COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပထမလှိုင်းမှာပင် ကဏ္ဍအချို့၌ ပြင်းထန်စွာ ထိခိုက်ခဲ့ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ရှင်သန်နိုင်ရေးအတွက် ကျားကန်နိုင်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်တိုးနှုန်း လျှော့ချမှု သုံးကြိမ်ဖြင့် ဘဏ်တိုးနှုန်း သုံးရာခိုင်နှုန်း လျှော့ချပေးခဲ့ခြင်းကို ၂၀၂၀ ပြည့်နှစ်အတွက် ထင်ရှားသည့် စီးပွားရေးဖြစ်ရပ် တစ်ခုအဖြစ် ဖော်ပြအပ်ပါသည်။
နိုင်ငံတော်ဗဟိုဘဏ် အတိုးနှုန်းကို မေ ၁ ရက်မှစ၍ ခုနစ်ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်လိုက်ပြီး အပ်ငွေအနည်းဆုံး အတိုးနှုန်း ငါးရာခိုင်နှုန်း၊ အာမခံပစ္စည်းပါ ချေးငွေအများဆုံး အတိုးနှုန်း ၁၀ ရာခိုင်နှုန်း ကောက်ခံရမည်ဟု နိုင်ငံတော်ဗဟိုဘဏ်က ဧပြီ ၂၇ ရက်တွင် ညွှန်ကြားချက်အမှတ် ၈/၂၀၂၀ ဖြင့် ညွှန်ကြားခဲ့သည်။
ယခင်က နိုင်ငံတော်ဗဟိုဘဏ် အတိုးနှုန်း ၁၀ ရာခိုင်နှုန်းရှိရာမှ မတ် ၁၂ ရက်တွင် ၉ ဒသမ ၅ ရာခိုင်နှုန်းသို့ မတ် ၂၄ ရက်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချသတ်မှတ်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် ခုနစ်ရာခိုင်နှုန်းအထိ ထပ်မံလျှော့ချခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၁ (စျ) အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အတိုး နှုန်း Bank Rate နှင့် အပ်ငွေများအပေါ် ပေးသည့်အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများ လျှော့ချရန် မတ် ၁၂ နှင့် ၁၃ ရက်၊ ဧပြီ ၂၇ ရက်စွဲဖြင့် ညွှန်ကြားချက် အမှတ် ၁/၂၀၂၀ နှင့် ၄/၂၀၂၀၊ ၈/၂၀၂၀ များ ညွှန်ကြားခဲ့သည်။ အတိုးနှုန်းများ စတင်လျှော့ချချိန်တွင် ၀ ဒသမ ၅ ရာခိုင်နှုန်းဖြင့် လေးကြိမ် လျှော့ချမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး တစ်လခွဲ ဝန်းကျင်အတွင်း သုံးရာခိုင်နှုန်းအထိ လျှော့ချခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလျင်မြန်စွာ အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၁ (စျ) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် ၈ ဒသမ ၅ ရာခိုင်နှုန်း မှ ၁ ဒသမ ၅ ရာခိုင်နှုန်း ထပ်မံလျှော့ချ၍ ခုနစ်ရာခိုင်နှုန်းသို့ ပြင်ဆင်သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်ဗဟိုဘဏ်၏ နောက်ဆုံးညွှန်ကြားစာတွင် ဖော်ပြခဲ့သည်။
ဘဏ်များ၏ အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် တောင်းခံနိုင်သည့် အတိုးနှုန်းများမှာ ငွေစာရင်းအပ်ငွေ၊ ငွေစုလက်မှတ်နှင့် အချိန်စေ့မှ ပေးရမည့်အပ်ငွေတို့ အပေါ်တွင် ပေးရမည့် အနည်းဆုံး အတိုးနှုန်းကို ဗဟိုဘဏ်အတိုးနှုန်းအောက် နှစ်ရာခိုင်နှုန်း (ခုနစ်ရာခိုင်နှုန်း-နှစ်ရာခိုင်နှုန်း = ငါးရာခိုင်နှုန်း) ထက် မနည်းစေရဟု သတ်မှတ်ထားသည်။
အာမခံပစ္စည်းများဖြစ်သော မြေ၊ အဆောက်အအုံ၊ ရွှေ-ရွှေထည်ပစ္စည်း၊ စိန်နှင့် အဖိုးတန် ကျောက်မျက်ရတနာများ၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင် ပြုလုပ်နိုင်သည့် ငွေချေးသက်သေခံ လက်မှတ်များနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ လက်ရောက်အပေါင် (Pledge)၊ ချေးငွေအာမခံ (Credit Guarantee) ဖြင့် ထုတ်ချေးသည့် ချေးငွေများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အခါအားလျော်စွာ သတ်မှတ်သည့် အာမခံပစ္စည်းများ စသည်တို့ကို အခြေပြု၍ ထုတ်ချေးသည့် ချေးငွေများ အာမခံပစ္စည်းများရယူ၍ ထုတ်ချေးသည့် ချေးငွေများအပေါ်တွင် တောင်းခံနိုင်သည့် အများဆုံး အတိုးနှုန်းကို ဗဟိုဘဏ် အတိုးနှုန်းအထက် သုံးရာခိုင်နှုန်း (ခုနစ်ရာခိုင်နှုန်း + သုံးရာခိုင်နှုန်း = ၁၀ ရာခိုင်နှုန်း) ထက် ကျော်လွန်၍ ကောက်ခံခြင်း မပြုရန် သတ်မှတ်ထားသည်။
ထို့ပြင် အထက်ပါ အာမခံပစ္စည်းများမှအပ အခြားအာမခံပစ္စည်း ရယူ၍ဖြစ်စေ၊ အာမခံပစ္စည်းရယူခြင်း မပြုဘဲဖြစ်စေ၊ ထုတ်ချေးသည့် ချေးငွေများအပေါ်တွင် ကောက်ခံနိုင်သည့် အများဆုံး အတိုးနှုန်းကို ဒုတိယ အကြိမ် အတိုးနှုန်း လျှော့စဉ်ကအတိုင်း (မတ် ၂၄ ရက်-ညွှန်ကြားချက်အမှတ် ၄/၂၀၂၀) ၁၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဆက်လက်ထားရှိမည် ဖြစ်ကြောင်း သိရသည်။
ဘဏ်များမှ ကောက်ခံနိုင်သည့် အများဆုံး အတိုးနှုန်းတွင် ကတိခံကြေး၊ စီမံခန့်ခွဲမှုစရိတ် စသည့် အခကြေးငွေများ ပါဝင်ပြီးဖြစ်ပြီး ဤညွှန်ကြားချက်သည် ၂၀၂၀ ပြည့်နှစ် မေ ၁ ရက်စ၍ အကျိုးသက်ရောက် စေရမည်ဟု ဗဟိုဘဏ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ယခုအတိုးနှုန်း လျှော့ချမှုသည် လက်ရှိ အစိုးရ လက်ထက်တွင် တတိယအကြိမ်မြောက် အတုုိးနှုန်း လျှော့ချသတ်မှတ်မှုဖြစ်ပြီး ယခင်အစိုးရ လက်ထက်တွင် အတိုးနှုန်းနှစ်ကြိမ် လျှော့ချသတ်မှတ်ခဲ့သည်။









