“အန်တီတော့ ဒီဝဋ်က မြန်မြန်ကျွတ်ချင်ပြီ။ တစ်ချိန်လုံး ဒီ Mask ကြီး တပ်ထားရတာရော။ သွားရလာရ လုပ်ရကိုင်ရ အဆင်မပြေဖြစ်ရ၊ စိုးရိမ်နေတာရောနဲ့ မနေချင်တော့ဘူး” ဟု တာမွေမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်အတွင်း မြန်မာတုတ်ထိုး ဖွင့်လှစ်ရောင်းချနေသူ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။
သူမဟာ COVID-19 ဒုတိယလှိုင်းတစ်လျှောက် ပိတ်ထားရတဲ့ တုတ်ထိုးဆိုင်လေးကို ပြန်လည်ဖွင့်လှစ်ရောင်းချခဲ့တာ နှစ်ပတ်တာမျှ ရှိပြီဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် မတ်လကုန်ပိုင်းကနေ လက်ရှိအချိန်အထိဆိုရင် မြန်မာနိုင်ငံကို COVID-19 ရောဂါပိုး ရောက်ရှိပျံ့နှံ့ခဲ့တာဟာ ၁၀ လခန့် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး ဒီကာလအတွင်း နိုင်ငံရဲ့ပိုးတွေ့လူနာတွေ့ရှိမှုအရေအတွက်ဟာ တစ်သိန်းသုံးသောင်းကျော်ခဲ့ခြင်းနှင့်အတူ သေဆုံးသူအရေအတွက်ဟာလည်း သုံးထောင်နီးပါးအထိ ရောက်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒီအထဲကမှ ပိုးတွေ့ရှိမှုနဲ့ သေဆုံးမှုတွေရဲ့ ၉၉ ရာခိုင်နှုန်းဟာ ဒုတိယလှိုင်းစတင်ခဲ့တဲ့ သြဂုတ်လလယ်ပိုင်းကနေ ဇန်နဝါရီလလယ် လက်ရှိအချိန်အထိ ငါးလဝန်းကျင်အတွင်းမှာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ရာဂဏန်းလောက်သာ ရှိခဲ့တဲ့ ကိုဗစ်ပထမလှိုင်းကာလ ဖြတ်သန်းမှုအတွေ့အကြုံတွေဟာ ပြည်သူတွေအကြား ဒီကပ်ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုဖြစ်စဉ်တွေအပေါ် သတိမမူ နေထိုင်မှုတွေ အတော်များပြားစွာ ဖြစ်ပေါ်ခဲ့ဖွယ်ရှိပြီး ဒါကြောင့်လည်း ဒုတိယလှိုင်းဖြစ်ပွားချိန်မှာတော့ ဆိုးရွားတဲ့ ကြောက်ခမန်းလိလိ ရောဂါကူးစက်ခံရမှုနှုန်းတွေနဲ့အတူ သေဆုံးမှုတွေဟာ ဇန်နဝါရီလလယ်လောက်အထိ ပျမ်းမျှတစ်နေ့ကို ၁၀ ဦးထက်မနည်း (ရက်အများစု၌ ၂၀ ဦးထက်မနည်း) သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
တစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ ကိုဗစ်ရောဂါ ပျံ့နှံ့မှုကြောင့် ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးအတွက် အစိုးရက တင်းကျပ်မှုတွေကို အလျဉ်းသင့်သလို ထုတ်ပြန်လုပ်ဆောင်ခဲ့တာကြောင့် ဒီတင်းကျပ်မှုတွေကြားမှာ ပြည်သူတွေအနေနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာမွန်းကျပ်ထိခိုက်မှုတွေ၊ စီးပွားရေးကျပ်တည်းမှုတွေ များစွာဖြစ်ပေါ်လာခဲ့ရသော်လည်း တစ်ဖက်မှာတော့ ၂၀၂၁ နှစ်ဦးပိုင်း ကာလလောက်က စပြီး ကိုဗစ်ဒုတိယလှိုင်းကို ပြန်လည်ထိန်းချုပ်လာနိုင်တဲ့ အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကြည့်ပြီး သိနိုင်ပါတယ်။ ဒါပေမဲ့ မျက်မှောက်ကာလအတွင်း ဗြိတိန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ ပိုမိုပြီးကူးစက်မှုနှုန်းများစွာ မြန်ဆန်တဲ့ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုတွေကို တွေ့ရှိလာတာကြောင့် ဒေသတွင်း မလေးရှားနိုင်ငံ အပါအဝင် နိုင်ငံအတော်များများဟာ ကိုဗစ်တတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ တင်းကျပ်မှုတွေ ပြန်လည်ပြုလုပ်လာကြပြီလည်း ဖြစ်ပါတယ်။
နိုင်ငံတကာမှာ ကိုဗစ်တတိယလှိုင်းအတွက် ပြင်ဆင်မှုတွေ ပြုလုပ်လာတဲ့အချိန်ဟာ မြန်မာနိုင်ငံမှာတော့ ဒုတိယလှိုင်းကို စတင်ပြီးထိန်းချုပ်လာနိုင်တဲ့ အချိန်နဲ့ အခြေအနေချင်း တိုက်ဆိုင်နေပါတယ်။ နှစ်သစ်ကူးညဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်မှာ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ၈၉၀ ဦးရှိခဲ့ပေမယ့် ၂၀၂၁ ခုနှစ် နှစ်သစ်တွင် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၈၇၄၈ ဦးသာရှိခဲ့ပြီး နေ့စဉ် ရောဂါပိုးတွေ့ရှိသူအရေအတွက်တွေမှာလည်း အဲဒီရက်တွေအတွင်း တစ်ရက်တည်း ၇၂၉ ဦးအထိသာ အများဆုံးတွေ့ရှိခဲ့တာ ဖြစ်တဲ့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်ဖော်ပြမှုတွေအရတော့ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် နှစ်ဦး ကာလရက်တွေဟာ ကိုဗစ်ဒုတိယလှိုင်းကို စတင်ထိန်းချုပ်နိုင်တယ်လို့ ဆိုနိုင်တာလည်း ဖြစ်ပါတယ်။
COVID-19 ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာတာနဲ့အမျှ ရောဂါထိန်းချုပ်ကာကွယ် တားဆီးရန်အတွက် တင်းကျပ်စွာထုတ်ပြန်ထားတဲ့ အမိန့်ညွှန်ကြားချက်တွေကို တစ်ဆင့်ချင်း ဖြေလျှော့မှုတွေပြုလုပ်ရမှာဖြစ်ပြီး ပထမလှိုင်းကို ထိန်းချုပ်နိုင်စဉ်ကလည်း ဖြေလျှော့မှုတွေကို တစ်ဆင့်စီ ပြုလုပ်ခဲ့ဖူးပါတယ်။ ကိုဗစ် ပထမလှိုင်းကို မြန်မာနိုင်ငံမှာ မဟာသင်္ကြန်ပွဲတော် မကျင်းပဖြစ်ခဲ့သည်အထိ တင်းတင်းကျပ်ကျပ် ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် ရောဂါပိုး စတင်တွေ့ရှိအပြီး နှစ်လဝန်းကျင်ကာလအတွင်း ဖြေလျှော့မှုတွေ တဖြည်းဖြည်းပြန်လည်ပြုလုပ်သွားနိုင်ခဲ့တာကို ကြုံတွေ့ခဲ့ဖူးပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလနောက်ပိုင်းကစပြီး ပြည်တွင်းကူးစက်မှုတွေ မရှိသလောက်ဖြစ်သွားခဲ့ရာက ဇူလိုင်လနဲ့ သြဂုတ်လဆန်းတွေမှာ ရောဂါဖြစ်ပွားမှု အများဆုံးဒေသဖြစ်တဲ့ ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပုံမှန်အခြေအနေနီးပါးကို ပြန်လည်ရောက်ရှိသွားခဲ့ပြီး ဒီအခြေအနေတွေက ဒုတိယလှိုင်းဖြစ်ပွားချိန်မှာ ကြောက်ခမန်းလိလိ ရောဂါကူးစက်မှုနှုန်းတွေဆီကို တွန်းပို့ရာ ရောက်သွားခဲ့ပါတယ်။
ဒီလိုမျိုး အန္တရာယ်များတဲ့အခြေအနေဆီကို တွန်းပို့သလိုဖြစ်ခဲ့တဲ့ အခြေအနေတွေထဲကမှ မြင်သာတဲ့ အချက်တစ်ချက်ကို ရွေးချယ်ဖော်ပြပေးပါရစေ။ ၂၀၂၀ ပြည့်နှစ် မေလကုန်ပိုင်းလောက်မှာ အဲဒီတုန်းကရော လက်ရှိအချိန်အထိ နိုင်ငံအတွင်း ရောဂါကူးစက်မှုအများဆုံး ဖြစ်ပေါ်ရာ ရန်ကုန်မြို့မှာရှိတဲ့ စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်ရောင်းချခွင့်ကို စည်းကမ်းသတ်မှတ်ချက်တွေနဲ့အတူ ဖြေလျှော့မှုတစ်ခုအဖြစ် ခွင့်ပြုခဲ့ပါတယ်။ ဖြေလျှော့မှု ဆိုပေမဲ့ ဆိုင်ထိုင်စားသောက်ခွင့်အတွက် စည်းကမ်းသတ်မှတ်ချက်တွေဟာ များပြားလှပြီး ရောင်းချမယ့် စားသောက်ဆိုင်တွေဘက်က ပြင်ဆင်ထားရမယ့်၊ လိုက်နာရမယ့် စည်းကမ်း ၂၆ ခုအထိရှိခဲ့ပြီး စားသုံးသူများဘက်က လိုက်နာရန်အတွက် စည်းကမ်းသတ်မှတ်ချက် ရှစ်ချက်ရှိပါတယ်။
ဒါပေမဲ့ တကယ်တမ်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ ပြန်လည်ပြီးဆိုင်ထိုင်စားသောက်ရောင်းချခဲ့ချိန်မှာတော့ အဲဒီအချက်တွေထဲက အတော်တော်များများကို စားသုံးသူဘက်ကရော ရောင်းချသူများဘက်ကပါ တိတိကျကျ (သို့မဟုတ်) လုံးဝလိုက်နာခြင်းမျိုးတော့ မရှိခဲ့ပါဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထုတ်ပြန်ခဲ့တဲ့ စားသောက်ဆိုင်များဘက်မှ အထူးဂရုပြုလိုက်နာဆောင်ရွက်ရမယ့် အချက်လေးချက်ဖြစ်တဲ့ ဆိုင်ရဲ့ စားပွဲမျက်နှာပြင်၊ ကုလားထိုင်၊ ကောင်တာတံခါးလက်ကိုင်တွေကို အယ်လ်ကိုဟော ၇၀ ရာခိုင်နှုန်းဖြင့် မကြာခဏသန့်ရှင်းရေး လုပ်ပေးရန်၊ ဆိုင်အတွင်း သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုများအတွက် စားပွဲထိုးများကို မဆောင်ရွက်စေဘဲ သီးခြားဝန်ထမ်းဖြင့် ဆောင်ရွက်စေရန်၊ သန့်စင်ခန်းများ၏ သန့်ရှင်းရေးကို မကြာခဏဆောင်ရွက်ရန်၊ ဆိုင်ဝန်ထမ်းများ၏ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် ကြပ်မတ်စွာ ဆောင်ရွက်ရန် အချက်များကိုပင် အဲဒီအချိန်က ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ စားသောက်ဆိုင် အထူးသဖြင့် လက်ဖက်ရည်ဆိုင်အများစုဟာ လိုက်နာဆောင်ရွက်ခဲ့ခြင်း မရှိတာကို တွေ့ခဲ့ရပါတယ်။
အလားတူ စားသုံးသူတွေဘက်ကလည်း ကာရံထားတဲ့ အတားအဆီးများကို ဖယ်ရှားရွှေ့၍ ဆိုင်ထိုင်စားသောက်ကြခြင်း၊ သတ်မှတ်ထားတဲ့ Social Distancing ဧရိယာအတိုင်း ဆိုင်ထိုင်စားသောက်မှုများကို မပြုလုပ်ခဲ့ကြခြင်း စသဖြင့် သတ်မှတ်ထားတဲ့ ကိုဗစ်ကာကွယ်တားဆီးရေး စည်းကမ်းအများစုကို လိုက်နာခဲ့ခြင်းမရှိတာကို တွေ့ကြရမှာပါ။ ဒီလိုမျိုး COVID-19 ရောဂါကူး စက်မှုကို ဖိတ်ခေါ်သလိုဖြစ်နေတဲ့ ပုံစံတွေကို မြင်တွေ့ခဲ့ရပေမဲ့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကတော့ ၎င်းတို့ထုတ်ပြန်သတ်မှတ်ထားတဲ့ စည်ကမ်းတွေကို တိတိကျကျ လိုက်နာစေရန် အကောင်အထည်ဖော်ရာမှာတော့ ကြပ်မတ်တင်းကျပ်မှုတွေ လွန်စွာအားနည်းခဲ့ပြီး မြို့တော်စည်ပင်နဲ့ ကိုဗစ်ကော်မတီတို့ရဲ့ တစ်ဖက်နဲ့ တစ်ဖက် တာဝန်ရှိကြောင်း လွှဲချတဲ့ဖြေကြားမှုတွေသာ ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေတွေဟာ ဒုတိယလှိုင်း ဖြစ်ပွားလာတဲ့ အချိန်မှာတော့ ခြေရာကောက်လို့ မရတော့သည်အထိ များပြားတဲ့ ရောဂါကူးစက်မှုတွေဆီကို ဦးတည်ခဲ့တဲ့ အကြောင်းရင်းတွေထဲမှာ ပါဝင်လာခဲ့တာဖြစ်ပြီး ဆိုင်ထိုင်စားသောက်ခွင့်တွေဟာ ဒုတိယလှိုင်း ပြင်းထန်စွာဖြစ်ပွားနေချိန်များမှာ အတော်ကြီး တင်းကျပ်ခဲ့တဲ့အရာ တစ်ခုဖြစ်လာခဲ့တာကိုလည်း တွေ့ရပါတယ်။
၂၀၂၀ ပြည့်နှစ် သြဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး COVID-19 ဒုတိယလှိုင်းဟာ ရန်ကုန်မြို့မှာ အလွန်ဆိုးရွား ပြင်းထန်ခဲ့ပြီး တင်းကျပ်တဲ့ Stay at Home အမိန့်ကို စက်တင်ဘာ တတိယပတ်မှာ ထုတ်ပြန်ခဲ့ရသည်အထိ အခြေအနေတွေဟာ ဆိုးရွားခဲ့ရပါတယ်။ ဒါကြောင့်လည်း ရန်ကုန် မြို့မှာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် အတော်များများဟာ ဆိုင်ထိုင်စားသောက်ခွင့် မရှိတော့ခြင်းနှင့်အတူ ခြောက်ကပ်သွားခဲ့ရပြီး ဝန်ထမ်းများ၊ စားပွဲထိုးများ အလုပ်လက်မဲ့ဖြစ်ရခြင်း၊ ဆိုင်အချို့ ပိတ်သိမ်းခဲ့ရခြင်း၊ လာရောက်ဝယ်ယူ စားသုံးမှု နည်းပါးလာခြင်းကြောင့် စီးပွားရေး ရပ်တည်ရန် အခက်အခဲ အများအပြား ဖြစ်ပေါ်လာခြင်းများကို ကြုံတွေ့လာခဲ့ရပါတော့တယ်။
“ဒုတိယလှိုင်းဖြစ်တော့ အိမ်မှာ အသက်ကြီးတဲ့သူတွေရော၊ ကိုယ်ဝန်ဆောင်တွေလည်း ရှိတယ်။ ကလေးတွေလည်းရှိတော့ ရောဂါတွေကူးမှာ စိုးရိမ်လို့ ပိတ်လိုက်ရတယ်။ နှစ်လကျော်လောက် ပိတ်ထားလိုက်ရတယ်။ ဒီကြားထဲမှာ ဝင်ငွေက တော်တော်ကြီးထိခိုက်သွားတော့ စီးပွားရေးတော်တော် ကျပ်တည်းသွားတယ်။ အစပိုင်း ဆက်ဖွင့်ထားသေးတယ်။ ပါဆယ်ဝယ်ကြတာတောင် သိပ်မရှိကြဘူးလေ။ အကုန်လုံးကလည်း ရောဂါဖြစ်မှာကို စိုးရိမ်နေကြတာဆိုတော့” ဟု သာကေတမြို့နယ်အတွင်း ထမင်းဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

ပထမလှိုင်းနဲ့ ဒုတိယလှိုင်းကာလမှာ ကွာခြားမှုတွေ အများကြီးရှိတာကို တွေ့ရပါတယ်။ ပထမလှိုင်းကာလဖြစ်ပွားခဲ့စဉ်က ဧပြီလတစ်လလောက်မှာသာ ရောဂါဖြစ်ပွားမှုများကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ခဲ့ရတာဖြစ်ပြီး မေလဆန်းပိုင်းလောက်ကစလို့ တဖြည်းဖြည်းချင်း ဖြေလျှော့မှုတွေ ပြန်လည်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကလည်း ရောဂါပိုးတွေ့ရှိမှုနှုန်း နည်းပါးခဲ့ခြင်းကြောင့်သာဖြစ်ပြီး အဆပေါင်းများစွာ ကူးစက်မှုပြင်းထန်ခဲ့တဲ့ ဒုတိယလှိုင်းကာလမှာတော့ တင်းကျပ်မှုတွေများစွာကို ယခုအချိန်အထိ ပြုလုပ်ထားနေရဆဲ ဖြစ်တာကို တွေ့ရပါတယ်။ ရန်ကုန်မြို့ရှိ စျေးအတော်များများ၌ မရှိမဖြစ်စားသောက်ကုန်များနဲ့ ဆေးဝါးရောင်းချတဲ့ စျေးဆိုင်များကလွဲပြီး ကျန်တဲ့စျေးဆိုင်တွေကို ပိတ်ထားခဲ့ရတာ ငါးလနီးပါးကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါတွေအပြင် အခြားသော စီးပွားရေးလုပ်ငန်းများစွာဟာလည်း ဒုတိယလှိုင်းကာလတစ်လျှောက် ပိုမို၍ ထိခိုက်မှုတွေရှိခဲ့ပြီး အကျိုးဆက်အဖြစ် ဒီစီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူ အလုပ်သမား ဝန်ထမ်းများစွာဟာ အလုပ်လက်မဲ့ဖြစ်ခြင်း၊ စားဝတ်နေရေးကျပ်တည်းခြင်း အခြေအနေတွေကို ဆိုးဆိုးရွားရွား ကြုံတွေ့လာခဲ့ရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဆက်လက်ရပ်တည်ရန် ခက်ခဲမှုတွေကြုံတွေ့လာတာကို တွေ့မြင်နေရပြီး သာဓကတစ်ခုအနေနဲ့ ရန်ကုန်မြို့လယ်မှ အထင်ကရဟိုတယ်ကြီးတစ်ခုဖြစ်တဲ့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်ဟာ COVID-19 ဒုတိယ လှိုင်းကာလအတွင်း စီးပွားရေးအခက်အခဲများစွာကို တွေ့ကြုံလာရတာကြောင့် ယခုလဆန်းပိုင်းမှာ ယာယီ ပိတ်သိမ်းခဲ့တာကို တွေ့ကြရမှာပါ။
အခြေခံလူတန်းစား ပြည်သူတွေအကြားမှာလည်း ကိုဗစ်ပထမလှိုင်းကာလဟာ နှစ်လကျော်လောက်သာ တင်းကျပ်မှုတွေ ရှိခဲ့တာကြောင့် ဆိုးဆိုးရွားရွား အခက်အခဲတွေ ဖြစ်လာခြင်းမှ ရှောင်လွှဲနိုင်ပေမဲ့ ဒုတိယလှိုင်းမှာတော့ တင်းကျပ်မှုတွေ သက်တမ်းရင့်လာတာနဲ့အမျှ ခါးသီးမှုတွေကို ခါးစည်းခံလာခဲ့ကြရတာကို တွေ့ရပါတယ်။ လက်လုပ်လက်စားတွေအတွက် ရှာဖွေစားသောက်ဖို့ ခက်ခဲလာရတာကြောင့် ဒုတိယလှိုင်းဖြစ်ပွားအပြီး တစ်လကျော်မှာဖြစ်ခဲ့တဲ့ နို့မှုန့်ဖိုးမရှိလို့ အဆုံးစီရင်ခဲ့တဲ့ တောင်ဒဂုံမှ အမျိုးသားတစ်ဦး၏ ဖြစ်စဉ်၊ အိမ်လခပေးချေဖို့ အခက်အခဲရှိရာမှ မိသားစုဝင်အချင်းချင်း စိတ်လိုက်မာန်ပါ သတ်ဖြတ်မှုတွေအထိ ဖြစ်ခဲ့တဲ့ စမ်းချောင်းမြို့နယ်မှ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်စဉ်လိုမျိုးတွေ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။
ကိုဗစ် ဒုတိယလှိုင်း သက်ဆိုးရှည်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ အထွေထွေရွေးကောက်ပွဲရဲ့ အကျိုးသက်ရောက်မှုကြောင့် လူစုလူဝေးများစွာ ဖြစ်ပေါ်မှုတွေက အဓိကကျတယ်လို့ ဆိုနိုင်ပါတယ်။ နိုဝင်ဘာ ၈ ရက်ကနေ နှစ်ပတ်တာကာလအတွင်းမှာ ရောဂါပိုးတွေ့ရှိသူ ထပ်တိုးလူနာတစ်သောင်းကိုးထောင်နီးပါးရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အထိ နှစ်ပတ်အတွင်း တွေ့ရှိတဲ့ ပိုးတွေ့လူနာ ၈၀၀၀ ကျော်သာရှိခဲ့ပါတယ်။ ဒါကြောင့် လက်ရှိကာလအတွင်းမှာ ပိုးတွေ့လူနာတွေ့ရှိနှုန်းဟာ တစ်နိုင်ငံလုံးမှာ ကျဆင်းလျက်ရှိနေပြီး ဒီလိုကျဆင်းမှုနဲ့အတူ ပြည်သူတွေအကြားမှာလည်း အစိုးရဘက်က ဖြေလျှော့မှုတွေ မပြုလုပ်သေးပေမဲ့ တဖြည်းဖြည်း ပုံမှန်အတိုင်း သွားလာမှုတွေကို ပြန်လည်ပြုလုပ်လာလျက် ရှိနေပါတယ်။
ရန်ကုန်မြို့အတွင်းမှာလည်း စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို ဆိုင်ထိုင်စားသောက်မှုတွေ ပြုလုပ်ခွင့်ကို တရားဝင်ခွင့်ပြုထားခြင်း မရှိသေးပေမဲ့ ဆိုင်ကြီးများကလွဲလို့ တစ်မြို့လုံးမှာရှိတဲ့ မြို့နယ်အလိုက် ဆိုင်တွေမှာတော့ ဆိုင်ထိုင် စားသောက်မှုတွေ ရှိလာခဲ့တာ တစ်လကျော်မျှ ရှိလာခဲ့ပါပြီ။ ရောဂါပိုးတွေ့နှုန်း ကျဆင်းလာခြင်းကြောင့် ဆိုင်ထိုင်စားသောက်မှုတွေကို ဆိုင်ရှင်နှင့် စားသုံးသူများ နှစ်ဖက်နားလည်မှုဖြင့် ဖွင့်လှစ်လာကြပြီဖြစ်သော်လည်း တာဝန်ရှိသူများဘက်ကတော့ တိကျတဲ့ စည်းကမ်းများဖြင့် ထုတ်ပြန်၍ ဖွင့်လှစ်စေခြင်း၊ သို့မဟုတ် ကြပ်မတ်ထိန်းသိမ်းခြင်းမျိုးတွေ မပြုလုပ်ထားတာကိုလည်း တွေ့ရပါတယ်။
နောက်တစ်ချက်အနေနဲ့ ရန်ကုန်မြို့ဟာ တဖြည်းဖြည်း ပုံမှန်လူစည်ကားတဲ့ အနေအထားကိုရောက်လာလျက်ရှိပြီး YBS စီးနင်းသူအရေအတွက်ဟာလည်း ၆၀၀၀၀၀ ကျော်အထိ မြင့်တက်လာခဲ့သဖြင့် ယခင်ကာလ၏ ၃၅ ရာခိုင်နှုန်း ကျော်လောက် စီးနင်းမှုပြန်လည်များပြားလာပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ နေ့စဉ် လူစုလူဝေးဖြစ်ပေါ်တတ်တဲ့ YBS ယာဉ်တွေအပေါ် စီးနင်းသူအတွက် အသိပညာပေးမှုတွေကို တာဝန်ရှိသူတွေဘက်က ဆက်တိုက်လုပ်လာခဲ့တယ်လို့ သိရပေမဲ့ ပကတိမြေပြင်အခြေအနေမှာတော့ YBS ယာဉ်တွေပေါ်မှာ တိုးဝှေ့စီးနင်းကြမှုတွေနဲ့အတူ COVID-19 ကူးစက်မှုအတွက် စိုးရိမ်စရာအခြေအနေတွေကို တွေ့နေရဆဲဖြစ်ပါတယ်။
“ ကျွန်တော်တို့ Mask မတပ်ရင် YBS မစီးရအထိ လုပ်ထားပါတယ်။ တောက်လျှောက်လည်း Awaraness တွေ အများကြီးလုပ်လာတယ်။ အခုဆိုရင် စီးတဲ့သူက ၆၀၀၀၀၀ ကျော်ပြီဆိုတော့ ယခင်ကရဲ့ ၃၅ ရာခိုင်နှုန်းလောက်တော့ စီးနင်းမှုတွေရှိပြီပေါ့။ ရောဂါကြီးအတွက် YRTA ဘက်က ဟိုးပထမလှိုင်းကတည်းက တောက်လျှောက်အသိပညာပေးတွေ အများကြီးလုပ်ခဲ့ပါတယ်” ဟု YRTA မှ အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်ဒုတိယလှိုင်းဟာ ငါးလကျော်ကြာမြင့်နေပြီဖြစ်ပြီး ဒီအချိန်တွေအတွင်းမှာ ရန်ကုန်မြို့ကို ရောက်ရှိအလုပ်လုပ်ကိုင်နေထိုင်နေကြသူတွေဟာ အခြားသောဒေသများကို သွားရောက်ရန်အတွက် တင်းကျပ်မှုတွေ များစွာရှိနေပါတယ်။ အခြားသောရောဂါပျံ့နှံ့မှု များပြားရာ ဒေသများရော တစ်နိုင်ငံလုံး၌ ဒေသတစ်ခုနှင့် တစ်ခု သွားလာရေးအတွက်လည်း တင်းကျပ်တဲ့စည်းကမ်းများစွာကို သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ပိုးတွေ့မှုနှုန်း ကျဆင်းလာခဲ့တဲ့အချိန်တွေမှာတော့ တရားဝင်လမ်းကြောင်းမှ မဟုတ်ဘဲ စစ်ဆေးရေးဂိတ်များကို အလျင်းသင့်သလို ဖြတ်သန်း၍ ဒေသတစ်ခုနှင့်တစ်ခု သွားလာကြသူတွေရှိလာခဲ့ပြီး ဒီလိုသွားလာကြသူတွေဟာလည်း မဖြစ်မနေ သွားလာရမည့် ကိစ္စရပ်များအတွက်သာ သွားလာခဲ့ကြရတာဖြစ်ပေမယ့် ပုံမှန်ထက် အဆမတန်များပြားတဲ့ စျေးနှုန်းများဖြင့် ခရီးသွားလာနေကြရပါတယ်။
“ပုံမှန်ဆိုရင်ကားခက ရန်ကုန်ကို ငါးထောင်ပဲ ရှိတာ။ အခုကတော့ စစ်ဆေးရေးဂိတ်တွေကို ဆိုင်ကယ်နဲ့ ဖြစ်ဖြစ် ကျော်ရတယ်။ ဒီလိုပဲပေါ့ နားလည်မှုနဲ့ပေါ့။ ၃၀၀၀၀ လောက် ပေးရတယ်။ ရန်ကုန်အရောက်ဆို အပြန်ရောပေါ့။ ရောဂါစစ်ဆေးရေးဂိတ်တွေကို သူတို့ကရအောင် လမ်းကြောင်းရှာပြီး ဖြတ်ပေးတယ်။ စျေးကြီးပေးရပေမဲ့ အဆင်ပြေဖို့က အဓိကကိုး” လို့ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့သို့ အလုပ်ကိစ္စဖြင့် ဇန်နဝါရီလအတွင်းက လာရောက်ခဲ့သူတစ်ဦးက ပြောပါတယ်။
ဒီလိုမျိုး ရောဂါအတွက် ထားရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို မှောင်ခိုကျော်ဖြတ်ဝင်ရောက်ခြင်းဟာ ကပ်ရောဂါထိန်းချုပ်မှုအတွက် စိုးရိမ်စရာအခြေအနေတစ်ခုပါ။ ဒီအခြေအနေတွေကို ဖြေရှင်းပေးမှသာလျှင် သို့မဟုတ် ထိထိရောက်ရောက် ထိန်းချုပ်မှသာလျှင် ထိရောက်တဲ့ ရောဂါထိန်းချုပ်မှုတွေကို ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အဝေးပြေးယာဉ်လိုင်းတွေဟာ ယခုအချိန်အထိ ပုံမှန်သွားလာနိုင်ခြင်းမရှိသေးသလို ယာဉ်လိုင်းအများစုဟာလည်း ရပ်နားထားရခြင်းကြောင့် အခက်အခဲတွေ ဖြစ်ပေါ်နေရပြီး ပြည်သူတွေအနေနဲ့လည်း မဖြစ်မနေကိစ္စများအတွက် သွားလာရန်အတွက် မှောင်ခိုလမ်းကြောင်းတွေကိုသာ အဓိကအသုံးပြုနေရတာကို တွေ့ရပါတယ်။
“ယာဉ်လိုင်းတွေကို မရပ်ခိုင်းထားပါဘူး။ အဓိကက စီးတဲ့သူမရှိတာပေါ့။ ကိုဗစ်ကော်မတီက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ညီရင် သွားလို့ရပါတယ်။ စီးတဲ့သူ မရှိလို့ပေါ့။ ရပ်ထားတာတော့ မဟုတ်ပါဘူး” ဟု YRTA မှ အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
ကိုဗစ် ပထမလှိုင်းကို ထိန်းချုပ်နိုင်ခဲ့စဉ် အချိန်ကလည်း ဖြေလျှော့မှုတွေပြုလုပ်ခဲ့ပြီး သတ်မှတ်စည်းကမ်းနဲ့ ဖြေလျှော့ထားမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ကြီးကြပ်မှု အားနည်းတာကြောင့် ဒုတိယလှိုင်းကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာလည်း ဒုတိယလှိုင်းကို ထိန်းချုပ်စပြုနေနိုင်ပြီ ဖြစ်ပေမဲ့ ယခင်ပထမလှိုင်းကို သင်ခန်းစာယူထားဖို့ လိုအပ်လျက်ရှိနေပါတယ်။ သတ်မှတ်စည်းကမ်းကို တိတိကျကျ မထုတ်ဘဲ ဖွင့်လှစ်လာတဲ့ ဆိုင်ထိုင်စားသောက်မှုတွေကို ကြီးကြပ်မှု မရှိခြင်း၊ မှောင်ခိုခရီးသွားလာမှုများ ရှိနေခြင်းတွေဟာ တတိယလှိုင်းဖြစ်ပွားနိုင်မှုကို လက်ယပ်ခေါ်နေသလို ဖြစ်နေပါမယ်။
လက်ရှိကာလဟာ နိုင်ငံတကာမှာ တတိယလှိုင်းအတွက် တင်းကျပ်မှုတွေ များစွာပြုလုပ်နေကြပြီး ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ဟာလည်း လက်တစ်ကမ်းမှာ ရှိနေခဲ့ပါတယ်။ ဒါကြောင့် ပထမလှိုင်းထက် အဆမတန်ဆိုးရွားတဲ့ ဒုတိယလှိုင်း ဖြစ်ပွားမှုကို သင်ခန်းစာယူပြီး တာဝန်ရှိသူတွေဘက်က သင့်တော်တဲ့ ကြီးကြပ်မှုတွေ၊ စည်းကမ်းတွေဖြင့် ထိန်းသိမ်းဆောင်ရွက်မှသာလျှင် တတိယလှိုင်းကို ကြံ့ကြံ့ခံနိုင်မှာ ဖြစ်ပါတယ်။ သို့မဟုတ်ပါက ယခုထက် ပိုမိုဆိုးရွားတဲ့ အထွေထွေအကျပ်အတည်းတွေကို ကြုံတွေ့လာဖွယ် ရှိနေပါတယ်။
“အစ်မတို့က အရင်ပထမလှိုင်းပြီးတော့လည်း သေချာအကာအရံတွေနဲ့ ပြည်သူတွေ စိတ်ချလုံခြုံစွာ ခရီးသွားနိုင်ဖို့ စီစဉ်ထားခဲ့တယ်။ အခုလည်း မှောင်ခိုသွားနေကြတာတွေ ရှိနေပေမဲ့ အစ်မတို့ အဝေးပြေးယာဉ်လိုင်းတွေကလည်း ဆွဲလို့မရသေးတော့ အခက်အခဲတွေဖြစ်နေကြမှာပဲ။ အခက်အခဲရှိလို့လည်း ဒီလိုသွားနေကြတာပေ့ါ။ အဲဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ အစ်မတို့ အဝေးပြေးယာဉ်လိုင်းတွေဆိုရင်လည်း ဘဏ်အပေါင်နဲ့ ဝယ်ထားတဲ့ ကားတွေက ဘဏ်တိုးက မရပ်တော့ ကားနားရပေမဲ့ အတိုးက ပေးနေရတော့ နစ်လာတယ်။ အခက်အခဲတွေ ရှိလာတယ်။ ဒါကြောင့်လည်း သင့်တော်တဲ့ စည်းကမ်းတွေချပါ။ လိုက်နာပါမယ်။ ပြေးဆွဲခွင့်ရတော့မှ အဆင်ပြေမှာလေ။ အစ်မတို့ကတော့ အသင့်ပြင်ထားပါတယ်” ဟု JJ Express မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မကျော့ကျော့သန်းက ဆိုပါတယ်။










