အစိုးရအဆက်ဆက် အုပ်စိုးသည့် နိုင်ငံတော် တာဝန်ရှိသူများ လက်ခံသော အယူအဆနှင့် ဖွင့်ဆိုသည့် ဝေါဟာရများမှလွဲ၍ နိုင်ငံရေးအကျဉ်းသားဆိုသည့် အဓိပ္ပာယ်ကို လက်ရှိ အရပ်သားအစိုးရ လက်ထက်အထိ တရားဝင်သတ်မှတ်နိုင်ခြင်း မရှိသေးပေ။
ဇန်နဝါရီ ၈ ရက်က နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်၍ ယခုလို ပြောကြားခဲ့သည်။
“နိုင်ငံရေးအကျဉ်းသားဆိုတာ နိုင်ငံရေး ယုံကြည်ချက်အရ ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုကြောင့် အရေးယူခံထားရသူတွေ။ ဥပဒေနဲ့အညီ ဆန္ဒထုတ်ဖော်တာ ဖြစ်ရမယ်။ အဲဒီလိုလုပ်လျက်သားနဲ့ ဖမ်းဆီး အပြစ်ပေးအရေးယူတာ နိုင်ငံရေးအကျဉ်းသားပဲ။ အဲဒီလို ကျွန်တော်တို့ သတ်မှတ်ထားတယ်။ ဥပဒေချိုးဖောက်မှုဆိုင်ရာ အပိုင်းတွေက နိုင်ငံရေးအကျဉ်းသားနဲ့ မဆိုင်ဘူး”ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောကြားသည်။
နိုင်ငံတော်မှ ယခုကဲ့သို့ ကျိုးကြောင်းညီညွတ်မှုကင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုမှုကို နိုင်ငံရေးအကျဉ်းသား စကားရပ်ကို ပုံဖျက်ခြင်းဖြစ်သလို နိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ရှိခဲ့သည်၊ လက်ရှိလည်း ရှိနေသည်ကို သွယ်ဝိုက်ငြင်းဆိုရာ ရောက်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) က ဇန်နဝါရီ ၉ ရက်တွင် ထုတ်ပြန်သည်။
“နောက်တစ်ခုက ခေတ်အဆက်ဆက် ပုံပျက်အောင် လုပ်လာခဲ့တဲ့လူတွေ အလိုကျပေါ့။ တစ်ဖက်လှည့်နဲ့ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ ပုံစံမျိုးတွေလည်း တွေ့မြင်လာရတဲ့ အခါကျတော့ အဲဒီအပေါ်မှာတော့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး”ဟု FPPS အဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည် က ပြောကြားသည်။
ဦးဇော်ဌေး ပြောကြားသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်မှာ လက်ရှိအစိုးရ တာဝန်ရှိသူတစ်ဦး၏ နိုင်ငံရေးအကျဉ်းသား နှင့် ပတ်သက်၍ ပထမဆုံးပြောကြားချက် မဟုတ်ပေ။
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက ၂၀၁၆ ခုနှစ် ဇွန် ၂၇ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် “နိုင်ငံရေး ယုံကြည်ချက်ကြောင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုအပေါ် အရေးယူခံရမှုကိုသာ နိုင်ငံရေးအကျဉ်းသားအဖြစ် လက်ခံသည်”ဟု ပြောကြားချက်ကို ဖော်ပြခဲ့ဖူးသည်။
ထို့သို့ အစိုးရ၏ နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံနှုန်းများနှင့် နှိုင်းယှဉ်လျှင် အလွန်ကျဉ်းမြောင်းကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဝေဖန်သည်။
၎င်းက “အခုလို အစိုးရက ကျဉ်းမြောင်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ဖွင့်ဆိုပြီးတော့ အလုပ်လုပ်နေတယ် ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးက အလှမ်းဝေးနေဦးမယ်။ ငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမယ်။ ရှိနေတဲ့ ပြဿနာတွေက ပိုဆိုးလာနိုင်တဲ့ အနေအထားမျိုးမှာ ဖြစ်သွားနိုင်ပါတယ်”ဟု ပြောကြားသည်။
နိုင်ငံရေးအကျဉ်းသား ဖြစ်လာစေသည့် အဓိက အကြောင်းရင်းများမှာ မတရားသဖြင့် ဖမ်းဆီးခံရခြင်း၊ လွတ်လပ်ခွင့်များ ရုပ်သိမ်းခံရခြင်းနှင့် မျှတသည့် တရားစီရင်ခွင့် မရရှိခြင်းတို့ အပါအဝင် ဥပဒေများက မျှတသည့် ဥပဒေများ ဖြစ်မနေခြင်းကြောင့်ဟု ဦးဘိုကြည်က ပြောကြားသည်။
“ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်နေတဲ့သူတွေ ဒီလူတွေက အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်း ခံရတယ်ဆိုရင် ကျွန်တော်တို့က နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ဖို့ လိုတယ်။ အဲဒီတော့မှ တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿနာတွေ ကျွန်တော်တို့ ဖြေရှင်းနိုင်တာ ဖြစ်သွားမယ်”ဟု အဆိုပါ AAPP တာဝန်ရှိသူက ဆိုသည်။
ပြည်သူအများစု ရွေးကောက် တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ တာဝန်ရှိသူအချို့ ပြောကြားသည့် နိုင်ငံရေးအကျဉ်းသား ဖွင့်ဆိုချက်အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းအချို့ စိတ်ပျက်လျက်ရှိသည်။
“နိုင်ငံရေးအယူအဆတစ်ခုကို လွတ်လပ်စွာ ဖော်ထုတ်တဲ့အခါမှာ ဥပဒေနဲ့အညီ ဖော်ထုတ်ပါလျက်နဲ့ ဖမ်းဆီး အရေးယူခံရတဲ့သူတွေကို နိုင်ငံရေးအကျဉ်းသားလို့ သူက ပြောလိုက်တဲ့အခါကျတော့ ငါတို့တွေ ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကာလမှာ ငါတို့တွေက ဥပဒေနဲ့မညီတဲ့ နိုင်ငံရေးလုပ်ရပ်တွေ လုပ်ခဲ့လို့ အဖမ်းခံရတယ်လို့ သဘော သက်ရောက်တာပေါ့”ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောကြားသည်။
အစိုးရ၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းများ ဖြစ်သည့် နိုင်ငံတော်သမ္မတရုံးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး တာဝန်ရှိသူများ ပြောကြားချက်ဖြစ်၍ အစိုးရသဘောထားကို အထိုက်အလျောက် ထင်ဟပ်မည် ဟု ယူဆဖွယ်ရာ ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
သို့သော် လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကမူ သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် နိုင်ငံရေးအကျဉ်းသားဆိုင်ရာ ဝေါဟာရမှာ တရားဝင် သတ်မှတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မဟုတ်ဟု ငြင်းဆိုသည်။
“နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်က တရားဝင် သတ်မှတ်ထားတာ ကျွန်တော်တို့ အစိုးရအဖွဲ့မှာရော ကျွန်တော်တို့ အဖွဲ့ချုပ်မှာရော လောလောဆယ် မရှိသေးပါဘူး။ ယာယီသဘောပဲ သုံးနေတဲ့ သဘောရှိပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုမှုဆိုင်ရာ အငြင်းပွားမှုများကြောင့် အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသား ဝေါဟာရကို နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆွေးနွေးညှိနှိုင်းပြီး တရားဝင် သတ်မှတ်ပေးရန် လိုအပ်ကြောင်း ထောက်ပြမှုများရှိလာသည်။
“ဒီဟာကို တစ်ဦး တစ်ယောက်တစ်ဖွဲ့က ပြောနေမယ်ဆိုရင် ဒါက အငြင်းပွားစရာတွေ အများကြီးဖြစ်လာမှာ ဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မကြာခင်မှာ တာဝန်ယူတော့မယ့် NLD အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ စုဖွဲ့မယ့် လွှတ်တော်အနေနဲ့ကတော့ တရားဝင် ဥပဒေတစ်ရပ် အမြန်ဆုံးပြဋ္ဌာန်းပေးဖို့ တိုက်တွန်းတောင်းဆို အကြံပြုချင်ပါတယ်” ဟု FPPS အဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားသည်။
လတ်တလော ဖြစ်ပွားလျက်ရှိသည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စသည် မဖြေရှင်းနိုင်လောက်သော ခက်ခဲသည့်ကိစ္စမဟုတ်ဘဲ လွယ်လင့်တကူ ဖြေရှင်းနိုင်သော ကိစ္စတစ်ခုသာ ဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက် ထုတ်ပြန်သည့် FPPS ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
“ဖြေရှင်းနိုင်ပါလျက်နှင့် မဖြေရှင်းခဲ့သောကြောင့် ဆက်၍ဆက်၍ ပြောနေရခြင်းသာ ဖြစ်ပါသည်။ အိပ်ချင်ယောင်ဆောင်နေ၍ နှိုးရခက်သောကိန်း မဆိုက်စေလိုပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) ၏ ကြေညာချက်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် AAPP နှင့် FPPS တို့ သည် ကျန်သော နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းအချို့နှင့် ပါတီအချို့ ဥပဒေကျွမ်းကျင်သူအချို့ တက်ရောက်ဆွေးနွေး အတည်ပြုထားသော နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကိုင်စွဲရပ်တည်လျက် ရှိသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ တစ်နှစ်ခန့်အလိုတွင် ကျင်းပခဲ့သည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူအချို့ တက်ရောက် ဆွေးနွေးခဲ့ဖူးကြောင်း သိရသည်။
လွတ်လပ်၊ တရားမျှတမှု၊ တန်းတူညီမျှမှု လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် နိုင်ငံသားအခွင့်အရေးတို့အတွက် လှုပ်ရှားဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီး၊ ထိန်းသိမ်း ပြစ်ဒဏ်ချမှတ် ခံရသူများကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ရန် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယကျောင်းတိုက်တွင် ၂၀၁၄ ခုနှစ် သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသည်။
ထို့ပြင် မဏ္ဍိုင်သုံးရပ်နှင့် ပြည်ထောင်စုအဖွဲ့ဝင် ဆောင်ရွက်ချက်များအပေါ် မကျေနပ်ကြောင်း ကန့်ကွက်ကြောင်း လှုပ်ရှားဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီး၊ ထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများကိုလည်း နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ရန် ဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသား ဖြစ်ခြင်း၊ မဖြစ်ခြင်းကို ဆန္ဒပြသည့် ကိစ္စတစ်ခုတည်းအပေါ် အခြေပြု သတ်မှတ်ထားခြင်း မဟုတ်ဘဲ နိုင်ငံတကာရှိ နိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက် အကျဉ်းသားအဓိပ္ပာယ် သတ်မှတ်ချက်များကို လေ့လာပြီး တိုင်းပြည်၏ ပကတိလိုအပ်ချက်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ကာ ထိုသို့ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ကျဉ်းအဖွဲ့အစည်းများက ဆိုသည်။
သို့ရာတွင် အဖွဲ့အစည်းများ စုပေါင်းဆွေးနွေးပြီး ရရှိလာသည့် ဘုံသဘောထား ရပ်တည်ချက်မှာ အစိုးရမှ တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသောကြောင့် နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်၍ အငြင်းပွားမှုများကို မကြာခဏ တွေ့မြင်ရလေ့ရှိသည်။
လက်ရှိ အစိုးရလက်ထက် ၂၀၁၉ ခုနှစ် ဧပြီ ၂၂ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အကျဉ်းဦးစီးဌာနက အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားဟူ၍ မရှိကြောင်း အတိအလင်း ထုတ်ပြန်ခဲ့သည်။
အဖွဲ့အစည်းအချို့ ထုတ်ပြန်သော နိုင်ငံရေးအကျဉ်းသား ဆိုသူအချို့မှာ နိုင်ငံရေး ဆောင်ရွက်ခြင်းကြောင့် ပြစ်ဒဏ်ကျခံရခြင်း မဟုတ်ဘဲ နိုင်ငံတော်လုံခြုံရေးအား ထိပါးနှောင့်ယှက်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း၊ နိုင်ငံတော်ပုန်ကန်ခြင်း၊ အကြမ်းဖက်ခြင်းနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ခြင်းတို့ အပါအဝင် ရာဇဝတ်ပြစ်မှုများ ကျူးလွန်ခြင်းကြောင့် ပြစ်ဒဏ်ကျခံရခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
တရားရုံးအသီးသီးမှ ပြစ်ဒဏ်ချမှတ်ပြီး အကျဉ်းထောင်များသို့ ပေးပို့သော ဝရမ်းပေါ်တွင်လည်း နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေး အကျဉ်းသားဖြစ်သည်ဟူ၍ ဖော်ပြပေးပို့သော အကျဉ်းသားတစ်ဦးမှ မရှိဘဲ အစိုးရနှင့် ဥပဒေတစ်ရပ်ရပ်ကို ဆန့်ကျင်ဖောက်ဖျက်၍ ပြစ်ဒဏ်ကျခံရသူများသာရှိကြောင်း ထုတ်ပြန်ချက်တွင် တစ်ဆက်တည်း ဖော်ပြထားသည်။
စစ်အစိုးရခေတ်တွင် နိုင်ငံရေးအကျဉ်းသားနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုရ လွယ်ကူသော်လည်း လက်ရှိ နိုင်ငံရေး အခြေအနေများက ထိုစဉ်ကလောက် မလွယ်ကူကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က မှတ်ချက်ပြုသည်။
“စစ်အစိုးရခေတ်မှာကျတော့ အဓိပ္ပာယ်ဖွင့်ဆိုရ လွယ်ပါတယ်။ ဒီမိုကရေစီအရေးအတွက် စစ်အုပ်ချုပ်ရေး ဆန့်ကျင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို အလွယ်တကူပဲ နိုင်ငံရေးအကျဉ်းသား အုပ်စုထဲမှာ ထည့်လို့ရပါတယ်။ အခုကျတော့ အရေးအခင်းတွေကလည်း ပိုမိုရှုပ်ထွေးလာတယ်။ လယ်သမားအရေး၊ အလုပ်သမားအရေး၊ တချို့သော လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေက ပိုပြီး ရှုပ်ထွေးလာတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုချက်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှ သတ်မှတ်ဖို့သင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဒေါက်တာမျိုးညွန့် က ပြောကြားသည်။
သမ္မတဦးသိန်းစိန် အစိုးရသည်ပင် နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးပမ်းမှုရှိခဲ့ရာ နိုင်ငံရေး ယုံကြည်ချက်ကို အခြေခံပြီး နှစ်ပေါင်း ၃၀ ကြာ တိုက်ပွဲဝင်ခဲ့သည့် ပါတီတစ်ခု အာဏာရရှိလာချိန်တွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် တရားဝင် ပေါ်ပေါက်သင့်ကြောင်း တိုက်တွန်းပြောကြားမှုများ ရှိသည်။
“နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ရပ် ပေါ်ပေါက်လာအောင် ကျွန်တော်တို့ ဆက်ပြီး ကြိုးစားသွားမှာပါ။ အဲဒီလို ကြိုးစားတဲ့အခါမှာ နိုင်ငံရေးပါတီတွေကလည်း တကယ်ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီဟာက တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့ရဲ့ ပြဿနာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ပြဿနာ ဖြစ်တယ်” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။
AAPP သည် ၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ကိုးကား၍ လစဉ် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး၊ အမှုဖွင့်၊ တရားစွဲဆိုခံရသူ စာရင်းများအား ထုတ်ပြန်လေ့ရှိသည့် နိုင်ငံရေးအကျဉ်းသားဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ဖြစ်သည်။
နိုင်ငံအတွင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး၊ တရားရင်ဆိုင်နေရသူ ၆၀၁ ဦးရှိကြောင်း AAPP က ဇန်နဝါရီ ၁၅ ရက်တွင် ထုတ်ပြန်သည်။
ဒီဇင်ဘာလကုန်အထိ ပြစ်ဒဏ်ချမှတ် ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၄၂ ဦးရှိကြောင်း၊ ထောင်တွင်းမှ တရားရင်ဆိုင်နေရသူ ၁၉၆ ဦးနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၆၃ ဦး စုစုပေါင်း ၆၀၁ ဦး ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
အစိုးရအဆက်ဆက်မှ ယနေ့အထိ ပုံစံမျိုးစုံဖြင့် နိုင်ငံရေးအကျဉ်းသားများ ရှိနေကြောင်း နိုင်ကျဉ်းဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုမှုများ ရှိသော်လည်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက နိုင်ငံရေးနှင့် စပ်လျဉ်းသည့် ပြစ်ဒဏ်ကျခံနေရသူများကို သမ္မတရုံးအမိန့်အမှတ် ၁၆/၂၀၁၆ ဖြင့် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပြီး ဖြစ်ကြောင်း ဇန်နဝါရီ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် NLD အစိုးရ တက်လာချိန်တွင် ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံအက်ဥပဒေ၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေတို့ကိုလည်း ပယ်ဖျက်ပေးခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးမင်းဇေယျကမူ “သူတို့ ဖျက်သိမ်းတဲ့ ဥပဒေတွေ ရှိတယ်။ ကျွန်တော်တို့ ဘဝတစ်လျှောက်လုံး ကြုံခဲ့ရတဲ့ နိုင်ငံတော် အရေးပေါ်အက်ဥပဒေတို့ ပုဒ်မ ၅ (ည) တို့ ပုဒ်မ ၁၀ (က) တို့တွေ ဆိုတာကလည်း သူတို့က ဖျက်သိမ်းတယ်လို့ ပြောတယ်။ တကယ်လည်း ဖျက်သိမ်းတယ်။ သို့သော် အဲဒီလို ပုံစံမျိုးဖြစ်တဲ့ ဥပဒေတွေ အဲဒီထက်ပိုပြင်းထန်တဲ့ အရေးယူမှု ပုဒ်မတွေကလည်း အများကြီး ရှိနေတယ်ဗျ”ဟု ပြောကြားသည်။
၁၉၀၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားခဲ့သည့် မတရားအသင်းအက်ဥပဒေကဲ့သို့ ဥပဒေများ ယခုအထိ အသက်ဝင်လျက်ရှိကာ လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားသည့် တိုင်းရင်းသားဒေသအချို့တွင် ယင်းဥပဒေဖြင့် ဒေသခံအချို့ ဖမ်းဆီးထိန်းသိမ်းခံရမှုများ ရှိနေသည်။
ထို့ပြင် မကြာသေးမီကာလများက ပေါ်ပေါက်လာခဲ့သည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်းခြင်း ဆိုင်ရာဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တို့က နိုင်ငံရေးလှုပ်ရှားမှုများနှင့် လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်တို့အတွက် အဟန့်အတားများဖြစ်ကြောင်း ထောက်ပြမှုများ ရှိသည်။
“၆၆ (ဃ) လိုမျိုး၊ နိုင်လွတ်လုံလိုမျိုး။ နောက်ပိုင်း ထပ်ဆွဲတဲ့ ဥပဒေတွေမှာဆိုရင်လည်း ပေးကားပေး၏ မရဘူး။ မင်းတို့ ဥပဒေနဲ့အညီလုပ်ဆိုရင် လုပ်လို့ကို မရတော့ဘူး။ မင်းတို့ မလုပ်နဲ့လို့ တားလိုက်တာပဲ”ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ၊ (ခ) ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၄ (က) တို့ ဖြင့်လည်း ထင်ရှားနိုင်ငံရေးသမားအချို့ ထောင်သွင်း အကျဉ်းချခံနေရသည်ကို တွေ့ရသည်။
အဆိုပါ ဥပဒေပုဒ်များဖြင့် တရားစွဲဆိုမှုများတွင် အစိုးရအဖွဲ့အစည်းများ၊ တပ်မတော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ တရားစွဲဆိုမှုများက အများဆုံးဖြစ်သည်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စပ်လျဉ်း၍ လှုပ်ရှားသည့် အသံအဖွဲ့၏ အစီရင်ခံစာများအရ သိရသည်။
တရားစွဲဆိုခံရမှုသူများတွင် တက်ကြွလှုပ်ရှားသူများနှင့် အများပြည်သူတို့ အများဆုံးပါဝင်ကာ သတင်းမီဒီယာသမားများ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်အချို့၊ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်အချို့လည်း တရားစွဲဆိုခံရမှုများတွင် ပါဝင်ကြောင်း အသံအဖွဲ့ တည်ထောင်သူနှင့် သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောကြားသည်။
ယနေ့အချိန်အခါတွင် နိုင်ငံရေးအကျဉ်းသား ဆက်လက်ရှိနေခြင်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ အသရေဖျက်မှုဆိုင်ရာ ဥပဒေပုဒ်များနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) (ဂ) စသည့် ဥပဒေများကို မပြင်ဆင်နိုင်၍ ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။
“ဒီဥပဒေတွေ ဆက်ရှိတယ် ဆိုတာကလည်း အစိုးရကိုယ်တိုင်၊ လွှတ်တော်ကိုယ်တိုင်၊ ဦးဆောင်ဦးရွက်ပြုနေတဲ့ နိုင်ငံရေးသမားတွေ ကိုယ်တိုင်က နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲလိုစိတ် မရှိလို့ပေါ့။ သူတို့သာ ပြုပြင် ပြောင်းလဲလိုစိတ်ရှိရင် ဒီဥပဒေတွေကို ပြင်ဆင်ရေးသည် စသွားရမှာပဲ” ဟု ကိုရဲဝေဖြိုးအောင်က ပြောကြားသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ ပပျောက်ရန် အစိုးရအနေဖြင့် ဒီမိုကရေစီ စံတန်ဖိုးများကို ပိုမိုလေးစား လိုက်နာရန် လိုအပ်သလို တပ်မတော်အနေဖြင့်လည်း ဝေဖန်မှုများနှင့် ပတ်သက်၍ သဘောထားကြီးရန် လိုအပ်ကြောင်း အဖွဲ့အစည်းများက ထောက်ပြကြသည်။
“လွတ်လပ်စွာ ပြောဆိုလို့ အစိုးရကို ဝေဖန်လို့ တပ်မတော်ကို ဝေဖန်လို့ ဖမ်းဆီးတယ်ဆိုတဲ့ဟာက တခြား ဒီမိုကရေစီနိုင်ငံတွေမှာ မရှိဘူး”ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောကြားသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်နေချိန်တွင် အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများရှိနေခြင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အနှောင့်အယှက် ဖြစ်သည်ဟု AAPP အဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဆိုသည်။
“နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တရားဝင် ဥပဒေတစ်ရပ် ပြဋ္ဌာန်းလိုက်မယ်ဆိုရင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အထောက်အကူလည်း ဖြစ်တယ်။ တွန်းအားလည်း ဖြစ်တယ်” ဟု FPPS မှ ဦးထွန်းကြည်က ပြောကြားသည်။
ထို့အတွက် တာဝန်အရှိဆုံးမှာ ဒုတိယသက်တမ်းကို တာဝန်ယူမည့် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့ ဖြစ်သည်ဟု ၎င်း၏အမြင်ကို ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၉၆ နေရာအထိ အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေဖြင့် ဒုတိယအကြိမ်အစိုးရကို ဆက်လက် ဖွဲ့စည်းခွင့်ရရှိမည့် အနေအထားဖြစ်ပြီး လွှတ်တော်သည်လည်း လက်ရှိ လွှတ်တော်များအတိုင်းပင် ပင်နီတိုက်ပုံဝတ်များ ဆက်လက်လွှမ်းမိုးမည် ဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားအရေး အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေးနှင့် ဥပဒေတစ်ရပ် ပြဋ္ဌာန်း အတည်ပြုနိုင်ရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် လွှတ်တော်၏ စိတ်စေတနာနှင့် ဆောင်ရွက်ချက်များအပေါ် များစွာမူတည်မည် ဖြစ်သည်။
သို့သော် မကြာမီကာလအတွင်း ဖွဲ့စည်းပေါ်ပေါက်လာမည့် အစိုးရသစ်အနေဖြင့် COVID ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးပျက်ယွင်းမှုများ၊ သေရေးရှင်ရေး ဖြစ်နေသော ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ကို ကိုင်တွယ်ရမည်ဖြစ်၍ လတ်တလော အခြေအနေတွင် နိုင်ငံရေးအကျဉ်းသားကိစ္စကို ဆောင်ရွက်နိုင်မည့် အခြေအနေ မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
“နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ရင် လိုအပ်တဲ့ အချိန်တစ်ချိန်မှာတော့ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားမှာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။










