ခရစ္စမတ်တေးသံတွေ တိတ်သွားခဲ့ရတဲ့ ဒီဇင်ဘာ

ခရစ္စမတ်တေးသံတွေ တိတ်သွားခဲ့ရတဲ့ ဒီဇင်ဘာ
ကလေးမြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခုအား ပြင်ဆင်ထားသည်ကို ဒီဇင်ဘာလအတွင်းက  တွေ့ရစဉ်
ကလေးမြို့ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခုအား ပြင်ဆင်ထားသည်ကို ဒီဇင်ဘာလအတွင်းက  တွေ့ရစဉ်
Published 4 January 2021
ကိုဆူး (ချင်းတောင်ခြေ)

တောင်ခြေမြို့လေးရဲ့ ဆောင်းဦးပေါက်ရာသီမှာ နှင်းစက်လေးတွေနဲ့အတူ လွင့်ပျံလာတာက ခရစ္စမတ်သီချင်းလေးတွေပါ။ ဒီဇင်ဘာ ၁ ရက် (Sweet December) က စပြီးတော့ ခရစ္စမတ် တေးသံတွေက လွင့်ပျံလာကြတော့တာပါပဲ။

ကျွန်တော်တို့ မြို့လေးက ချင်း၊ ဗမာ တိုင်းရင်းသားတွေနဲ့ ဟိန္ဒူ၊ ဂေါ်ရခါး၊ မူဆလင် ဘာသာဝင်တွေ ယှဉ်တွဲ အတူနေထိုင်ကြတဲ့ မြို့လေးဖြစ်လို့ ဘာသာရေးပွဲတော်တွေဆိုရင် အားလုံးပါဝင်ခဲ့ကြတဲ့ မြို့လေးပါ။ အထူးသဖြင့် ခရစ္စမတ်ရာသီမှာ လမ်းလျှောက်လို့သော် လည်းကောင်း၊ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်တွေ တန်းစီပြီးတော့ Carol Singing ဆိုသွားကြတာတွေက ဆောင်းရာသီရဲ့ ဖက်ရှင်တစ်ခုလို ဖြစ်လာပါတယ်။ Carol Singing ဆိုသွားကြတာကလည်း ခရစ်ယာန်ဘာသာဝင်အိမ်တွေတင် မဟုတ်ဘဲ ကလေးမြို့ပေါ်မှာ နေထိုင်ကြတဲ့ ဘာသာပေါင်းစုံက မိတ်ဆွေတွေရဲ့ အိမ်တွေလည်း ပါဝင်ကြပါတယ်။ အခုလို ဒီဇင်ဘာလ ခရစ္စမတ်ကာလမှာ မဲရီးခရစ္စမတ် ... တူးယူ ဆိုတဲ့ အပြန်အလှန် အော်ဟစ်နေတဲ့ စကားလုံးက ကျွန်တော်တို့ မြို့လေးရဲ့ လူတိုင်းပါးစပ်ဖျားမှာပေါ့။ လက်ရှိအချိန်မှာ ကလေးမြို့မှာ Stay at Home အဖြစ် နှစ်ကြိမ်တိုင်တိုင် ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကလည်း ကလေးမြို့မှာ ဖြစ်ပွားမှုနှုန်းက ခရစ္စမတ်ကာလအတွင်းမှာ မြင့်တက်နေတဲ့အချိန် ဖြစ်တဲ့အတွက် ခရစ္စမတ်တေးသံတွေ ကလေးမြို့ရဲ့ လမ်းပေါ်မှာ တိတ်ဆိတ်သွားခဲ့ပါတယ်။

“ဒီနှစ်တော့ အများစုက ဘုရားကျောင်း မတက်ကြဘူး။ ဒါပေမဲ့ လူကြီးအချို့ကတော့ ဘုရားကျောင်းမှာ သွားရောက် ဆုတောင်းတာတွေတော့ ရှိပါတယ်။ လူငယ်တွေ၊ လူလတ်ပိုင်းတွေက အများစုကတော့ ဘုရားကျောင်း မတက်ကြဘူး။ ကိုယ့်အိမ်ကိုယ်ပဲ ကျင်းပခဲ့ကြတယ်။ ဒီလိုအချိန်က ခရစ်ယာန် ဘာသာဝင်တွေအတွက် အထွတ်အမြတ်ကာလဆိုတော့ ကျွန်တော်တို့လို ဘုရားကျောင်း သိပ်သွားလေ့ မရှိတဲ့သူတွေတောင် ဘုရားကျောင်း သွားချင်တယ်ဗျာ။ အမှတ်တရဖြစ်အောင် သွားကြတာပေါ့။ အခုလိုကာလမှာတော့ ဘယ်တတ်နိုင်မှာလဲ”လို့ ကလေးမြို့က ကိုနီးလျန်ဆန်းက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက် Sweet December ကစပြီး ခရစ်ယာန်ဓမ္မသီချင်းတွေနဲ့ လွင့်ပျံနေတဲ့ ကလေးမြို့မှာတော့ ဒီနှစ်ဟာ တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ်။

ကလေးမြို့လမ်းဆုံက လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း Carol Singing အဖွဲ့တွေကို ထိုင်ရေတွက်ရင်း တစ်ခါတလေ မိတ်ဆွေတွေရဲ့ အဖွဲ့တွေဆိုရင် လှမ်းအော် နှုတ်ဆက်ကြရင်း သူတို့ ဖွင့်ပေးသွားတဲ့ ခရစ်ယာန် ဓမ္မသီချင်းတွေကို အတူလိုက်ညည်းမိရင်း မြို့လေးရဲ့ ဆောင်းညတွေကို ဖြတ်သန်းကြတာပေါ့။ အခုလို COVID-19 ရောဂါ ဖြစ်နေတဲ့ ကာလဖြစ်တဲ့အတွက် ဒီနေ့မှာ ခရစ္စမတ်တေးသံတွေက တိုးတိတ်သွားခဲ့တယ်လို့ ပြောရင်တော့ မလွန်လောက်ပါဘူးလေ။

“အရင်နှစ်တွေတုန်းကတော့ ဒီလကို နေ့ထူးနေ့မြတ်ပေါ့။ Sweet December (ဒီဇင်ဘာ ၁ ရက်) နေ့ကစပြီးတော့ ကယ်ရော်ဆင်းလှည့်တယ်။ တစ်နှစ်လုံး ပင်ပန်းလာခဲ့တာတွေကို လျှော့ချပြီးတော့ အပျော်ရွှင်ဆုံးလဆိုပြီး ပျော်ပျော်ပါးပါး ဖြတ်သန်းကြပြီး ခွန်အားတွေလည်း ယူတယ်။ မိသားစုတွေ အတတ်နိုင်ဆုံး စုစည်းပြီး မိဘဆီပြန်တဲ့လ၊ မိသားစုတွေ ထမင်းအတူတူစားတဲ့လပေါ့။ ဒါပေမဲ့ ဒီနှစ်မှာတော့ ကိုဗစ်နဲ့ ဆိုတော့ ရောက်ရာအရပ်ကနေပဲ အထီးကျန်စွာနဲ့ ဖြတ်သန်းခဲ့ရတဲ့ အနေအထား ဖြစ်သွားတာပေါ့။ ဒီနှစ်မှာ ဘုရားကျောင်းမှာ အစုအဝေးနဲ့ ဆုတောင်းကြဖို့ဆိုတာ သွားတော့ သွားချင်တယ်။ ဒါပေမဲ့ လူတိုင်းလူတိုင်းမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး သံသယတွေ ရှိလာတယ်။ သူ့ဆီက ကူးလာမလား။ ငါ့ဆီက ကူးလာမလားဆိုပြီး ဖြစ်လာတော့ လူစုလူဝေး သိပ်မသွားရဲတော့ဘူး။ နောက်ပိုင်းမှာ ကူးစက်မှုကလည်း များလာတယ်။ အရဲစွန့်ပြီး လုပ်တဲ့သူကလည်း ရှိမှာပေါ့။ ရောဂါဖြစ်လည်း မထူးဘူးဆိုပြီး လုပ်တဲ့သူလည်း ရှိနိုင်တာပဲ။ အခုအချိန်က ကိုဗစ်ကာလ ဆိုတော့ ခရစ္စမတ်ကာလတို့၊ နယူးရီးယားမှာလည်း အစိုးရရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ အိမ်မှာနေတာ အလုံခြုံဆုံးဖြစ်ပါတယ်” လို့ ကလေးမြို့ တောင်ဇလပ်ရပ်ကွက်က ကိုလျန်တွမ်က ဆိုပါတယ်။

“ဟိုးတစ်ချိန်ကတော့ ဒီဇင်ဘာဆိုရင် စောစောအိပ်လို့ စောစောထလို့ဆိုပြီး လမ်းလျှောက်တဲ့ သူတွေကလည်း မိုးမလင်းခင်ကတည်းက လမ်းပေါ်အပြည့်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ မြို့အနောက်ဘက်ခြမ်း အာတီစီဝင်းကနေ စမ်းမြို့အထိ ထပြေးကြ လမ်းလျှောက်ကြပေါ့။ တနင်္ဂနွေနေ့ မနက်ပိုင်းဆိုရင် လမ်းမပေါ်မှာ ကက်ဆက်ကြီးတွေ ထမ်းပြီး ခရစ္စမတ်သီချင်းတွေ ဖွင့်ကြ။ သူငယ်ချင်းတွေနဲ့ ခရစ္စမတ်သီချင်းတွေ အတူလိုက်ဆိုကြ၊ တချို့သူငယ်ချင်းတွေကတော့ သူတို့ခြုံလာတဲ့ ချင်းတဘက်ကြီးထဲမှာ နှစ်ကိုယ်တူ သီချင်းတွေ ဆိုခဲ့ကြရင်း ပျော်ရွှင်ခဲ့ကြရတာတွေ သိရသေး။ ခါတိုင်းနှစ်တွေက လူငယ်တွေအနေနဲ့က ခရစ္စမတ်ကာလ ရောက်ပြီဆိုရင် စုပေါင်းပြီးတော့ သီချင်းတွေ ဘာတွေတိုက်ပြီးတော့ တစ်အိမ်တက် တစ်အိမ်ဆင်းပြီးတော့ ဘုရားရဲ့ဂုဏ်တော်ကို ချီးမွမ်းကြတာ ရှိတယ်ပေါ့။ ဒီနှစ်မှာ အဲဒါတွေ တစ်ခုမှတော့ လုပ်လို့မရတော့ဘူး။ အခုဟာက နည်းပညာခေတ်ဆိုတော့ Zoom နဲ့ ဝင် Join ပြီး တော့ Carol ပုံစံမျိုး ဘုရားကျောင်းက လူငယ်တွေ စီစဉ်ပြီးတော့ အိမ်တွေကို ဘုရားသီချင်းတွေနဲ့ ဆုတောင်းပေးတာတွေကို နည်းပညာအကူအညီနဲ့ လုပ်နေတာတွေ ရှိပါတယ်။ လူငယ်တွေကျတော့ ဘုရားကျောင်းကနေ Zoom နဲ့ထိုင်ပြီး သီချင်းဆိုပေးပြီး အိမ်တွေ က Zoom Link ကတစ်ဆင့် ဘုရားဂုဏ်တော်ကို ချီးမွမ်းကြတာပေါ့”လို့ ဆလိုင်းဗနေဇာက ပြောပြပါတယ်။

ချင်းတောင်ခြေရဲ့ ဆောင်းရာသီက အရင်နှစ်တွေကထက်ပိုပြီး အအေးပိုနေသလို မနက်ခင်းဆို မှိုင်းတွေက သိပ်သိပ်သည်းသည်း တိုက်တဲ့ ရက်တွေရှိလာပေမဲ့ ခရစ္စမတ်တေးသံတွေက တိတ်ဆိတ်နေဆဲပေါ့။ နှင်းစက်တို့ နဲ့အတူ မျောလွင့်လာမယ့် ခရစ္စမတ်တေးသံတွေကို မျှော်လင့်ရင်း ဟိုတစ်ချိန်တုန်းက ခရစ္စမတ်ကာလနဲ့ နယူးရီးယားကာလ လက်ရှိအခြေအနေတွေကို ကိုဂျိုးက ဒီလိုပြောပြပါတယ်။

“ Sweet December နဲ့ ခရစ္စမတ်က ခါတိုင်းနှစ်တွေကနဲ့ မတူဘူးပေါ့။ ကလေးမြို့မှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကနေစပြီးတော့ Stay at Home လုပ်ထားတယ်။ ဒီဇင်ဘာလ အငွေ့အသက်ဆိုတာက ချမ်းတာနဲ့ အေးတာပဲရှိတယ်။ အရင်တုန်းကလို Sweet December နဲ့ Christmas အငွေ့အသက်တွေ ကတော့ မတွေ့ရတော့ သတိရတာပေါ့။ အရင်တုန်းကတော့ မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဆွေမျိုးတွေ ပျော်ပါးကြတွေ့ ဆုံကြနဲ့ပေါ့။ အဝေးရောက်နေတဲ့ မိသားစုတွေနဲ့ကလည်း ဒီလိုအချိန်ဆို တွေ့ဆုံနေကျ။ ဒီနှစ်တော့ ကိုဗစ်ရောဂါနဲ့ဆိုတော့ အပြင်မထွက်ရတာနဲ့စာရင် အလုပ်တွေ မလုပ်ရတော့ လုပ်ငန်းကိုင်ငန်းတွေ အဆင်မပြေလာတဲ့ကိစ္စတွေ လူတိုင်းဖြစ်နေကြတယ်။ တချို့အသင်းတော် အများစုက ဘုရားကျောင်းကို သပ်သပ်ရပ်ရပ် လှပအောင် ပြင်ဆင်ပေးထားကြပြီး လူအများကြီး လည်လို့မရတဲ့အချိန်မှာ မိသားစုလိုက် အမှတ်တရဓာတ်ပုံတွေ ရိုက်တာတွေရှိလာတယ်။ ဒီနှစ် ခရစ္စမတ်ကို ဓာတ်ပုံလေးတွေနဲ့ပဲ မှတ်တမ်းတင်ရတာပေါ့။ အခု နှစ်သစ်ကူးကာလကိုလည်း ခရစ္စမတ်ကာလလို တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ဖြတ်သန်းရဦးမယ် ထင်ပါတယ်”လို့ ကိုဂျိုးက အပြေးအလွှားပြောရင်း မှိုင်းတွေထဲမှာ သူ့ဆိုင်ကယ်က ရိပ်ခနဲ ပျောက်ကွယ်သွားပါတယ်။

အခုတော့ ဘုရားကျောင်းတွေမှာ အခမ်းအနားတွေနဲ့ အလှဆုံးတွေ ပြင်ဆင်ထားတာကို တွေ့နေရပါပြီ။ ဘုရားကျောင်း မတက်ရဘူး၊ ဘုရားကျောင်းမှာ လူစုလူဝေး မလုပ်ရဘူးဆိုပေမဲ့ ခရစ္စမတ် အချိန်အခါမှာတော့ ကိုယ့်မိသားစုနဲ့အတူ ဘုရားကျောင်းမှာ ဓာတ်ပုံရိုက်ကြတယ်။ မီးအလှတွေနဲ့ အကောင်းဆုံး Decoration တွေနဲ့ မိသားစုလိုက် မှတ်တမ်းတင်ပြီး ဒီနှစ်ခရစ္စမတ်ကို ဖြတ်ကျော်ခဲ့ကြတာပေါ့။ ခါတိုင်းနှစ်တွေလို အတူတူ ဘုရားကျောင်းမှာ ဓမ္မတေးသီချင်းတွေ စုပေါင်းသီဆိုရင်း ဘုရားသခင် မွေးဖွားရာအချိန်ကို စောင့်ဆိုင်းဖို့ဆိုတာထက် ကိုယ့်အိမ်သူ့အိမ်မှာ ကိုယ့်မိသားစုနဲ့အတူ ဓမ္မသီချင်းတွေ သီဆိုကြရင်း ဖြတ်ကျော်ခဲ့ကြတာပေါ့။

“လူတိုင်းက ခရစ္စမတ်ကာလမှာ ပျော်ချင်ကြတယ်။ အရွယ်ရောက်လာတဲ့ သူတိုင်းက ကိုယ့်စိတ်ကူးနဲ့ကိုယ် ပျော်ဖို့ စိတ်ကူးထားကြတဲ့ သူတွေချည်းပဲပေါ့။ သူငယ်ချင်းတွေနဲ့ ဘယ်လိုပျော်မယ်ဆိုတာ စိတ်ကူးယဉ်ထားကြတာပဲ။ အခုအချိန်မှာတော့ သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီနေဖို့ မိဘတွေက ပြောပြရမှာပေါ့။ နှစ်သစ်ကူးကာလကိုလည်း ဒီလိုပဲ။ နောက်နှစ်အတွက်ပဲ အားခဲရမှာပေါ့။ သားသမီးရှိတဲ့ မိဘတွေကတော့ တအားကြီး စိတ်ပူစရာ မလိုတာ၊ စိတ်ပူစရာ လျော့သွားတာ တစ်ခုကောင်းတာပေါ့။ ဒီလိုကာလကတော့ ဘယ်သူမဆို ပျော်ရွှင်ကြတာပဲလေ။ ဘုရားကျောင်းတိုင်းက  ကလေးတွေအတွက်၊ လူငယ်တွေအတွက်၊ လူကြီးတွေအတွက်ဆိုပြီး အစီအစဉ်လေးတွေ လုပ်ပေးထားတယ်။ ဒီလို အချင်းချင်း ချစ်ခင်ရင်းနှီးရတဲ့ အစီအစဉ်တွေ လက်လွှတ် ဆုံးရှုံးရတာပေါ့။ ဒါကလည်း တစ်ကမ္ဘာလုံး ကြုံနေရာတာပဲလေ။ အသင်းတော် လူကြီးတွေကတော့ တတ်နိုင်သလောက် စာတွေဝေပြီး ကျန်းမာရေးဆိုင်ရာ နည်းလမ်းတွေ လိုက်နာဖို့အတွက် သက်ဆိုင်ရာ မိဘတွေကို တိုက်တွန်းတာ လုပ်ထားကြပါတယ်”လို့ ကိုနီးလျန်ဆန်းက ဆက်လက် ပြောကြားခဲ့ပါတယ်။

COVID-19 ရောဂါကလည်း ချင်းတောင်နဲ့ ချင်းတောင်ခြေကို ရောက်လာတာ နောက်နှစ်လလောက်ဆို နှစ်ပတ်လည်တော့မယ့် အခြေအနေ။ ကူးစက်မှုဆိုတာကလည်း အိတ်ပေါက်နဲ့ ဖားကောက်သလိုပါလေ။ ထိန်းချုပ်နိုင်သလား ဆိုတော့လည်း မဆိုးပါဘူးပေါ့။ မကူးတော့ဘူးလား မေးရင် Positive က နေ့တိုင်း ထွက်နေတာ။ ခရစ္စမတ်ပွဲတော်ကိုလည်း ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအဝိုင်း အနည်းငယ်နဲ့ အရင်နှစ်တွေကနဲ့မတူ ခရစ္စမတ်တေးသံတွေ အနည်းငယ် တိုးတိတ်စွာနဲ့ ဖြတ်ကျော်ခဲ့ပြီးပြီပေါ့။ နှစ်သစ်ကူးကာလကိုလည်း ဒီလိုပဲ တိတ်ဆိတ်စွာ ဖြတ်ကျော်ရဦးမယ် ထင်ပါတယ်။

“ကိုယ့်ဟာကိုယ် အိမ်မှာနေတယ်ဆိုတာ ကိုယ့်အတွက်ရော၊ တခြားသူတွေအတွက်ရော အကောင်းဆုံးပါ။ အတတ်နိုင်ဆုံး ဘုရားတရား လုပ်လိုက်၊ စာအုပ်ဖတ်လိုက်နဲ့ မိသားစုကို အထူးသဖြင့် အချိန်ပေးတာ။ အခုခေတ်က နည်းပညာတွေ တိုးတက်နေတော့ တစ်ခါတလေ မိသားစုကို အချိန်မပေးဖြစ်ဘူး။ အွန်လိုင်းပေါ်မှာ အချိန်ကုန်နေတယ်။ ဒါ့ကြောင့် မိသားစုကို ပုံမှန်ထက်ပိုတဲ့ ဂရုစိုက်မှုတွေပေးတာ၊ ပျော်ရွှင်တဲ့မိသားစု တည်ဆောက်ခြင်းဆိုတာ ခရစ်ယာန်ကောင်း တစ်ယောက်ဖြစ်တဲ့ အနေအထားကို ဘုရားသခင်က ခွင့်ပေးထားပါတယ်။ အိမ်မှာနေပါ။ မိသားစုနဲ့ နွေးထွေးစွာနေပါ၊ စာအုပ်ဖတ်ပါလို့ ပြောချင်ပါတယ်”လို့ ကိုလျှံတွမ်က သူ့စိတ်ကူးကို ပြောပြပါတယ်။

နှစ်စဉ် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ဆိုတာ ခရစ်ယန် ဘာသာဝင်တွေအတွက် ကမ္ဘာနှင့်တစ်ဝန်းမှာ ပြန့်ကျဲနေတဲ့ မိသားစုတွေ ကိုယ့်ရဲ့ မွေးဇာတိကိုပြန်ရင် မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပြန်ဆုံနေကျ။ နှစ်ဟောင်းမှာ ဖြတ်ကျော်ခဲ့တဲ့ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို တစ်ဦးနဲ့တစ်ဦး ဖလှယ်ကြရင်း နွေးထွေးတဲ့ ရင်းနှီးမှုတွေ တည်ဆောက်ရင်း လာမယ့်နှစ်သစ်မှာ ပျော်ရွှင်စေဖို့အတွက် ဆုတောင်းကြရင်း၊ ခရစ္စမတ်သီချင်း၊ နှစ်သစ်ကူးသီချင်းတွေ သီဆိုကြရင်း ဖြတ်သန်းကြတာပေါ့။

“ကျွန်တော်တို့ ကိုယ်တိုင်လည်း လူငယ်ပါပဲ။ အတတ်နိုင်ဆုံး ကိုယ်နဲ့ ထိတွေ့ ရင်းနှီးနေတဲ့သူ လေး၊ ငါး၊ ခြောက်ယောက်လောက်နဲ့ တစ်နေရာလေးမှာ နွေးနွေးထွေးထွေး ပျော်ပါးမယ်ဆို ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့ ခရစ်ယာန်အများစုက မိသားစုအရေးဆို အဝေးရောက်ရင်တောင် ပြန်လာဆုံကြတာပဲလေ။ ဒီနှစ်တော့ အဝေးရောက်နေရင် ပြန်လာလို့မရသလို ကိုယ်ကိုယ်တိုင်က သွားချင်တဲ့ ဆွေမျိုးအသိုင်းအဝိုင်းဆီကို သွားလို့မရပါဘူး။ အတူမိသားစုတွေကတော့ နှစ်တိုင်းမိသားစုတွေအတူ နေကြတာပဲလေ”လို့ ကိုဂျိုးက ပြောပြပါတယ်။

ကိုဗစ်ရောဂါကြီးဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူးပွဲတော်ပြီးလို့ မကြာခင်မှာပဲ မြန်မာပြည်ကို ရောက်လာပါတယ်။ အခုနှစ်သစ်ကူးပွဲတော် ကျင်းပကြမယ့်အချိန်မှာလည်း ကိုဗစ်ရောဂါကပ်ဆိုးကြီးကို ရင်ဆိုင်နေကြရတဲ့ အချိန်ပါ။ နှစ်သစ်ကူးပွဲတော်ကို ကမ္ဘာပေါ်မှာရှိတဲ့ နေရာတိုင်းလိုလိုမှာ ဆင်နွှဲကြဖို့အား ခဲနေကြတဲ့အချိန်ပါ။ နိုင်ငံတိုင်းရဲ့ အစိုးရတွေကလည်း ကိုဗစ်ရောဂါကူးစက်နှုန်း နည်းပါးအောင် ပြည်သူတွေ လိုက်နာရမယ့် နည်းလမ်းတွေကိုလည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေကလည်း ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရတွေရဲ့ ထုတ်ပြန်ချက်ကို လိုက်နာမှ ဒီရောဂါပိုး ကူးစက်နှုန်း မြင့်တက်မှုကို ကာကွယ်နိုင်မှာပါ။ လာမယ့် နှစ်သစ်မှာ ကူးစက်ရောဂါတွေ လျော့ပါးစေဖို့အတွက် တစ်ဦးချင်းစီက ကိုယ့်အသိစိတ်ဓာတ်နဲ့ လိုက်နာမှ အဆင်ပြေမှာပါ။ နှစ်သစ်မှာ ကျန်းမာရေးကောင်းဖို့၊ စီးပွားရေးကောင်းဖို့၊ ပညာရေးကောင်းဖို့၊ အကောင်းတကာ့ အကောင်းဆုံးတွေ ဖြစ်ဖို့အတွက် နှစ်သစ်ကူးတဲ့အချိန်မှာ လူတိုင်း ဆုတောင်းကြမှာပါ။ ဒီနှစ်က အရင်နှစ်သစ်ကူးနဲ့ မတူတဲ့ နှစ်သစ်ကူးဆိုတော့ ကပ်ရောဂါဆိုးကြီးကို ဖြတ်ကျော်ဖို့ အတွက် ဆုတောင်းရင်း ကပ်ရောဂါဆိုးကြီးကို ကာကွယ်ဖို့အတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေ လိုက်နာရင်းကြိုဆိုကြဖို့ မျှော်လင့်ပါတယ်။ အားလုံး နှစ်သစ်မှာ ကပ်ရောဂါကြီးကို ဖြတ်ကျော်နိုင်ပါစေလို့ ဆုတောင်းရင်းဖြင့် ...။

Most Read

Most Recent