COVID ရိုက်ခတ်မှု၊ အသင်းဖျက်သိမ်းမှုများနှင့် မြန်မာပရော်ဖက်ရှင်နယ် ဘောလုံးလောက

COVID ရိုက်ခတ်မှု၊ အသင်းဖျက်သိမ်းမှုများနှင့် မြန်မာပရော်ဖက်ရှင်နယ် ဘောလုံးလောက
Published 28 December 2020

နှစ်ကာလကြာမြင့်လာသည့်နှင့်အမျှ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ရုန်းကန်လာရသည့်  မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ် ဘောလုံးလောကမှာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် COVID-19 ကပ်ရောဂါနှင့်အတူ ရိုက်ခတ်မှုကြီးမားခဲ့ပြီး အသင်းဖျက်သိမ်းမှုများလည်း ရှိခဲ့သည်။

ချင်းယူနိုက်တက်အသင်း

မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲဖြစ်သည့် NNL ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ ကာလအတွင်း ကလပ်အသင်းဖျက်သိမ်းမှု အများဆုံး နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ ပြိုင်ပွဲကာလတွင် ဇွဲကပင်နှင့် ချင်းယူနိုက်တက်အသင်း၊ ပြိုင်ပွဲပြီးဆုံးချိန်တွင် မကွေးအသင်းတို့ ဖျက်သိမ်းခဲ့ပြီး Southern အသင်းမှာလည်း လာမည့်ရာသီတွင် မယှဉ်ပြိုင်ရန် မြန်မာနေရှင်နယ်လိဂ်ကော်မတီထံ နုတ်ထွက်စာ တင်ပြထားသည်။ ထို့ကြောင့် ၂၀၂၀ ရာသီအစတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၁၂ သင်းအနက် လာမည့်ရာသီတွင် လေးသင်းမပါဝင်တော့မည့် အနေအထားဖြစ်ပြီး စစ်ကိုင်းအသင်းမှာလည်း ဘဏ္ဍာရေး အခြေအနေကြောင့် ဆက်လက်ယှဉ်ပြိုင်နိုင်ရန် မရေမရာဖြစ်နေသည်။ ထို့ကြောင့် ကလပ်အသင်း ငါးသင်းအထိ မြန်မာပရော်ဖက်ရှင်နယ် ဘောလုံးလောကမှ ပျောက်ကွယ်သွားနိုင်သည့် အနေအထားဖြစ်နေပြီး မြန်မာ့ဘောလုံးလောက အနာဂတ်မှာလည်း စိုးရိမ်စရာကောင်းသည့် အခြေအနေဖြစ်လာသည်။ သို့ဖြစ်ရာ ကလပ်အသင်းဖျက်သိမ်းမှု များပြားလာပြီး စိုးရိမ်စရာဖြစ်လာသည့် မြန်မာ့ပရော်ဖက်ရှင်နယ် ဘောလုံးလောက၏ အနေအထားကို ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

မကွေးအသင်း

ပရော်ဖက်ရှင်နယ်လိဂ်ဖြစ်သည့် MNL ပြိုင်ပွဲကို အသင်းရှစ်သင်းဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ၁၄ သင်းအထိ တိုးမြှင့်ကာ ၂၀၁၃ ရာသီမှစ၍ ၁၂ သင်းဖြင့် ပုံမှန်ကျင်းပလာခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်မှစတင်ကာ MNL တွင် အသင်းဖျက်သိမ်းမှုများရှိလာပြီး ယခင်က တစ်နှစ်အတွင်း အများဆုံးသုံးသင်းသာ ဖျက်သိမ်းခဲ့သော်လည်း ယခုနှစ်တွင်မူ ဖျက်သိမ်း/နုတ်ထွက်ရန် သေချာသွားသည့် အသင်းလေးသင်းအထိ ရှိလာခြင်းဖြစ်သည်။ ၁၂ သင်းဖြင့် ပုံမှန်ကျင်းပနေသည့် MNL ပြိုင်ပွဲတွင် အသင်းဖျက်သိမ်းမှုများကြောင့် လာမည့်ရာသီ၌ ပြိုင်ပွဲဝင်အသင်းအရေအတွက် လျော့ကျသွားဖွယ်ရှိနေပြီး စစ်ကိုင်းအသင်းသာ မယှဉ်ပြိုင်ဖြစ်ပါက ခုနစ်သင်းသာ ကျန်ရှိတော့မည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည် MNL ပြိုင်ပွဲကို အနည်းဆုံး ပြိုင်ပွဲဝင်အသင်း ရှစ်သင်းဖြင့် ကျင်းပရန် လျာထားရာ MNL-2 ပြိုင်ပွဲမှ အသင်းများဖြင့် အစားထိုးရမည်ဖြစ်သည်။

Southern အသင်း

မြန်မာကလပ်အသင်းများမှာ ဝင်ငွေမရှိသောကြောင့် အသင်းပိုင်ရှင်၏ ငွေကြေးဖြင့်သာ လည်ပတ်နေရပြီး ယခုကဲ့သို့ ကပ်ရောဂါ ရိုက်ခတ်လာသည့်ကာလတွင် ဆက်လက်ရပ်တည်နိုင်ရန် အခက်အခဲရှိလာခဲ့သည်။ ထို့ကြောင့် အသင်းဖျက်သိမ်းမှုများ ဆက်တိုက်ကြုံတွေ့လာရပြီး ဘောလုံးလောကကို စွန့်ခွာခဲ့ကြခြင်းဖြစ်သည်။

Most Read

Most Recent