နယ်မြေအငြင်းပွားမှုများနှင့် စိုးရိမ်စရာကောင်းသည့် မြန်မာ့ငြိမ်းချမ်းရေး

နယ်မြေအငြင်းပွားမှုများနှင့် စိုးရိမ်စရာကောင်းသည့် မြန်မာ့ငြိမ်းချမ်းရေး
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် မူတရော်ခရိုင် လူးသောမြို့နယ် နယ်မြေ သုံးခုမှ ဒေသခံပြည်သူများ ဆန္ဒပြစဉ် (Photo - Thoolei News – KNU - Department Of Information)
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် မူတရော်ခရိုင် လူးသောမြို့နယ် နယ်မြေ သုံးခုမှ ဒေသခံပြည်သူများ ဆန္ဒပြစဉ် (Photo - Thoolei News – KNU - Department Of Information)
Published 10 January 2021
မင်းနိုင်စိုး

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA) တို့အကြား ဖြစ်ပွားနေသော ပြဿနာများ ပိုပြီးကြီးထွားမလာစေရန်အတွက် အစိုးရအနေဖြင့် KNU နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော်တွင် ဇန်နဝါရီ ၈ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက တပ်မတော်နှင့် KNLA တို့အကြား ဖြစ်ပွားနေသောပြဿနာများ ပြေလည်အောင် ဖြေရှင်းရေးနှင့်ပတ်သက်၍ ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် တွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းနှင့် ၂၀၂၁ ခုနှစ် ဇန်ဝါရီလ ပထမပတ်အတွင်း တပ်မတော်နှင့် KNLA တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဖာပွန်ခရိုင်သည် တပ်မတော်နှင့် KNLA တပ်မဟာတို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသောနယ်မြေ ဖြစ်ခဲ့သည်။

ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော်၏ တပ်စခန်းများကို ရုပ်သိမ်းပေးရန် KNLA က တောင်းဆိုထားပြီး အထူးသဖြင့် မဲဝိုင်စခန်းအား ရုပ်သိမ်းပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။

ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော်၏ တပ်စခန်းများ ရုပ်သိမ်းပေးရေးကို ဦးတည်၍ ဒီဇင်ဘာလကုန်ပိုင်းတွင်၊ ယခုလ အစောပိုင်းကာလများတွင် ဒေသခံအများအပြားက ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

တပ်မတော်စစ်ကြောင်းများသည် ဖာပွန်ခရိုင်အတွင်း၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများ စေလွှတ်၍ နယ်မြေစုံစမ်းထောက်လှမ်းခြင်း၊ စစ်ရေးအရ အထောက်အကူပြုစေရန် လမ်းဖောက်လုပ်ခြင်းများ ပြုလုပ်နေသည်ဟု KNLA နှင့် ဒေသခံများက ဝေဖန်ထားသည်။

ထိုသို့သော စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကြောင့် တပ်မတော်နှင့် KNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားရပြီး အဆိုပါတိုက်ပွဲများကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာထွက်ပြေးရခြင်း၊ စားဝတ်နေရေးခက်ခဲခြင်းနှင့် လူမှုအတိဒုက္ခများ ခံစားနေရသည်ဟု ဒေသခံများက ၎င်းတို့၏ ဆန္ဒဖော်ထုတ်ပွဲများတွင် ထုတ်ဖော် ပြောကြားခဲ့ကြသည်။

KNU အုပ်ချုပ်မှုနယ်မြေအတွင်းရှိ တပ်မတော်၏ တပ်စခန်းများကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား၍ ရုပ်သိမ်းပေးရန် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် KNLA ဗဟိုစစ်ဦးစီးဌာနချုပ်က ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီးသော်လည်း NCA အခန်း (၃) နှင့် အခန်း (၆) တို့ကို အကောင်အထည် ဖော်နိုင်ခြင်းမရှိသည့်အပြင် အခန်း (၄) ကိုလည်း ထိရောက်သည့် ယန္တရားအဖြစ် မဖော်ဆောင်နိုင်ခဲ့ကြောင်း KNLA ဗဟိုစစ်ဦးစီး ဌာနချုပ်၏ ဒီဇင်ဘာ ၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

NCA စာချုပ်အခန်း (၃) တွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စများကို ထည့်သွင်းရေးဆွဲထားပြီး အဆိုပါအခန်းတွင် တပ်နေရာချထားရေးနှင့် ပဋိပက္ခများရှိလာပါက မြေပြင်တွင် အင်အားသုံး ဖြေရှင်းခြင်း မပြုရန် ပြဋ္ဌာန်းထားသည်။

NCA စာချုပ်အခန်း (၆) တွင် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ထည့်သွင်းရေးဆွဲထားပြီး အဆိုပါ လုပ်ငန်းစဉ်များတွင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စများ ပါဝင်သည်။

NCA စာချုပ်အခန်း (၄) တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာအောင် လုပ်ဆောင်ရန်အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ၏ လုပ်ငန်းတာဝန်များကို ထည့်သွင်းရေးဆွဲထားသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာတွင် ပြုလုပ်ခဲ့သော အစိုးရနှင့် KNU တို့၏ တရားဝင်အစည်းအဝေးတွင် တပ်မတော်တပ်စခန်းများ ရွှေ့ပြောင်းရေးကို ဆွေးနွေးခဲ့ကြပြီး အဆိုပါ အစည်းအဝေးတွင် တပ်မတော် ရှေ့တန်းစခန်းများသို့ ရိက္ခာပို့ဆောင်ရန်အတွက် တပ်မတော်စစ်ကြောင်းများ သွားလာရန်အတွက် လမ်းကြောင်းများကို သတ်မှတ်ပေးထားခဲ့ကြောင်းလည်း KNLA ၏ ဒီဇင်ဘာ ၁ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် နယ်မြေ အေးချမ်းတည်ငြိမ်ရေးကို ရှေးရှု၍ တပ်မတော်အနေဖြင့် ကျေးရွာအတွင်း ယခင် စခန်းချတပ်စွဲထားသည့် တပ်စခန်းများနှင့် ထပ်မံတိုးချဲ့ခဲ့သည့် တပ်စခန်းများအား ၂၀၂၀ ပြည့်နှစ် နှစ်ကုန်တွင် အပြီးတိုင်ရုပ်သိမ်းပေးရန် KNLA ဗဟိုစစ်ဌာနချုပ်က တောင်းဆိုခဲ့သည်။

အဆိုပါတောင်းဆိုချက်အပေါ် မလိုက်နာပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအရပ်ရပ်သည် အစိုးရနှင့် တပ်မတော်တို့၏ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ ပျက်ကွက်မှုသာဖြစ်ကြောင်းလည်း KNLA ဗဟိုစစ်ဌာနချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ဖာပွန်ခရိုင် လူသောမြို့နယ်နှင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ဒွဲလိုမြို့နယ်တို့၌ ဒေသခံအများအပြားသည် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်သူများသည် ဖာပွန်ခရိုင်အတွင်း တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများအား ရပ်တန့်ပေးရန်နှင့် တပ်မတော် တပ်စခန်းများ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

လတ်တလော တပ်မတော်နှင့် KNLA တို့အကြား ပဋိပက္ခများဖြစ်ပွားနေသည့် မဲဝိုင်စခန်းသည် ၁၉၈၃ ခုနှစ် မတိုင်မီကတည်းကပင် ရှိခဲ့သော စခန်းတစ်ခုဖြစ်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် မဲဝိုင်စခန်းဟောင်းမှ တပ်မတော်က ဆုတ်ခွာပေးခဲ့ကာ လက်ရှိ မဲဝိုင်စခန်းတွင် ၁၉၉၅ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ တပ်မတော်က လုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း ဒီဇင်ဘာ ၃၀ ရက်တွင် ပြုလုပ်ခဲ့သော တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

ထို့ပြင် စခန်းရွှေ့ပြောင်းရေးကိစ္စသည် အောက်ခြေအဆင့်တွင် ဆွေးနွေးဆုံးဖြတ်၍ရသည့် ကိစ္စမျိုး မဟုတ်ဘဲ နှစ်ဖက်ခေါင်းဆောင်များအကြား ဆွေးနွေးဆုံးဖြတ်ရမည့် ကိစ္စမျိုးဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ကြောင့် မဲဝိုင်စခန်းဖြစ်စဉ်နှင့်ပတ်သက်၍ KNLA ၏ ဆောင်ရွက်မှုများသည် တပ်မတော်နှင့် KNU တို့ လက်တွဲဆောင်ရွက်နေသော ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် သွေဖည်နေသည့်အတွက် လက်အောက်တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းကြပ်မတ်ပေးရန် တပ်မတော်က KNU ထံ စာပေးပို့ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် မဲဝိုင်စခန်း အနီးတစ်ဝိုက်တွင် တပ်မတော်နှင့် KNLA တို့ စစ်ရေးတင်းမာမှုဖြစ်ပေါ်နေပြီး အစောပိုင်းကာလအတွင်းကမူ ထိတွေ့မှုအနည်းငယ်ရှိခဲ့သည်။

“ အခုဖြစ်နေတဲ့ပြဿနာတွေ ပိုပြီးကြီးထွားမလာအောင်ပေါ့နော်။ ကျွန်တော်တို့ဘက်က အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတယ်ဆိုတာကို ဖြေကြားလိုပါတယ်” ဟု နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

ဖာပွန်ခရိုင်အတွင်း တပ်မတော်နှင့် KNLA တို့အကြား ဖြစ်ပွားနေသော ပဋိပက္ခအခြေအနေကို  ဖြေရှင်းရန်အတွက် KNU က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ စာပေးပို့ထားသကဲ့သို့ NRPC ကလည်း KNU ထံ စာပေးပို့ထားကြောင်း ဦးဇော်ဌေးက ပြောကြားသည်။

ခရစ္စမတ်မတိုင်မီကပင် NRPC က KNU ထံသို့ ပေးပို့ထားသော အစိုးရ၏ အဆိုပြုစာတွင် ဇန်နဝါရီ ၅ ရက်မှ ၈ ရက်အတွင်း တွေ့ဆုံရန် အဆိုပြုထားခြင်းဖြစ်ရာ အဆိုပြုရက်မှာ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

KNU ဒုတိယဥက္ကဋ္ဌနှင့် NRPC တို့အကြား ဆက်သွယ်မေးမြန်းရာတွင် NRPC ၏ ဆွေးနွေးမှု အာဂျင်ဒါနှင့်ပတ်သက်၍ KNU အဖွဲ့အတွင်း ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း KNU ဒုတိယဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့သည်ဟု ဦးဇော်ဌေးက ဆိုသည်။

“ ကျွန်တော်တို့ကတော့ ဘာပြောလိုက်သလဲဆိုတော့ အောက်မှာလည်း ပြဿနာတွေက ဟိုကဖြစ်၊ ဒီကဖြစ် ဆန္ဒပြကြနဲ့ပေါ့နော်။ ဒီလိုမျိုး ဖြစ်နေတယ်။ မြန်မြန်တွေ့ဖို့ လိုတယ်ပေါ့နော်။ အမြန်ဆုံးတွေ့ဖို့ လိုတယ်ဆိုတာကို သူတို့က လက်ခံတယ်။ အမြန်ဆုံး တွေ့မယ်ဆိုတာ လက်ခံတယ်။ တွေ့ပြီးမှပဲ ကျွန်တော်တို့ ဖြေရှင်းရတာ၊ ဖြေရှင်းတာ ပိုကောင်းတာပေါ့နော်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ အားလုံးပြင်ဆင်ထားတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရနှင့် KNU တို့၏ တွေ့ဆုံဆွေးနွေးပြီးနောက် တပ်ပိုင်းဆိုင်ရာကိစ္စများ ဖြေရှင်းနိုင်ရေးအတွက် တပ်မတော်နှင့် KNU တို့ ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး KNU ၏ တရားဝင်အကြောင်း ပြန်ကြားချက်ကို စောင့်နေကြောင်း ဦးဇော်ဌေးက ဆိုသည်။ 

KNU ကလည်း ဇန်နဝါရီ ၈ ရက်တွင်ပင် အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကြေညာချကတစ်ခု ထုတ်ပြန်ခဲ့သည်။

KNU ဗဟို၏ အဆိုပါထုတ်ပြန်ချက်တွင် ဖာပွန်ခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့တွင် တပ်မတော်၏ တပ်စခန်းများ ရွှေ့ပြောင်းပေးရေး ဒေသခံများ၏ ဆန္ဒပြတောင်းဆိုမှုအား စာနာထောက်ခံကြောင်း ဖော်ပြခဲ့ပြီး တပ်မတော်၏ တပ်စခန်းများ သည် ဒေသခံများ၏ နိစ္စဓူဝဘဝကို အနှောင့်အယှက်ဖြစ်စေသည်ဟု KNU က ထုတ်ပြန်သည်။

KNU အနေဖြင့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူကို စွဲကိုင်ကာ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ပဏာမအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်နှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးကာ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန် တစိုက်မတ်မတ်ကြိုးစားနေသည်ဟု KNU က ဆိုသည်။

အထူးသဖြင့် ၂၀၁၂ ခုနှစ်က ဘားအံမြို့တွင် ပြုလုပ်ခဲ့သော အစိုးရနှင့် KNU တို့၏ အစည်းအဝေးတွင် KNU ၏ အဆိုပြုချက်ဖြစ်သည့် ‘ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများအဖြစ် ဘဝရပ်တည်ရေးအာမခံရန်’ ဆိုင်ရာကိစ္စများအား ဆက်လက်ညှိနှိုင်းခြင်းမရှိသည်မှာ ယနေ့အထိဖြစ်ကြောင်း KNU က ဆိုသည်။

ထိုသို့ ညှိနှိုင်းနိုင်ခြင်းမရှိသည့် အကျိုးဆက်အနေဖြင့် အပစ်အခတ်ရပ်စဲထားသည့် နယ်မြေအတွင်း နေထိုင်သည့် ပြည်သူများ ဘဝလုံခြုံရေး တိုးတက်ဖြစ်ပေါ်မှုမရှိခြင်းအပေါ်တွင် လူထုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိတ်ပျက်ခြင်းနှင့်အတူ ယုံကြည်မှုများ ကျဆင်းလာပြီး ယင်းသည် လူထုဆန္ဒထုတ်ဖော်မှုများ၊ တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်တိုက်ခိုက်မှုများအသွင်ဖြင့် စဉ်ဆက်မပြတ် ပေါ်ပေါက်လာနေသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုသို့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု ကျဆင်းလာခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ ပြင်းပြင်းထန်ထန် တစ်ဖန်ပြန်လည်တိုးပွားမသွားရေးအတွက် ပြေလည်ညှိနှိုင်းရေးနည်းလမ်းသည် NCA ပါ ပြဋ္ဌာန်းချက်များကို အခြေခံသည့် နှစ်ဖက်တပ်များအကြား တွေ့ဆုံညှိနှိုင်းအဖြေရှာခြင်းသာလျှင် ဖြစ်သည်ဟု KNU က ယုံကြည်ကြောင်း အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

KNU အနေဖြင့် NCA အကောင်အထည်ဖော် ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များအား အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် အပစ်အခတ်ရပ်စဲရေးခိုင်မာခြင်း၊ မှန်ကန်ပြီး တရားမျှတသည့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများဖြင့် ရေရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေးသဘောတူညီမှုရလဒ်များ ရရှိရေးကို တစိုက်မတ်မတ်ကြိုးစားနေကြောင်း KNU က ကြေညာခဲ့သည်။

၂၀၁၅ ခုနှစ်က KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့သည် အစိုးရနှင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကလည်း NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုသို့ NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တွင် KNU နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့သည် တပ်မတော်နှင့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေဆဲပင်ဖြစ်သည်။

ထိုသို့ NCA စာချုပ်လက်မှတ်ရေးထိုးပြီးသော်လည်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား စစ်ရေးပဋိပက္ခများ ရှိနေခြင်းသည် NCA စာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည်မဖော်နိုင်ခြင်းကြောင့်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ယူဆကြသည်။

NCA စာချုပ်ပါ သဘောတူညီချက်များအား အကောင်အထည်ဖော်နိုင်ရန်အတွက် စာချုပ်ပါအချက်များအပေါ် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် နှစ်ဖက်အကြား နားလည်မှုလွဲနေခြင်းကလည်း အကောင်အထည်ဖော်နိုင်ရေးကို အဟန့်အတားတစ်ခု ဖြစ်စေခဲ့သည်။

တပ်မတော်နှင့် KNLA တို့ တိုက်ပွဲဖြစ်ပွားမှုသည် နယ်မြေစိုးမိုးမှုဆိုင်ရာ အကြောင်းအရာကို အခြေခံ၍ စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းဖြစ်ပြီး တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှုသည် နယ်မြေကျော်လွန် လှုပ်ရှားသည်ဆိုသည့် အကြောင်း အရာအပေါ်အခြေခံ၍ စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းဖြစ်သည်။

နယ်မြေစိုးမိုးမှုဆိုင်ရာကိစ္စနှင့်ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင်သာ စစ်ရေးပဋိပက္ခဖြစ်ပွားသည်မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းအကြားတွင်လည်း ထိုသို့သော ဖြစ်စဉ်များ ဖြစ်ပွားတတ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ RCSS နှင့် တအာင်းအဖွဲ့ (TNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းသည် အဆိုပါအကြောင်းအရာကို အခြေခံသည်ဟု ပြောနိုင်သည်။

ရှမ်းပြည်တောင်ပိုင်း အခြေစိုက် RCSS အဖွဲ့က ရှမ်းမြောက်တွင် အခြေချလှုပ်ရှားမှုအပေါ် TNLA အဖွဲ့က တိုက်ခိုက်ရာမှတစ်ဆင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ပြီး အကျိုးဆက်အနေဖြင့် စစ်ရေးပဋိပက္ခကြောင့် နမ္မတူမြို့နယ်နှင့် ကျောက်မဲမြို့နယ်တွင် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်များတွင် RCSS နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သကဲ့သို့ ၂၀၂၀ နှစ်ကုန်ပိုင်းကလည်း ရှမ်းမြောက်ဒေသတွင်ပင် RCSS နှင့် ဒေသတွင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။   

ထိုသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းအကြား တိုက်ပွဲများ ဖြစ်ပွားခြင်းသည် RCSS အဖွဲ့၏ နယ်မြေကျော်လွန် လှုပ်ရှားမှုကြောင့်ဟု တပ်မတော်ဘက်က ယူဆထားပြီး ထိုသို့ယူဆချက်အပေါ် နှစ်ဖက်အငြင်းပွားမှုများ ရှိနေဆဲပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စစ်ရေးပဋိပက္ခကို ဖြစ်ပေါ်စေပြီး ဒေသခံပြည်သူလူထုအပေါ် ကြီးမားသော ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည့် နယ်မြေအငြင်းပွားမှုဆိုင်ရာ ပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့်နည်းလမ်းဖြင့် သဘောတူညီမှုများရရှိအောင် သက်ဆိုင်ရာအဖွဲ့အစည်းများက ကြိုးစားဆောင်ရွက်ရမည့်ကိစ္စဖြစ်သည်။

ထိုသို့သော အခြေအနေများကို မဖြေရှင်းနိုင်ပါက ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် စိန်ခေါ်မှုများ ဆက်လက်ရှိနေဦးမည်ဖြစ်ပြီး အဆိုပါ အခြေအနေသည် ဒေသခံများ လုံခြုံအေးချမ်းစွာ နေထိုင်ရှင်သန်ရေးအတွက် ကြီးမားသော စိန်ခေါ်မှုအဖြစ် ရှိနေဦးမည်ဖြစ်သည်။

Most Read

Most Recent