တရုတ်နိုင်ငံရှိ အဆင့်မြင့်ပြိုင်ပွဲများစွာတွင် ယှဉ်ပြိုင်ခွင့်ရပြီး နေရာတစ်ခုရလာသည့် မြန်မာ Pool ကစားသမား အားတီ

တရုတ်နိုင်ငံရှိ အဆင့်မြင့်ပြိုင်ပွဲများစွာတွင် ယှဉ်ပြိုင်ခွင့်ရပြီး နေရာတစ်ခုရလာသည့် မြန်မာ Pool ကစားသမား အားတီ
Published 28 December 2020

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်နှစ်ခုရယူပြီး နာမည်ကျော်ကြားလာသည့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီသည် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ အဆင့်မြင့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည်အထိ တိုးတက်အောင်မြင်လာခဲ့သည်။ ထို့ကြောင့် မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော် (ခ) အားတီကို ၂၀၂၀ ပြည့်နှစ်အတွက် အားကစား ထင်ရှားကျော်ကြား ကဏ္ဍတွင် ထည့်သွင်းရွေးချယ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဘုန်းမြင့်ကျော်သည် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၏ ထိပ်တန်း Pool ပြိုင်ပွဲဖြစ်သည့် Chinese 8 Ball ပြိုင်ပွဲအပါအဝင် ဆုကြေးမြင့်မားသည့်ပြိုင်ပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ဆက်တိုက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲပေါင်း ၄၀ နီးပါး ယှဉ်ပြိုင်ခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံတွင် ဧပြီမှစ၍ Pool ပြိုင်ပွဲများ ပြန်လည်ကျင်းပနိုင်ခဲ့ပြီး ဘုန်းမြင့်ကျော်သည် ဧပြီမှဒီဇင်ဘာအထိ ကိုးလဆက်တိုက် ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ဘုန်းမြင့်ကျော်သည် ဧပြီမှသြဂုတ်အထိ ကျင်းပသည့် တရုတ်နိုင်ငံ၏ ထိပ်တန်းကစားသမားများသာ ယှဉ်ပြိုင်ခွင့်ရသော Chinese 8 Ball ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ခြောက်ပွဲဆက်အနိုင်ရလဒ်နှင့်အတူ ဆီမီးဖိုင်နယ်အဆင့်သို့ ပထမဆုံး တက်ရောက်နိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သလို အုပ်စုပထမနေရာကိုပါ ရယူနိုင်ခဲ့သည်။ ဘုန်းမြင့်ကျော်သည် အုပ်စုပွဲများတွင် လက်စွမ်းပြပြီး နိုင်ပွဲများ ဆက်တိုက်ရယူနိုင်ခဲ့သည့်အပြင် မြန်မာနိုင်ငံမှ ပရိသတ်များ၏ အားပေးမှုများပြားခဲ့သောကြောင့် ဂုဏ်ပြုသည့်အနေဖြင့် ပြိုင်ပွဲဝင်အကျႌတွင် မြန်မာနိုင်ငံအလံ တပ်ဆင်ယှဉ်ပြိုင်ခွင့်ပြုရန် ပြိုင်ပွဲကျင်းပရေးအဖွဲ့က ခွင့်ပြုပေးခဲ့သည်။ ဘုန်းမြင့်ကျော်အနေဖြင့် Chinese 8 Ball ပြိုင်ပွဲတွင် စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသော်လည်း ပြိုင်ပွဲတစ်လျှောက် ပြသခဲ့သည့် လက်စွမ်းနှင့် စွမ်းဆောင်မှုများ၊ ကမ္ဘာ့ချန်ပီယံ ကစားသမားများအပါအဝင် တရုတ်နိုင်ငံ၏ နာမည်ကြီးကစားသမားများကို အနိုင်ရခဲ့ခြင်းကြောင့် ထိပ်တန်းအဆင့် ကစားသမားတစ်ဦးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

ဘုန်းမြင့်ကျော်သည် Chinese 8 Ball ပြိုင်ပွဲအပြင် ဆုကြေးမြင့်မားသည့် Elite Tour ပြိုင်ပွဲ၊ လစဉ်ကျင်းပသည့် Joy Master ပြိုင်ပွဲများအပြင် အခြားပြိုင်ပွဲများစွာ ယှဉ်ပြိုင်ခဲ့ပြီး Chinese 8 Ball ပြိုင်ပွဲကဲ့သို့ ကာလရှည်ကျင်းပသည့် Elite Tour ပြိုင်ပွဲတွင်လည်း နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။  ဘုန်းမြင့်ကျော်သည် ပြိုင်ပွဲပေါင်း ၃၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ချန်ပီယံဆု အပါအဝင် ဒုတိယနှင့် တတိယဆုများလည်း ရယူနိုင်ခဲ့သည်။

Pool အားကစားနည်းမှာ မြန်မာနိုင်ငံတွင် ခေတ်စားခြင်းမရှိသောကြောင့် ဘုန်းမြင့်ကျော်အနေဖြင့် အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိရန်အတွက် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ တရုတ်နိုင်ငံသို့ စတင်ရောက်ရှိသည့်အချိန်တွင် ငွေကြေးအနည်းငယ်သာရှိသဖြင့် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရသော်လည်း ကိုယ့်ဒူးကိုယ်ချွန်၍ အောင်မြင်မှုရရန် ကြိုးပမ်းခဲ့ရာ နှစ်နှစ်ခန့် ရုန်းကန်ခဲ့ရပြီးနောက် အောင်မြင်မှုလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနိုင်ခဲ့သည်။ ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု ရယူနိုင်ခဲ့ခြင်းမှာလည်း ဘုန်းမြင့်ကျော်ကို အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ပိုမိုရောက်ရှိစေရန် တွန်းအားဖြစ်စေခဲ့ပြီး ၎င်းရယူပေးခဲ့သည့် တစ်ဦးချင်း ရွှေတံဆိပ်ဆုကြောင့် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုစာရင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၏အောက်သို့ ပထမဆုံးအကြိမ်ရောက်ရှိမည့် အခြေအနေနှင့် ရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်။

လာမည့် ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ် ပြိုင်ပွဲတွင်လည်း Pool အားကစားနည်း ပါဝင်လာမည်ဖြစ်ရာ မြန်မာနိုင်ငံ၏ ရွှေတံဆိပ် မျှော်လင့်ချက်အတွက် ဘုန်းမြင့်ကျော်မှာ အရေးပါသည့် ကစားသမားတစ်ဦး ဖြစ်နေသည်။ ထို့ကြောင့် ဘုန်းမြင့်ကျော်မှာ မြန်မာနိုင်ငံအတွက် အားထားရသည့် ကစားသမားတစ်ဦးဖြစ်သလို တရုတ် Pool အားကစား လောကတွင်လည်း ထိပ်တန်းအဆင့်ရှိသည့် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်သည်။

Most Read

Most Recent