ဆင်းရဲလေ ကာကွယ်ဆေးရဖို့ ခက်လေ

ဆင်းရဲလေ ကာကွယ်ဆေးရဖို့ ခက်လေ
Published 14 January 2021

COVID-19 ကာကွယ်ဆေး ဖြန့်ဝေမှု အရှိန်မြှင့်လုပ်ဆောင်ခြင်းသည် စီးပွားရေးအင်အားကြီးနိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရာ၌ အရေးပါလိမ့်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း မျှော်မှန်းထားသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှု ပိုမိုကျဆင်းမသွားစေရန် ကာကွယ်တားဆီးရာ၌လည်း အရေးပါလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဒေးဗစ်မယ်လ်ပက်စ်က ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် လေးရာခိုင်နှုန်းအထိ မြင့်တက်လာလိမ့်မည်ဖြစ်ကြောင်း၊ သို့သော် COVID-19 တုံ့ပြန်ဆောင်ရွက်မှုများ မြင့်တက်လာခြင်း၊ ကာကွယ်ဆေးဖြန့်ဖြူးမှုတွင် နှောင့်နှေးကြန့်ကြာခြင်းများက ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်နာလန်ထူမှုကို ၁.၆ ရာခိုင်နှုန်းထိသာ ရှိစေလိမ့်မည်ဟု ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ခန့်မှန်းခဲ့သည်။

စီးပွားရေးအင်အားကြီးနိုင်ငံများတွင် COVID-19 ကာကွယ်ဆေးကို လျင်လျင်မြန်မြန်ဖြန့်ဝေကြလိမ့်မည်ဖြစ်ပြီး ယင်းလုပ်ဆောင်မှုသည် ဆင်းရဲသောနိုင်ငံများ၌ စီးပွားရေးဖွံ့ဖြိုးမှုမြှင့်တင်ခြင်းလုပ်ငန်းကိုပါ အထောက်အကူဖြစ်စေကြောင်း ဒေးဗစ်က Reuters Next အစည်းအဝေးတွင် ပြောကြားခဲ့သည်။ “၂၀၂၁ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တစ်ရာခိုင်နှုန်းပဲရှိတယ်ဆိုရင် အဲဒါက အခြေခံလူတန်းစားတွေအတွက် အလွန်ဆိုးရွားတဲ့ အခြေအနေဖြစ်လာပါလိမ့်မယ်။ ဆင်းရဲတဲ့နိုင်ငံတွေက ပို့ကုန်စျေးကွက်တွေနဲ့ ငွေလွှဲ၊ ငွေပို့မှုတွေအပေါ် ကြီးကြီးမားမားမှီခိုနေရတဲ့အတွက် ချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေက အရေးကြီးပါတယ်” ဟု ဒေးဗစ်က ဆိုသည်။

ပညာရေးမှသည် ပြည်သူ့ကျန်းမာရေး၊ ကြွေးမြီဝန်ထုပ်ဝန်ပိုးများ၊ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာမှုမရှိခြင်းစသော ကိစ္စရပ်များအထိ ဆင်းရဲသောနိုင်ငံများ ရင်ဆိုင်နေရသည့် ပြဿနာအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ရန် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များအနေဖြင့် အရေးတကြီး ဆောင်ရွက်ချက်များ စတင်ရန်လိုအပ်ကြောင်း ဒေးဗစ်က ထပ်လောင်းပြောကြားခဲ့သည်။ “COVID-19 ရောဂါ မဖြစ်ပွားချိန်ကတည်းက ဆင်းရဲ၊ ချမ်းသာ ကွာဟမှုက တဖြည်းဖြည်း ပိုပိုဆိုးနေတာပါ။ ကပ်ရောဂါဖြစ်လာတဲ့အချိန်မှာ အဲဒီပြဿနာက ပိုပြီးတော့ ဆိုးရွားလာတယ်။ COVID-19 ကာကွယ်ဆေးရရှိရေးက ဖွံ့ဖြိုး ဆဲနိုင်ငံအများအပြားမှာ ရင်ဆိုင်နေရတဲ့ ပြဿနာကြီးတစ်ရပ်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ဆင်းရဲလေ ကာကွယ်ဆေးရဖို့ ခက်လေပဲ။ COVID-19 ကာကွယ်ဆေးကို ညီညီမျှမျှ ဖြန့်ဝေဖို့လိုတယ်ဆိုတဲ့အချက်ကို လူတိုင်းက သဘောတူကြတဲ့ ပုံစံတော့ ထွက်နေတာပဲ။ ဒါပေမဲ့ ကာကွယ်ဆေးရဖို့ ခက်ခဲတဲ့ ကိစ္စက စဖြစ်လာတာပဲ” ဟု ဆွေးနွေးပွဲကျင်းပပြီးနောက် ဒေးဗစ်က ရိုက်တာသို့ ပြောကြားခဲ့သည်။ COVID-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေးနှင့် ဖြန့်ဖြူးနိုင်ရေးအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေဒေါ်လာ ၁၂ ဘီလျံကို ထုတ်ချေးရန် ကမ္ဘာ့ဘဏ်က နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် ဆွေးနွေးနေကြောင်း ဒေးဗစ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။ အဦးဆုံးရရှိသည့် ချေးငွေသဘောတူညီ ချက်များကို ဇန်နဝါရီနှောင်းပိုင်း သို့မဟုတ် ဖေဖော်ဝါရီအစောပိုင်းတွင် အတည်ပြုသွား လိမ့်မည်ဟု ခန့်မှန်းရသည်။

မည်သို့ပင်ဆိုစေ၊ ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲချို့တဲ့သောနိုင်ငံများသည် ၎င်းတို့၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဇန်နဝါရီလကုန်နှင့် ဖေဖော်ဝါရီလလယ်ပိုင်းကြားတွင် စတင်ရရှိနိုင်လိမ့်မည်ဟု မျှော်မှန်းထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ရရှိရေးနှင့် ဖြန့်ချိရေးအစီအစဉ်ဖြစ်သည့် WHO တွင် ဗိုင်းရပ်စ်ကာကွယ်ဆေး နှစ်ဘီလျံ ဖြန့်ချိသွားရန် ကတိကဝတ်ပြုထားပြီး ပထမဆုံးကာကွယ်ဆေးကို မကြာမီ ရက်သတ္တပတ်များအတွင်း စတင်ဖြန့်ချိသွားမည်ဟု WHO ၏ ဗိုင်းရပ်စ်ကာကွယ်ဆေး အကြီးအကဲ ကိတ်အိုဘရိုင်ယန်က ပြောကြားခဲ့သည်။

Covax အစီအစဉ်အရ ဝင်ငွေနိမ့်ပါးသည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် လုံလောက်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးကို ယခုနှစ်ကုန်မတိုင်မီ ဖြန့်ချိသွားနိုင်ရန် ရည်ရွယ်ထားသည်။ ယင်းအစီအစဉ်ကို WHO၊ Gavi ဗိုင်းရပ်စ်ကာကွယ်ဆေး မိတ်ဖက်အဖွဲ့နှင့် ကပ်ရောဂါကြိုတင်ပြင်ဆင်မှု ဆန်းသစ်ပြောင်းလဲခြင်းဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ (CEPI) တို့က ပူးတွဲဦးဆောင်ခဲ့ကြသည်။ အိုဘရိုင်ယန်က “ဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူဖို့မတတ်နိုင်တဲ့ အာဖရိကနဲ့ တောင်အာရှနိုင်ငံတွေအပြင် တခြားနိုင်ငံပေါင်း ၉၂ နိုင်ငံအတွက် ကာကွယ်ဆေး အမှန်တကယ်ရရှိမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့သော် ဆင်းရဲသော နိုင်ငံများအနေဖြင့်လည်း “ဆင်းရဲလေ ကာကွယ်ဆေးရဖို့ခက်လေ”၊ ထို့ကြောင့် “ပို၍ ဆင်းရဲစေ” ဟူသည့် အနေအထားမှနေ၍ အမြန်ဆုံး ရုန်းထွက်နိုင်ရန် ကြိုးပမ်းရမည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

 

Most Read

Most Recent