COVID-19 ကူးစက်ပျံ့နှံ့မှု ကာလရှည်လာခြင်းနှင့်အတူ ရန်ကုန်၏ ပြင်ဆင်လုပ်ဆောင်မည့်အစီအစဉ်များ

COVID-19 ကူးစက်ပျံ့နှံ့မှု ကာလရှည်လာခြင်းနှင့်အတူ ရန်ကုန်၏ ပြင်ဆင်လုပ်ဆောင်မည့်အစီအစဉ်များ
ဝေဘာဂီအထူးကုဆေးရုံကြီး COVID-19 အထူးကြပ်မတ်ကုသဆောင် (ICU) ၌ ကုသစောင့်ရှောက်မှုပေးနေစဉ်
ဝေဘာဂီအထူးကုဆေးရုံကြီး COVID-19 အထူးကြပ်မတ်ကုသဆောင် (ICU) ၌ ကုသစောင့်ရှောက်မှုပေးနေစဉ်
Published 17 January 2021
အိသဥ္ဇာကျော်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှ စ၍ ဇန်နဝါရီ ၁၆ ရက်အထိ ပိုးတွေ့လူနာ ၁၃၀၀၀၀ ကျော်နှင့် သေဆုံးသူ ၂၉၀၀ ကျော်ရှိလာပြီဖြစ်သည်။

လက်ရှိကာလတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 ပိုးတွေ့နှုန်း သိသိသာသာ ကျဆင်းလာပြီး လက်ရှိ ဇန်နဝါရီလအတွင်း ပိုးတွေ့နှုန်း သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းဝန်းကျင်သာရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော ကိန်းဂဏန်းများအရ သိရသည်။

နိုင်ငံအတွင်း COVID-19 ပိုးတွေ့နှုန်း ကျလာသော်လည်း လူတစ်သန်းတွင် သေဆုံးသူ ၅၃ ဦး ရှိနေရာ သေဆုံးနှုန်း (CFR) မှာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိနေပြီး ရောဂါအခံရှိသူများတွင် သေဆုံးနှုန်း မြင့်တက်နေဆဲဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း COVID-19 ပိုးတွေ့လူနာလျော့ကျလာ၍ လက်ရှိ ကုသရေးစင်တာအချို့ကို Stand By အနေဖြင့် ပိတ်ထားပြီး လတ်တလော ကုသရေးစင်တာ ခုနစ်ခုတွင် ကုသဆဲလူနာ ၁၇၀၀ ကျော်သာ ကျန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ပြောကြားထားသည်။

“COVID-19 ကုသရေးစင်တာတွေထဲမှာ လူနာ ၁၇၃၀ ရှိပါတယ်။ ကုသရေးစင်တာ ၁၅ ခုကနေ အခုဆိုရင် ခုနစ်ခုကို လျှော့ချပြီး Stand By အနေအထားနဲ့ နေနေခြင်း ဖြစ်ပါတယ်။ ဖောင်ကြီးရယ် ရိုးမ (၁) နဲ့ (၂) ကို ပေါင်းပြီး ရိုးမရယ်၊ အောင်မြင့်မိုရ်ရယ်၊ ဧရာရယ်၊ Fortune Plaza ရယ်၊ အင်းလျားရယ်၊ ဆရာတော်တွေကို ကုသတဲ့ နေရာရယ် အားလုံး စင်တာ ခုနစ်ခု ရှိပါတယ်။ စင်တာ ခုနစ်ခုမှာ လူနာ ၁၇၃၀ ဦး ကုသနေတာဖြစ်ပါတယ်။ ဇန်နဝါရီ ၁၂ ရက်က Positive ထွက်တာဆိုရင် ၁၈၇ ယောက် ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၁ ရက်ကဆို ၁၆၈ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ရန်ကုန်ဟာ ၂၀၀ အောက်ကို ရောက်လာတာ ဖြစ်ပါတယ်။ ၂၀၀ အောက်ကို ရောက်လာတာဆိုရင် တစ်ပတ်လောက်ရှိနေပါပြီ။ ဆေးရုံတွေမှာတော့ Positive လူနာ ၅၁၀ ရှိပါတယ်။ တပ်မတော်မှာလည်း အရပ်ဘက်က ကုသနေတာ ၁၁ ဦး ပဲရှိပါတော့တယ်။  Private ဆေးရုံမှာ ကုသနေတာ ၆၀ ရှိပါတယ်။ ဒါကြောင့် ဒီနေ့ဆိုရင် Positive ဖြစ်တဲ့လူနာပေါင်း ၂၃၁၁ ဦး ရန်ကုန်မှာ ကုသနေတာဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ပိုးတွေ့လူနာ ၈၅၀၀၀ ကျော် ရှိလာပြီး မင်္ဂလာဒုံမြို့နယ်တွင် ပိုးတွေ့လူနာ ၆၀၀၀ ကျော်ဖြင့် အများဆုံးဖြစ်နေသည်။ ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့အလိုက် ပိုးတွေ့နှုန်းကိန်းဂဏန်းများအရ ပိုးတွေ့လူနာ ၁၅၀ မှ ၂၅၀ ဝန်းကျင်သာကျန်ရှိတော့ပြီး အချို့ရက်များတွင် ၁၅၀ အောက်အထိ ကျဆင်းခဲ့သည့် ရက်များပင် ရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာထွန်းမြင့်၏ပြောကြားချက်အရ  လက်ရှိကာလတွင် ရန်ကုန်တိုင်းဒေသကြီးရှိ Facility Quarantine နေရာများတွင် အသွားအလာ ကန့်သတ်ထားသူ သိသိသာသာ လျော့ကျသွားပြီး လူဦးရေ  ၅၀၀ သာ ကျန်ရှိတော့သည်ဟု ဆိုသည်။

“ ရန်ကုန်တိုင်းမှာ COVID-19 ဖြစ်ပွားမှုတွေ သိသိသာသာ လျော့ကျသွားပါပြီ။  အခုဆိုရင် COVID ကုသရေးစင်တာ ကိုးခုပဲ ရှိပါတော့တယ် အရပ်ဘက်မှာပါ။ တပ်ဘက်မှာဆိုရင်တော့ နှစ်ခုရှိတယ်။ ဆေးရုံပေါ်မှာဆိုရင်လည်း တော်တော်လျော့သွားပြီ။ COVID ကုသနေတဲ့ဆေးရုံ ၄၁ ရုံမှာဆိုရင်လည်း အားလုံးပေါင်းမှ ၂၀၀ လောက်ပဲရှိတော့တဲ့အထိ လျော့ကျသွားပြီး အားလုံးပေါင်းမှ ၂၀၀၀ ကျော်ကျော်ပဲရှိတော့တဲ့ အခြေအနေပါပဲ။ ဒီလောက်အထိကို လျော့ကျသွားတဲ့အခြေအနေပါ။ နောက် Contact တွေပေါ့လေ။ Positive လူနာတစ်ယောက် ထွက်ရင် ကျွန်တော်တို့ Contact တွေလည်း ရှာရဖွေရတဲ့အခါကျတော့ Contact တွေကို Facility မှာထားတာ ၅၀၀ လောက်ပဲရှိပါတော့တယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ဇန်နဝါရီလ ပထမပတ်အတွင်းက ရန်ကုန်တိုင်းဒေသကြီးရှိ Hotel ၊ Facility Quarantine စင်တာများနှင့် မြို့နယ်များရှိ CBFQ များတွင် အသွားအလာကန့်သတ်ထားသူ လျော့ကျသွားပြီး လက်ရှိ လူဦးရေ ၂၀၀၀ ဝန်းကျင်သာ ကျန်ရှိကြောင်း  ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

“ အတည်ပြုလူနာတစ်ယောက် ထွက်တယ်ဆိုရင် Contact Tracing လုပ်ရတယ်။ အဲဒီကနေ Primary Contact တွေ ရှာဖွေပြီးတော့ Quarantine တွေကို ထားရတာ ဖြစ်ပါတယ်။ Quarantine တွေမှာ အဓိကအားဖြင့်တော့ Hotel Quarantine, Facility Quarantine ဒီနေရာတွေကို ကျွန်တော်တို့က Primary Contact တွေထည့်သွင်းရတာပါ။ အခုဆိုရင် ဒါတွေလည်းပဲ လျော့သွားပါပြီ။ ဒါကြောင့်မို့ အခုဆိုရင် ရန်ကုန်တိုင်းမှာ Positive လူနာလည်း ကျတယ်။ ဒီဘက်က Contact တွေလည်းပဲ ကျဆင်းလာတဲ့ အခြေအနေပါပဲ” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်များအတွင်းရှိ မြို့နယ်အချို့ကို  Stay at Home သတ်မှတ်ထားဆဲဖြစ်သည်။  

“လက်ရှိ Stay at Home သတ်မှတ်ထားတာက ရန်ကုန်တိုင်းဒေသကြီးမှာ ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ကျန်မြို့နယ်တွေမှာဆိုရင် ဆိပ်ကြီးခနောင်တိုမြို့နယ်မှာ ရပ်ကွက် ခြောက်ခု၊ တွံတေးမြို့နယ်မှာ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၁၈ ခု၊ ကွမ်းခြံကုန်းမြို့နယ်မှာဆိုရင် ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၁ ခုနဲ့ ကျန်တဲ့ မြို့နယ်အားလုံးကို Stay at Home အဖြစ် သတ်မှတ်ထားပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ခုနစ်မြို့ နယ်ကို သတ်မှတ်ထားပါတယ်။ ပဲခူးတိုင်းဒေသကြီးမှာ ပဲခူးမြို့၊ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်မြို့နယ်နဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့ နယ်လုံးကို သတ်မှတ်ထားပါတယ်။ ကချင်ပြည်နယ် ဖားကန့် မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ရှစ်ခုကို Stay at Home မြို့နယ်တွေအဖြစ် သတ်မှတ်ထားပါတယ်” ဟု  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း COVID-19 ပိုးတွေ့နှုန်းများ ကျဆင်းလာသော်လည်း လတ်တလော၌ မိမိနေအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်ကို ဖြေလျှော့ပေးရန် ခက်ခဲသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ဆိုသည်။

“Stay at Home အစီအစဉ်တွေကို ပထမတစ်ကြိမ်လည်း ဖြေလျှော့ပြီးသွားပြီ။ ရပ်ကွက်ကျေးရွာပေါင်း ၃၂၅ ခုကို ပထမတစ်ကြိမ် ကျွန်တော်တို့ ဖြေလျှော့ပြီးသွားပါပြီ။ နောက်ထပ် ဖြေလျှော့ဖို့ကတော့ နောက်ထပ်ပိုးတွေ့ရှိမှုအပေါ်လည်း မူတည်ပါတယ်။ နောက်စဉ်းစားရမယ့်အချက်တွေကတော့ အများကြီးပါ။ လူဦးရေသိပ်သည်းဆများတဲ့ နေရာမှာ ဖြေလျှော့ဖို့ ခက်ပါတယ်။ တချို့ရပ်ကွက်တွေ မြို့နယ်တွေ နယ်နိမိတ်ထိစပ်နေတဲ့ နေရာတွေ ဥပမာ ရန်ကုန်မြို့လယ်ကောင်လို နေရာဆို ကျွန်တော်တို့ ဖြေလျှော့မယ်ဆိုရင်တောင် ကွက်ပြီး ဖြေလျှော့ဖို့က ခက်ပါတယ်။ ဒါကြောင့်မို့ ဖြေလျှော့မှုတွေကတော့ အဲဒီအခြေခံအချက်အလက်တွေကို စဉ်းစားပြီးတော့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အဓိက ရပ်ကွက်ကျေးရွာ ၃၂၅ ခုကို ဖြေလျှော့လိုက်တာကတော့ အထူးသဖြင့် ကျေးလက်ဒေသပေါတဲ့ တောင်ပိုင်းခရိုင်က နေရာများသာ ဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်ပြန့်ပွားနှုန်း လျော့ကျလာစေရေး ရည်ရွယ်ချက်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းပြီး Stop COVID Yellow Campaign ကို ပြုလုပ်လျက်ရှိသည်။

“ ရန်ကုန်မှာဆိုရင် Mask Campaign လုပ်ပြီးကတည်းက ကျလာတယ်။ အခုဆိုရင် Yellow Campaign လုပ်နေတာပါ။ Mask တပ်ဖို့၊ လက်ဆေးဖို့ ၊ ခပ်ခွာခွာနေဖို့၊ တစ်ဦးကို တစ်ဦး အသိပေးဖို့၊ သတိပေးဖို့ ဆိုတာကို လူထုလှုပ်ရှားမှုအသွင်နဲ့ လူတိုင်း လူတိုင်းပါဝင်နိုင်မယ့် ပါဝင်ဖို့လိုတဲ့ ပါဝင်နေတဲ့ လှုပ်ရှားမှုနဲ့ ဒါကို တားဆီးရမှာဖြစ်ပါတယ်။ အားလုံးကျွန်တော်တို့ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ New Normal, New Living, New Yangon ဆိုတဲ့အနေအထားမျိုး ရောက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် COVID-19 ပိုးတွေ့လူနာဦးရေ သိသိသာသာ ကျဆင်းလာပြီး သေဆုံးနှုန်းလည်း ကျဆင်းလာပြီဖြစ်သည်။

COVID-19 လူနာများကို လက်ရှိ ကုသရေးပိုင်းနှင့် ပတ်သက်၍ ဒေါက်တာဇော်ဝေစိုးက “ကုသရေးအနေနဲ့ပြောရရင် ကူးစက်မှုတွေလည်းလျော့လာတယ်။ ကုသမှုအနေနဲ့လည်း နိုင်နိုင်နင်းနင်း ရှိတယ်။ နောက် သေပျောက်တဲ့နှုန်း ကျလာတာဖြစ်ပါတယ်။ ရန်ကုန်ဆိုရင် ခုဂဏန်း။ အရင်ကဆို ၄၀ ကျော်ခဲ့တယ်။ ၃၀၊ ၂၀ ၊ ၁၀ နဲ့ အခုဆိုရင် ၁၀ အောက်ရောက်လာတာ အခုဆိုရင် သုံးလေးရက်ရှိနေပါပြီ။ ဒါဟာ အခြေအနေတိုးတက်ကောင်းမွန်လာတာဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

ရောဂါဖြစ်ပွားနှုန်းများ ကျဆင်းလာမှုနှင့်အတူ လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော ဘွဲ့ကြိုသင်တန်းများကို New Normal သင်ကြားနည်း ပုံစံအသစ်ဖြင့် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်သည်။

“အခုဆိုရင် ကျွန်တော်တို့ ကျောင်းတွေ စဖွင့်ဖို့စီစဉ်နေတယ်။ ဆေးတက္ကသိုလ်နောက်ဆုံးနှစ် နောက်ဆက်တွဲ သင်တန်းတွေကနေ စဖွင့်ပါမယ်။ Regular တန်းက ပြီးသွားပြီ။ အခုဆိုရင် House ဆင်းပြီး ဆရာဝန်ဖြစ်နေပြီ။ အခု ကျန်နေတဲ့ အတန်းကို စဖွင့်ပါမယ်။ ကျောင်းမှာဆိုရင် ၂၇ ယောက်ရှိတယ်။ တစ်နိုင်ငံလုံးအနေနဲ့ဆိုရင် ၁၀၀ ကျော်ရှိတယ်။ သူတို့ကို ကျွန်တော်တို့ ဒီလ ဇန်နဝါရီလ တတိယပတ်မှာ စပြီးဖွင့်မယ်။ ပုံမှန် အတန်းတွေကတော့ တစ်နိုင်ငံလုံးဆိုရင် ကျောင်းသား ၁၆၀၀ လောက်ရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ကျောင်းအနေနဲ့ဆိုရင် ၄၆၀ ကျော်ရှိတယ်။ အဲဒီကျောင်းသားတွေကို ဖေဖော်ဝါရီ ၁၈ ရက်မှာ စပြီးဖွင့်ဖို့ ကြေညာပြီးဖြစ်ပါတယ်။ ဒါကိုလည်း ကြိုတင်စီစဉ်နေပါတယ်” ဟု ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသော ဘွဲ့ကြိုသင်တန်းအားလုံးကို COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ခေတ္တရပ်နားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းသင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာ ကျောင်းများတွင် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

“ဒါဟာ New Normal Life, New Normal ဆေးတက္ကသိုလ်ကို သွားဖို့အတွက် ခြေလှမ်းဖြစ်ပါတယ်။ New Normal ဆေးတက္ကသိုလ်ဆိုတဲ့အတိုင်းပဲ ယခင်တုန်းက သင်ကြားတဲ့ပုံစံအတိုင်း သင်ကြားမှာ မဟုတ်ပါဘူး။ Online, Face to Face အဲဒီဘက်ကို သွားမှာ ဖြစ်ပါတယ်။ လူနာတွေကို တွေ့မယ်၊ ကြည့်မယ်။ ဒါပေမဲ့ တွေ့မယ့် ကြည့်မယ့် လူနာတွေဟာ Negative လူနာများဖြစ်ပါတယ်။ ကျွန်တော်တို့ ဆေးရုံတွေမှာ Positive နဲ့ Negative လူနာဆိုပြီး ခွဲထားတယ်။ Positive နေရာတွေကို ကျွန်တော်တို့ စာသင်မှာ မဟုတ်ပါဘူး။ Negative နေရာတွေကိုသာ စာသင်မှာ ဖြစ်ပါတယ်။ Negative လူနာတွေ ရှိတဲ့ Clean Zone မှာ စာသင်မှာ ဖြစ်ပါတယ်။ အရင်တုန်းကလို ကျောင်းသားတွေ ၄၀၊ ၅၀၊ ၁၀၀ အဲဒီလို သင်မှာမဟုတ်ပါဘူး။ Small Group တွေခွဲပြီးတော့ သင်မှာဖြစ်ပါတယ်။ ၃၀ အောက်။ တကယ်တမ်းဆိုရင် ဂျူတီအဆိုင်းတွေ ချပြီးတော့ ၁၀ ယောက်အောက်နဲ့ ခွဲပြီး စာသင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် New Normal ဆေးတက္ကသိုလ်အနေနဲ့သွားမှာ ဖြစ်ပါတယ်။ အလားတူ New Normal ဆေးနဲ့နှီးနွယ်ကျောင်းများကိုလည်း ဖွင့်ထားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပညာရေးကိုလည်း ဒီနည်းနဲ့ ပြန်လည်ပြီးရရှိအောင် လုပ်ရမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ဆက်လက်ပြောကြားသည်။

ဇန်နဝါရီ ၅ ရက်က နေပြည်တော်၌ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ပုံမှန်သင်တန်းနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် (ပုံမှန်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက်တင်ပြခြင်းနှင့် ဘွဲ့လွန်ဆေး ပညာသင်တန်းများ ဝင်ခွင့်ခေါ်ယူရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) နောက်ဆက်တွဲသင်တန်းများနှင့် သူနာပြုတက္ကသိုလ် (နောက်ဆုံးနှစ်) သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့၍ မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

COVID-19 ကာကွယ်ဆေးထိုးနှံနေသည့် နိုင်ငံများတွင်ပင် ရောဂါဖြစ်ပွားမှု အခြေအနေ မြင့်တက်ဆိုးရွားနေ၍ ကာကွယ်ဆေးအပေါ် မှီခိုအားကိုးပြီး စိတ်လျှော့၍ မရကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

“ နိုင်ငံတကာအခြေအနေကို ကြည့်မယ်ဆိုရင်တော့ ကာကွယ်ဆေး ပထမဆုံး ထိုးခဲ့တဲ့တိုင်းပြည်တွေမှာတောင် အခြေအနေက တော်တော်လေးအခြေအနေ မြင့်တက်ဆိုးရွားနေတာကို တွေ့ရပါတယ်။ ဥပမာ UK ဆိုရင် Positive ဖြစ်တဲ့သူ ငါးသောင်း၊ ခြောက်သောင်း ဖြစ်နေတယ် တစ်နေ့ကို ။ သေဆုံးတဲ့သူကလည်း ထောင်ကျော်နေတဲ့ အနေအထားဖြစ်နေပါတယ်။ အလားတူပဲ US လည်းပဲ နှစ်သိန်းသုံးသိန်းဖြစ်တယ်။ သေဆုံးတဲ့သူကလည်း သောင်းနဲ့ချီပြီး ရှိနေပါတယ်။ နောက် ကိုရီးယား၊ ဂျပန်နိုင်ငံတွေမှာလည်း အလားတူ အခြေအနေက ယခင်ထက် ပိုမိုများပြားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ကာကွယ်ဆေး စပြီးထိုးနိုင်လို့ ပေါ့လို့ လျှော့လို့ လျှော့လို့ မရပါဘူး။ ကျွန်တော်ကို ကာကွယ်ဆေးကို မှီခိုပြီး ကာကွယ်ဆေးကို အားကိုးပြီး စိတ်ကလျှော့လိုက်လို့ မရပါဘူး။ ဒါကြောင့် COVID-19 ရဲ့ သတ်မှတ်ချက်တွေဖြစ်တဲ့ Mask တပ်ပါ။ လက်ဆေးပါ။ ခပ်ခွာခွာနေပါ။ တစ်ဦးကို တစ်ဦး အသိပေးပါ။ သတိပေးပါဆိုတာက အရေးကြီးပါတယ်” ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောကြားသည်။

လူထုအတွင်း COVID-19 ရောဂါ ကာကွယ်နိုင်မှုနှုန်း ရရှိရန် ၂၀၂၁ မှ ၂၀၂၂ ခုနှစ်အတွင်း အသက် ၁၈ နှစ်အထက်ရှိသည့် နိုင်ငံလူဦးရေ ၆၇ ရာခိုင်နှုန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်သည်ဟု ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လက်ရှိ ရေးဆွဲထားသည့် အစီအစဉ်အရ ၂၀၂၁ ခုနှစ် မှ ၂၀၂၂  ခုနှစ်အတွင်း လူထုအတွင်း ရောဂါကာကွယ်နိုင်မှုနှုန်း ရရှိရန် အသက် ၁၈ နှစ်အထက်ရှိသည့် နိုင်ငံသားအားလုံး၊ မြန်မာနိုင်ငံ လူဦးရေ၏ ၆၇ ဒသမ ၉ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်သည်ဟု သိရသည်။

Most Read

Most Recent