၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားလာသော COVID-19 ကပ်ရောဂါသည် ယခုအချိန်တွင် အချိန်ကာလအားဖြင့် ၁၀ လနီးပါးကြာမြင့်လာပြီ ဖြစ်သည်။ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ COVID-19 ပထမလှိုင်းကို ကြုံတွေ့ခဲ့ရပြီး စက်တင်ဘာမှစ၍ လက်ရှိအချိန်အထိ ဒုတိယလှိုင်းကို ရင်ဆိုင်ကျော်လွှားနေရဆဲဖြစ်သည်။ ကပ်ရောဂါဖြစ်ပွားမှု အချိန်ကြာမြင့်လာသည်နှင့်အမျှ စီးပွားရေးအခက်အခဲများ ကဏ္ဍအသီးသီးတွင် အနည်းအများအလိုက် ကြုံတွေ့ခဲ့ရပြီး အဆိုးရွားဆုံးထိခိုက်သည့် စီးပွားရေးလုပ်ငန်းများတွင် ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ ဖြစ်သည်။
COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကြောင့် နိုင်ငံတကာမှ ဝင်ရောက်လာသော ခရီးသွားများကို အဓိကဝန်ဆောင်မှု ပေးနေသော ရန်ကုန်မြို့ရှိ နိုင်ငံတကာဟိုတယ်ကြီးများလည်း ကပ်ရောဂါကာလ ကြာမြင့်လာသည်နှင့်အမျှ အထိနာလျက်ရှိရာ ရန်ကုန်မြို့လယ်တွင် ၂၅ နှစ်ကြာ ဖွင့်လှစ်ထားသည့် သက်တမ်းရင့်နိုင်ငံတကာဟိုတယ် လုပ်ငန်းတစ်ခုဖြစ်သော Sule Shangri-La Yangon Hotel သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ယာယီပိတ်သိမ်းမည်ဟု အသိပေးကြေညာခဲ့သည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် နိုင်ငံတကာ ဟိုတယ် ၃၀ ကျော်အနက် COVID-19 ကပ်ရောဂါဒဏ်ကြောင့် ပထမဦးဆုံး ယာယီပိတ်သိမ်းသည့် နိုင်ငံတကာ ဟိုတယ်လုပ်ငန်းတစ်ခု ဖြစ်လာခဲ့ဖြစ်သည်။
COVID-19 ကပ်ရောဂါကြောင့် ပထမဦးဆုံး ယာယီပိတ်သိမ်းခဲ့သည့် Sule Shangri-La Yangon Hotel
COVID-19 ကပ်ရောဂါကြောင့် ကာလရှည်ကြာ စီးပွားရေးလျော့ပါးလာ၍ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ကို ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း Sule Shangri-La Hotel က ဇန်နဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ကြေညာသည်။
COVID-19 ကာလအတွင်း ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး အကျိုးသက်ရောက်မှုများ လျော့နည်းစေရန် ဟိုတယ်အနေဖြင့် Cosr Management နည်းလမ်းမျိုးစုံအား ကျင့်သုံးလာခဲ့သည်မှာ ပြီးခဲ့သော ဒီဇင်ဘာလအတွင်း ဝန်ထမ်းအင်အား ပြန်လည်ဆန်းစစ်ခဲ့ခြင်းလည်း အပါအဝင်ဖြစ်သည်။
ကာလရှည်ကြာစီးပွားရေး လျော့ပါးလာခြင်းကြောင့် နည်းလမ်းမျိုးစုံကြိုးပမ်းခဲ့သော်လည်း ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ Sule Shangri-La Yangon Hotel ကို ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
Shangri-La အုပ်စုအနေဖြင့် မြန်မာနိုင်ငံတိုးတက်ရေးတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာမှစ၍ တစ်ဖက်တစ်လမ်းမှ တက်ကြွစွာ ပါဝင်ခဲ့ပြီး စျေးကွက်အတွင်း ဆက်လက်တည်ရှိသွားမည်ဖြစ်သည်။ Sule Square Mall & Office နှင့် Shangri-La Hotel အနေနှင့် ဧည့်သည်များအတွက် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်သည်။ Sule Shangri-La Hotel အနေဖြင့် စီးပွားရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပါက ကိုးလအတွင်း ပြန်လည်ဖွင့်လှစ်ထားရန် ရည်ရွယ်ထားကြောင်း သိရသည်။
Sule Shangri-La Hotel နှင့် Reservations ရှိထားသော ဧည့်သည် အားလုံးအား တစ်ဦးချင်းစီ ဆက်သွယ်သွားမည်ဖြစ်ပြီး Cancellation အတွက် ဧည့်သည်မှ ပေးချေရန်မလိုကြောင်း အသိပေးထားသည်။
ဤဆုံးဖြတ်ချက် အကျိုးသက်ရောက်မည့်ဝန်ထမ်းများအားလုံးအတွက် အတတ်နိုင်ဆုံးကူညီပေးသွားမည်ဖြစ်သည်။ ဤပိတ်ထားသော ကာလအတွင်း ဝန်ထမ်းအနည်းငယ်မှအပ ကျန်ရှိသော ဝန်ထမ်းအားလုံး အလုပ်လာရန် မလိုဘဲ ခွင့်မဲ့ပျက်ခွင့်ပေးသွားမည်ဖြစ်သည်။ သို့သော် ဝန်ထမ်းအားလုံးလစာ၏ တစ်စိတ်တစ်ပိုင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကျိုးခံစားခွင့် အပြည့်အဝ ဆက်လက်ထားရှိပေးသွားမည်ဖြစ်သည်။ ဤသည်မှာ မြန်မာ့ဟိုတယ်ဝန်ထမ်း အလုပ်အကိုင်အခြေအနေအား ထည့်သွင်းစဉ်းစား၍ ဟိုတယ်ဝန်ထမ်းများအား ကြည့်ရှုစောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း အသိပေးကြေညာထားသည်။
Sule Shangri-La Yangon Hotel အနေဖြင့် လွန်ခဲ့သော ၂၅ နှစ်အတွင်း လာရောက်ခဲ့သော ဧည့်သည်များနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့ပြီး Sule Shangri-La Hotel ကို ၂၀၂၁ ခုနှစ် နောက်ဆုံးသုံးလတွင် ပြန်လည်ဖွင့်လှစ်သွားရန် မျှော်လင့်ထားကြောင်း သိရသည်။
အခန်းငှားရမ်းမှုနှုန်း ၁၀ ရာခိုင်နှုန်းကျော်၊ ပျမ်းမျှအခန်းငှားရမ်းခ ဒေါ်လာ ၈၀ ကျော်အထိ ထိုးဆင်းလာမှုနှင့် ရင်ဆိုင်နေရသော နိုင်ငံတကာဟိုတယ်များ
ရန်ကုန်မြို့တွင် အဆင့်မြင့် ဟိုတယ် အခန်းအရေအတွက် ၅၅၀၀ ဝန်းကျင်ရှိပြီး အခန်းငှားရမ်းမှုနှုန်း ၁၄ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ကာ ပျမ်းမျှအခန်းခ ၈၂ ဒေါ်လာသာ ရှိခဲ့ကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေဝန်ဆောင်မှုနှင့် အကြံပေးလုပ်ငန်း Colliers International (Myanmar) ၏ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ် စျေးကွက်သုံးသပ်ချက်အရ သိရသည်။
ရန်ကုန်မြို့တွင် နိုင်ငံတကာ ဟိုတယ် ၃၀ ကျော်ဖွင့်လှစ်ပြီးဖြစ်ကာ တည်ဆောက်ဆဲ စီမံကိန်း ၁၀ ခု ဝန်းကျင်၊ ခွင့်ပြုမိန့်ရပြီးစီမံကိန်း ၂၀ ခုဝန်းကျင်ရှိသည်။ လာမည့်သုံးနှစ်အတွင်း အဆင့်မြင့်ဟိုတယ်စီမံကိန်း ၁၀ ခု ဝန်းကျင်ပြီးစီးရန် မျှော်မှန်းထားပြီး အခန်းပေါင်း ၂၀၄၀ ထွက်ရှိမည်ဟု ခန့်မှန်းထားခြင်းဖြစ်သည်။ ၂၀၁၉ နှစ်ကုန်တွင် ရန်ကုန်မြို့တွင် အဆင့်မြင့်ဟိုတယ်အခန်းပေါင်း ၅၇၀၀ ဝန်းကျင်ရှိလာမည်ဟု ခန့်မှန်းခဲ့သော်လည်း အခန်းပေါင်း ၅၅၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်အထိ ဟိုတယ် အသစ်၊ အခန်းသစ်ထွက်ရှိမှုမရှိခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်ကုန်ဆုံးချိန်တွင် အဆင့်မြင့်ဟိုတယ် အခန်း ၆၀၀၀ ဝန်းကျင်ရှိလာမည်ဟု မျှော်မှန်းထားသည်။
ရန်ကုန်မြို့ရှိ အဆင့်မြင့် ဟိုတယ်များ၏ ပျမ်းမျှအခန်းငှားရမ်းမှုနှုန်းသည် ၂၀၁၆ ခုနှစ်မှစ၍ ရာခိုင်နှုန်း ၅၀ အောက်ရောက်ပြီး ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင်လည်း ၄၃ ရာခိုင်နှုန်းသာရှိသည်။ ၂၀၁၉ ပထမသုံးလပတ်တွင် ၄၀ ရာခိုင်နှုန်းအထိ ဆက်လက်ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၅၅ ရာခိုင်နှုန်းအထိ ပြန်တက်ခဲ့ကာ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ၄၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်တွင် ၁၄ ရာခိုင်နှုန်းအထိ ထိုးဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ခရီးသွားရာသီ အစဖြစ်သည့် အောက်တိုဘာလမှစ၍ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို ဗီဇာဖြေလျှော့မှုပေးခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာတွင်လည်း သြစတြေးလျ၊ ဂျာမနီ၊ ရုရှား၊ အီတလီ၊ စပိန်နှင့် ဆွစ်ဇာလန်စသည့် နိုင်ငံများကို ဆိုက်ရောက်ဗီဇာခွင့်ပြုခဲ့ပြီး စုစုပေါင်း နိုင်ငံပေါင်း ၅၀ ကျော်ကို ဆိုက်ရောက်ဗီဇာခွင့်ပြုခဲ့ပြီး နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် ခရီးသွားဦးရေ ထိုးဆင်းခဲ့သည်။
ယခုနှစ်များအတွင်း ရန်ကုန်မြို့သို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုကျဆင်းလာမှုနှင့်အတူ အဆင့်မြင့်ဟိုတယ်အခန်းခများလည်း အကျဘက်ရောက်ခဲ့ရာ စီးပွားရေးကိစ္စဖြင့်လာရောက်သော ခရီးသွားများကို ပိုမိုအားထားလာရသည်။ ထို့အတူ မြန်မာနိုင်ငံသို့ အမေရိက၊ အနောက်ဥရောပ၊ အရှေ့ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ခရီးသွားဝင်ရောက်မှု သိသိသာသာ လျော့ကျနေပြီး ရာခိုင်နှုန်းများစွာ ဝင်ရောက်မှုတိုးလာသော အာရှခရီးသွားများကို ဟိုတယ်စျေးကွက်က အားထားနေရခြင်းဖြစ်သည်။
လာမည့်ဟိုတယ်သစ်များအတွက် တည်ဆောက်မှုအရည် အသွေး၊ အခန်းဖွဲ့စည်းမှု ဒီဇိုင်းအရည်အသွေး၊ ဝန်ဆောင်မှုအရည်အသွေးများ ပိုမိုအရေးပါလာမည်ဖြစ်ပြီး ဟိုတယ်အဟောင်းများသည် အခြားဟိုတယ်များထက် စျေးနှုန်းကျဆင်းမှုပိုများလာမည် ဖြစ်သည်။ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်အတွင်း ပျမ်းမျှဟိုတယ်အခန်းငှားခမှာ ၁၀၃ ဒေါ်လာဝန်းကျင်ဖြစ်ပြီး ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၈၈ ဒေါ်လာအထိ ကျဆင်းလာသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ပျမ်းမျှအခန်းငှားရမ်းခမှာ ဒေါ်လာ ၉၀၊ တတိယသုံးလပတ်တွင် ၈၂ ဒေါ်လာဖြစ်သည်။
အဆင့်မြင့်ဟိုတယ်အခန်း ပျမ်းမျှငှားရမ်းမှုနှုန်းသည် ၂၀၁၇ ပထမသုံးလပတ်တွင် ၅၂ ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်တွင် ၄၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၄၃ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်တွင် ၄၀ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် ပထမသုံးလပတ်တွင် ၄၂ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ် တတိယသုံး လပတ်တွင် ၁၄ ရာခိုင်နှုန်းရှိခဲ့သည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု အများဆုံးဒေသများဖြစ်သည်။ မြန်မာနိုင်ငံသို့ နှစ်အလိုက် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသားခရီးသွားဦးရေမှာ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်း၊ ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် ၃ ဒသမ ၄၄ သန်း၊ ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်း၊ ၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၃၆ သန်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလမှ လက်ရှိအချိန်အထိ ပြည်ပမှ ခရီးသွားဝင်ရောက်မှုကို ပိတ်ခဲ့ရသည်။
၂၀၂၀ မတ်လကုန်မှစတင်ကာ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ၊ စီးပွားရေးကိစ္စရပ်များဖြင့် လာရောက်သော နိုင်ငံခြားသားများ ဝင်ရောက်မှုကျဆင်းသွားခြင်းကြောင့် ၎င်းတို့ကို အဓိကဝန်ဆောင်မှုပေးနေသည့် နိုင်ငံတကာ ဟိုတယ်များ ဧည့်သည်ဝင်ရောက်မှုနှင့် ဝင်ငွေရရှိမှုသိသိသာသာ ကျဆင်းသွားခဲ့သည်။ ဟိုတယ် အများစုသည် ဝန်ထမ်းဦးရေ လျှော့ချခြင်း၊ လစာလျှော့ချခြင်း စသည့် ကုန်ကျစရိတ်များ လျှော့ချသကဲ့သို့ တစ်ဖက်တွင်လည်း မြန်မာနိုင်ငံသား ဧည့်သည်များ လာရောက်ရန် ဆွဲဆောင်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာ အစားအစာများ ရောင်းချခြင်းများကိုလည်း အပြိုင်အဆိုင် ပြုလုပ်လာကြသည်။ ထိုသို့ လတ်တလောလုပ်ငန်းလည်ပတ်နိုင်ရန် ဝင်ငွေရရှိအောင် ပြုလုပ်လာကြသော်လည်း လုပ်ငန်းလည်ပတ်စရိတ်ပင်မကာမိသော ဟိုတယ်လုပ်ငန်းများသည် အရှုံးသက်သာစေရန် လုပ်ငန်းကို ယာယီပိတ်သိမ်းရန်သာရှိတော့သည်။ မြန်မာနိုင်ငံအတွက် COVID-19 ကပ်ရောဂါ ကာလသည် ၂၀၂၀ ပြည့်နှစ် မတ်လမှ လက်ရှိအချိန်အထိ ၁၀ လနီး ပါးရှိလာပြီဖြစ်ရာ စီးပွားရေးလုပ်ငန်း အသေးစားနှင့် အလတ်စား များစွာလဲပြိုခဲ့ပြီးဖြစ်ရာ ယခု စီးပွားရေးလုပ်ငန်းကြီးများပါ လဲပြိုစပြုလာသည်ကို သတိပြုရမည်ဖြစ်သည်။










