COVID-19 ကူးစက်ရောဂါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ဧည့်သည်များအား ဆိုက်ရောက် ဗီဇာ (VOA) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားခြင်းကြောင့် တရုတ်ခရီးသည်များ ဝင်ရောက်မှု သိသာစွာ ကျဆင်းခဲ့ပြီး အလားတူ နိုင်ငံခြားဧည့်သည်များ ဝင်ရောက်မှုကိုလည်း ယာယီရပ်ဆိုင်းထားခဲ့သည်။ ယင်းပြင် အချို့သော ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် ကြိုတင်ချုပ်ဆိုခဲ့သော ခရီးသွားလုပ်ငန်းဆိုင်ရာ စာချုပ်များ ပျက်ပြယ်ခဲ့ခြင်းများလည်း ဖြစ်ပေါ်ခဲ့ရသည်။ သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ အနေဖြင့်လည်း ထိခိုက်နစ်နာမှုများ၊ ဆုံးရှုံးမှုများစွာ ရှိနေခဲ့ခြင်းဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ပ ဧည့်သည်ဝင်ရောက်မှုမှာ ၃၅၅၁၄၂၈ ဦး ရှိပြီး ၂၀၁၉ ခုနှစ်တွင် ၄၃၆၄၁၀၁ ဦးရှိခဲ့သဖြင့် ၈၁၂၆၇၃ ဦး၊ ရာခိုင်နှုန်းအားဖြင့် ၂၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည် ဝင်ရောက်မှု အခြေအနေမှာ ၂၀၁၈ ခုနှစ်တွင် ၂၉၇၄၀၀ ဦးရှိပြီး ၂၀၁၈ အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ VOA ပေးခဲ့သဖြင့် ၂၀၁၉ ခုနှစ် တွင် ၇၄၉၇၁၉ ဦးရှိလာကာ ၄၅၂၃၁၉ ဦး တိုးတက်လာခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၅၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ခြင်းဖြစ်သည်။
COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ခရီးသွား ဧည့်သည်များ အဓိကကျဆင်းခဲ့ရပြီး အခြားကမ္ဘာ့နိုင်ငံများမှ ဧည့်သည်များ ဝင်ရောက်မှုလည်း လိုက်ပါကျဆင်းခဲ့သဖြင့် ခရီးသွားလုပ်ငန်း၏ ဝင်ငွေအပိုင်းတွင်လည်း သိသာစွာ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကောက်ခံခဲ့သော စစ်တမ်းများအရ ၂၀၂၀ ပြည့်နှစ် မေလတွင် တရုတ်ခရီးသွားဧည့်သည် သီးသန့်ဝင်ရောက်မှု လုံးဝ မရှိတော့ဘဲ ၁၀၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလားတူ အခြားပြည်ပနိုင်ငံ ဧည့်သည်များသည်လည်း ၁၀၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ပြည်ပဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၂၀၁၉ ခုနှစ် (ဇန်နဝါရီလမှ အောက်တိုဘာလထိ) တွင် ၃၅၂၃၇၈၄ ဦး ဝင်ရောက်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီလမှ အောက်တိုဘာလထိ) ၈၇၇၄၇၉ ဦးအထိသာ လာရောက်တော့သဖြင့် စုစုပေါင်း ဧည့်သည်ဝင်ရောက်မှုမှာ ၂၆၄၆၃၀၅ ဦး ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
COVID-19 ကာလ ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိမှု အခြေအနေသည် တည်းခိုနေထိုင်ရေး ကဏ္ဍတွင် ၂၀၁၉ ခုနှစ် (ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ) တွင် အမေရိကန်ဒေါ်လာ ၆၇၆ ဒသမ ၅၀၁ သန်းရရှိခဲ့ပြီး COVID ဖြစ်ပွားသော ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ခန့်မှန်း) တွင်မူ အမေရိကန်ဒေါ်လာ ၁၃၀၃၅၇ သန်းအထိ ကျဆင်းခဲ့သဖြင့် ခန့်မှန်းအားဖြင့် ၈၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်ကြောင်း တွေ့ရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၌ ဧည့်သည်လာရောက် တည်းခိုမှု အခြေအနေမှာ COVID-19 မဖြစ်မီကာလ ၂၀၁၉ ခုနှစ်တွင် ၇၉၉၁၅၅၆ ဦးရှိခဲ့သော်လည်း COVID-19 ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် (ဒီဇင်ဘာလအထိခန့်မှန်း) တွင်မူ ၃၁၆၁၁၁၆ ဦးသာရှိတော့သဖြင့် ၄၈၃၀၄၄၀ လျော့နည်းကာ ရာခိုင်နှုန်းအားဖြင့် ခန့်မှန်းရာခိုင်နှုန်း ၆၀ ကျဆင်းသွားနိုင်သဖြင့် ဝင်ငွေရရှိမှုမှာလည်း လျော့နည်းသွားနိုင်သည်။
ဟိုတယ်/တည်းခိုရိပ်သာများနှင့် ချိတ်ဆက်လုပ်ကိုင်သော ခရီးသွားကုမ္ပဏီ အရေအတွက်မှာလည်း ၂၀၁၉ ခုနှစ်တွင် ၂၈၇၉ လုံးရှိခဲ့ရာမှ COVID-19 ဖြစ်ပွားသောကာလ ၂၀၂၀ ပြည့်နှစ် (ဒီဇင်ဘာလအထိခန့်မှန်း) တွင် ၁၃၇၃ လုံးသာ ကျန်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၂ ရာခိုင်နှုန်း ထက်ဝက်နီးပါးမျှ ကျဆင်းသွားနိုင်ကြောင်း တွက်ချက်ထားသည်။
“ကျွန်တော်တို့က ပြည်တွင်းခရီးသွား ကဏ္ဍကို စနစ်တကျလေးနဲ့ အကန့်အသတ်လေးနဲ့ အောင်မြင်အောင် ပြန်ဖွင့်နိုင်ဖို့ လိုပါတယ်။ ခရီးသွားနည်းရင် နည်းပါစေ။ စည်းကမ်းတကျ အောင်မြင်အောင် ဖွင့်လှစ်နိုင်ဖို့ လိုပါတယ်။ အဲဒီလို စည်းကမ်းတကျ မလုပ်ရင် ဒေသတစ်ခုကို ခရီးသွားခွင့် ဖွင့်လှစ်လိုက်ပြီး စီမံခန့်ခွဲမှု သေချာမလုပ်၊ စနစ်တကျ မလုပ်နိုင်ရင် ကျန်းမာရေး အခြေအနေက အရေးကြီးတဲ့အတွက် ရောဂါပျံ့ပွားမှု ပိုတိုးလာရင် ဒီဒေသကို ခရီးသွားခွင့် ပြန်ပိတ်ရမယ်။ ပြန်ပိတ်လိုက်ရင် ကျွန်တော်တို့ ခရီးသွားကဏ္ဍ ပိုဆိုးလာနိုင်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က စည်းကမ်းတကျ အကန့်အသတ်နဲ့ ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်နိုင်အောင် စီမံနေပါတယ်။ ပြည်တွင်း ခရီးသွား အောင်မြင်မှ နိုင်ငံတကာ ခရီးသွားလုပ်ငန်း နောက်တစ်လှမ်းကို ဆက်တိုးလို့ရမှာပါ။ ပြည်တွင်းခရီးသွားကို စီမံခန့်ခွဲတာ မအောင်မြင်ဘူးဆိုရင် ပြည်ပခရီးသွားက ယုံကြည်ပြီးလာမှာ မဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။
မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက် လာစေရေးအတွက် SOP များရေးဆွဲခြင်း၊ National Tourism Guideline များ ရေးဆွဲကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားရန် လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
COVID-19 အလွန်ကာလတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းများဖြင့် ပြန်လည်စတင်နိုင်ရန် နေပြည်တော် ပတ်ဝန်းကျင်နှင့် ပုဂံဒေသ၌ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားဖူးခရီးစဉ်များ၌ ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ခရီးသွား ဆွဲဆောင်မှုများနှင့် တိုင်းဒေသကြီး အသီးသီးတွင် ခရီးစဉ် လမ်းကြောင်းများ ဖော်ထုတ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်။
၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်း ရောက်ရှိလာခဲ့သော်လည်း COVID-19 ကာလ မပြီးဆုံးသေးသောကြောင့် ခရီးသွားလုပ်ငန်း အခြေအနေကို ခန့်မှန်းရန်နှင့် COVID-19 ကြောင့် ဖြစ်ပေါ်သည့် စီးပွားရေး သက်ရောက်မှု ကုစားရေး အစီအမံများအတွက် လိုအပ်သော စာရင်းအချက်အလက်များ ကောက်ယူတင်ပြနိုင်ရေး ခရီးသွားလုပ်ငန်း အသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားထားသည်။









