ္စတန် ကဲ့သို့ နိုင်ငံများတွင် မှတ်ပုံတင်ထားပြီး ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကို အဆိုးဆုံး ခံနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော မက္ကဆီကိုသည် Sputnik V ကာကွယ်ဆေးကို ဖေဖော်ဝါရီ ၂ က ခွင့်ပြုပေးခဲ့သည်။

ရုရှား၏ကာကွယ်ဆေး သတင်းကို တုံ့ပြန်သည့်အနေနှင့် ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာမာကယ်က ဥရောပသမဂ္ဂတွင် ကာကွယ်ဆေးအားလုံးကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

နွေအကုန်တွင် ကာကွယ်ဆေးထိုးချင် သူတိုင်းအား ကာကွယ်ဆေးတစ်မျိုးကို ထိုးပေးမည် ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ဖေဖော်ဝါရီ ၂ တွင် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ၊ ဂျာမနီတို့နှင့်အညီ ပြင်သစ်က ကျင့်သုံးနေသော မဟာဗျူဟာသည် ဥရောပတွင် ကာကွယ်ဆေးကို ထိရောက်စွာ ထိုးနှံရေး ဖြစ်ကြောင်း မက်ခရွန်က ပြောကြားခဲ့သည်။

အမေရိကန်၊ ဗြိတိန်၊ အစ္စရေးတို့၏ နောက်တွင် ကျန်နေခဲ့သော ဥရောပ၏ကာကွယ်ဆေးထိုး အစီအစဉ်အတွက် စိတ်ပျက်နေကြသော နိုင်ငံသားများ၊ နိုင်ငံရေးသမားများ၏ ဝေဖန်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရသော ဥရောပသမဂ္ဂ ဥက္ကဋ္ဌ အူရ်ဆူလာဗွန် ဒါလေယန်က ဆုံးဖြတ်ချက် အမှားအယွင်းများ ရှိခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ကာကွယ်ဆေး အလုံအလောက် ထောက်ပံ့ပေးရန် ပျက်ကွက်မှုနှင့် အသက် ၆၅ နှစ်အထက်များတွင် ထိရောက်မှု ရှိကြောင်း ရလဒ်အထောက်အထား မရှိမှုတို့အတွက် ဥရောပသမဂ္ဂသည် ဆေးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca နှင့် အငြင်းပွားနေသည်။

Most Read

Most Recent