မြန်မာနိုင်ငံတွင် မတ်လမှ စတင်ဖြစ်ပွားခဲ့သော COVID-19 ကပ်ရောဂါကြောင့် ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများ ဧပြီလမှ စတင်ကာ အထိနာခဲ့ပြီး ဇူလိုင်နှင့် သြဂုတ်လဆန်းတွင် ပြန်လည်နာလန်ထူ လာသော်လည်း ပျံ့နှံ့မှုပြင်းထန်လာသည့် ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို စက်တင်ဘာလကုန်ပိုင်းမှ စတင်၍ ထပ်မံရင်ဆိုင် လာရသောကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် ထူးခြားသည့်ဖြစ်စဉ် တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူလူထု၏ အခြေခံစားဝတ်နေရေး၊ အလုပ်အကိုင်၊ ဝင်ငွေနှင့် တစ်နိုင်ငံလုံး၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှု ကြီးမားစွာ ဖြစ်ပေါ်နေပြီး စီးပွားရေးအရ ထိခိုက်နိုင်ခြေအဆင့်သည် ကုစားရေး အစီအစဉ်များ ပြုလုပ်နေဆဲမှာပင် မြင့်မားစွာရှိနေသည်။
ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ခဲ့သည့် မတ်လကုန် ဧပြီလမှစတင်ကာ မြန်မာနိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းကဏ္ဍ ပြင်းထန်စွာဆုတ်ယုတ်ခဲ့ပြီး ဇွန်လမှစ၍ အခြေအနေ တဖြည်းဖြည်း တိုးတက်ခဲ့ကာ သြဂုတ်တွင် လုပ်ငန်းများ အပြည့်အဝ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ခဲ့သော်လည်း သြဂုတ်တတိယပတ်မှစ၍ လူများစွာ ပျံ့နှံ့ကူးစက်လာသည့် ဗိုင်းရပ်စ်ပိုး ဒုတိယလှိုင်းကြောင့် ကုန်ထုတ်လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထပ်မံအထိနာ၊ လဲပြိုဦးမည့် အခြေအနေ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ အခြေအနေသည် ကပ်ရောဂါ ကူးစက်ပျံ့နှံမှု စတင်ခဲ့သည့် ဧပြီလတွင် ဖရိုဖရဲအနေအထားဖြင့် ထိုးဆင်းသွားခဲ့ပြီး COVID-19 ကြောင့် ထုတ်လုပ်မှု၊ အော်ဒါရရှိမှု၊ သွင်းကုန် လက်ကျန်နှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်သစ်နှုန်းများဖြင့် ကျဆင်းခဲ့ခြင်းဖြစ်သည်။ စီးပွားရေး အကျပ်အတည်း အကြားတွင် ဝယ်လိုအား ကုန်ခမ်းသွားခဲ့ပြီး အလုပ်သမားများ ၎င်းတို့၏ ဇာတိနေရပ်များသို့ ပြန်သွားခဲ့ကြ၍ ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ ကုန်ပစ္စည်း ဝယ်ယူမှုများနှင့် အလုပ်နေရာ အသီးသီးတို့သည် စံချိန်တင် နှုန်းသစ်များဖြင့် ကျဆင်းခဲ့သည်။
မေလတွင်လည်း စီးပွားရေးလုပ်ငန်းများ ပိတ်ချထားရသောကြောင့် မြန်မာ့ထုတ်လုပ်ရေးကဏ္ဍ တစ်ခုလုံး တစ်ဟုန်ထိုး ဆက်လက်ကျဆင်းခဲ့ပြီး အလုပ်အကိုင်နေရာများနှင့် ကုန်ချောသိုလှောင်ထားမှုများ စံချိန်တင် ကျဆင်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ရန် စီးပွားရေးလုပ်ငန်းများ အများအပြား ပိတ်ချထားရ၍ မြန်မာ့ထုတ်လုပ်ရေးကဏ္ဍသည် မေတွင် သိသာစွာ ဆက်လက်ကျဆင်း ခဲ့ခြင်းဖြစ်သည်။ စက်ရုံလုပ်ငန်းများ ရပ်တန့်ထားရပြီး ပြည်တွင်းနှင့် နိုင်ငံတကာမှ လုပ်ငန်းများ ပိတ်ချထားရမှုကြောင့် ဝယ်လိုအား ဆက်လက် ကျဆင်းလာခဲ့သည်။
ဇွန်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ COVID-19 ရောဂါအကျပ်အတည်းမှ ရုန်းထွက်လာသော လက္ခဏာ ပြသခဲ့သော်လည်း နိုင်ငံတကာစီးပွားရေး ပြန်လည်နာလန်ထူမှုနှင့် ဗိုင်းရပ်စ်ပိုး၏ ဒုတိယလှိုင်းကို ထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ စိန်ခေါ်မှုများ ရှိခဲ့သည်။ COVID-19 ပျံ့နှံ့လာမှုကို ထိန်းချုပ်ရန် အရေးယူ ဆောင်ရွက်မှုများကို ဆက်လက်လုပ်ကိုင်နေရသည့် တိုင်အောင် ဇွန်လတွင် နာလန်ထူလာသည့် လက္ခဏာများကို ပြသခဲ့သည်။
ဇူလိုင်လတွင် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ တိုးတက်ခဲ့ပြီး အလုပ်နေရာ လျှော့ချမှုနှုန်း ကျဆင်းလာခဲ့ကာ ထည့်သွင်းကုန်နှင့် ထုတ်ကုန်စျေးနှုန်း နှစ်မျိုးစလုံး စံချိန်တင် ကျဆင်းခဲ့သည်။
သြဂုတ်လတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍ COVID-19 ကပ်ရောဂါ ဘေးဒဏ်မှ အခိုင်အမာ နာလန်ထူလာပြီး PMI အညွှန်း ၁၅ လအတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ခဲ့ကာ ဇန်နဝါရီနောက်ပိုင်း ပထမဦးဆုံးအဖြစ် အလုပ်အကိုင်နေရာများ တိုးတက်လာခဲ့သည်။
စက်တင်ဘာလတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရှိန် မြင့်လာမှုကို တိုက်ပွဲဝင်ရန် အစိုးရက Lockdown အစီအစဉ်သစ်များစွာ ချမှတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍမှာ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသည်။
မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍ ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် ထည့်သွင်းကုန်ဝယ်ယူမှု အညွှန်းကိန်းများ အောက်တိုဘာ၌ စံချိန်တင် ကျဆင်းသွားပြီး ထုတ်လုပ်မှု စရိတ်များ ခြောက်လအတွင်း ပထမအကြိမ် ပြန်လည်မြင့်တက် လာခဲ့သည်။
နိုဝင်ဘာလတွင် မြန်မာ့ကုန်ထုတ်လုပ်ငန်းကဏ္ဍသည် Lockdown ကန့်သတ်ချက်ဒဏ်ကြောင့် ဆိုးရွားစွာ ထိခိုက်နေဆဲဖြစ်ပြီး ဝယ်လိုအား နည်းပါးနေ၍ ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များရရှိမှု ဆက်လက်ကျဆင်း နေခဲ့သည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍသည် လပိုင်းမျှ နာလန်ထူလာခဲ့သော်လည်း ပြည်ပဝယ်လိုအား ကျဆင်းနေခြင်းကြောင့် ပြည်တွင်းစျေးကွက်ကိုသာ အားပြုနေရခြင်း ဖြစ်သည်။ သြဂုတ်လကုန်မှစ၍ COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်းသည် မြန်မာနိုင်ငံတွင် စံချိန်တင် ဆက်လက်မြင့်တက်လာရာ စက်တင်ဘာလကုန်မှစ၍ ကုန်ထုတ်စက်ရုံများ တည်ရှိရာ မြို့၊ ဒေသများတွင် ရောဂါကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရသောကြောင့် မဖြစ်မနေ လည်ပတ်ရသည့် စက်ရုံများမှလွဲ၍ အများစု ပိတ်သိမ်းလာရသည်။
မြို့၊ ရွာ၊ ဒေသအလိုက် ရောဂါထိန်းချုပ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရခြင်းကြောင့် ကုန်စည်များ၊ ကုန်ကြမ်းများ ရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အကျပ်အတည်းများ ဖြစ်ပေါ်လာပြီး လူအများကို ဝင်ငွေပေးအပ်နေသည့် အလုပ်အကိုင် နေရာများစွာလည်း ထိခိုက်မှု ဖြစ်ပေါ်လာပြီ ဖြစ်သည်။ ဗိုင်းရပ်စ်ပိုး၏ ကူးစက်မှုပြင်းထန်ခြင်းကြောင့် ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များမှာ အဓိက အရေးပါသော်လည်း ကျွဲကူးရေပါသဘော ဖြစ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်ကိုလည်း မျှော်ကြည့်ပြီး မူဝါဒချမှတ်မှသာ နိုင်ငံ့စီးပွားရေး ထိခိုက်မှု သက်သာမည်ဖြစ်သည်။









