၂၀၂၀ ပြည့်နှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား ဘွဲ့ပေးအပ်ချီးမြှင့်သည့် အခမ်းအနား သမ္မတအိမ်တော်တွင် ပြုလုပ်

၂၀၂၀ ပြည့်နှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား ဘွဲ့ပေးအပ်ချီးမြှင့်သည့် အခမ်းအနား သမ္မတအိမ်တော်တွင် ပြုလုပ်
Photo: Myanmar President Office
Photo: Myanmar President Office
Published 4 January 2021

၂၀၂၀ ပြည့်နှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ (ဇန်နဝါရီ ၄ ရက်) နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်၌ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက် မိန့်ခွန်းပြောကြားပြီး ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သည့် သရေစည်သူဘွဲ့ရရှိသူ ကမ္ဘောဇဘဏ်လီမိတက်နာယက ဝဏ္ဏကျော်ထင်၊စည်သူ ဦးအောင်ကိုဝင်း ကို နိုင်ငံတော်သမ္မတက ဘွဲ့ချီးမြှင့်အပ်နှင်းခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတက ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့ ဖြစ်သည့် သီဟသူရဘွဲ့ရရှိသူ အမှတ် (၅၆၄) ခြေမြန်တပ်ရင်းမှ ဒုတိယဗိုလ်မှူးကြီး အေးမင်းအောင် ကို လည်းကောင်း၊ သူရဘွဲ့ ရရှိကြသည့် အမှတ် (၅၆၄) ခြေမြန်တပ်ရင်းမှ ဗိုလ်မှူး ရန်နိုင်ဦး၊ စစ်တက္ကသိုလ်မှ ဗိုလ်ကြီးဇော်ဦးလွင်နှင့် အမှတ်(၅၆၄) ခြေမြန်တပ်ရင်းမှ ဒုတိယအရာခံ ဗိုလ်ထွန်းဝေ (ကျဆုံး) ကိုယ်စား ဇနီး ဒေါ်အသန်း ကိုလည်းကောင်း ဘွဲ့ချီးမြှင့်အပ်နှင်းခဲ့သည်။

အလားတူ ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ ရရှိကြသော ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဗိုလ်ချုပ် လင်းအောင်၊ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဗိုလ်ချုပ် ကိုလေး၊ ဗိုလ်ချုပ် သက်ထွန်းဦး၊ ဗိုလ်ချုပ် ခင်မောင်သန်း၊ ဗိုလ်ချုပ် အောင်မျိုးမင်း(ငြိမ်း)၊ ဗိုလ်ချုပ် တင်အေး(ငြိမ်း)၊ ဗိုလ်ချုပ် မြင့်ဦး(ငြိမ်း)နှင့် ဗိုလ်ချုပ် တင်အောင်ချစ်(ငြိမ်း)တို့ ကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံကို လည်းကောင်း နိုင်ငံတော်သမ္မတက ဘွဲ့ချီးမြှင့် အပ်နှင်းခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော အလင်္ကာကျော်စွာဘွဲ့ ရရှိသူ ဆိုင်းပညာရှင် ဦးစိန်စတင်း (ခ) ဦးတင်မောင် (ကွယ်လွန်) ကိုယ်စား သားဖြစ်သူ ဦးမင်းဟန် (ခ) ဦးစိန်မင်းနိုင်ကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ချီးမြှင့်အပ်နှင်းခဲ့သော သိပ္ပကျော်စွာဘွဲ့ရရှိသူ ဘာသာရပ်ဆိုင်ရာပညာရှင် ဒေါက်တာ တိုးလှနှင့် ဘာသာရပ်ဆိုင်ရာပညာရှင် ဦးကျော်ဝင်း တို့ကိုလည်းကောင်း နိုင်ငံတော်သမ္မတက ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။

ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်း အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent