ဒီဇင်ဘာ ၁၆ ရက်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ထားသည့် COVID-19 ဒုတိယလှိုင်းက မြန်မာ့စီးပွားရေးကို ပြင်းထန်သည့် သက်ရောက်မှု ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှု ဆက်လက်ဖြစ်ပွားနေသည့်အတွက် စီးပွားရေးတိုးတက်မှုအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နှစ်ရာခိုင်နှုန်း၌ ဆက်ထိန်းထားနိုင်မည်ဟု ခန့်မှန်းထားသည်။ မြန်မာ့စီးပွားရေးသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုကို ဆက်လက်ရင်ဆိုင်နေရပြီး ယခင်နှစ်က စီးပွားရေး တိုးတက်မှုနှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။ ပြည်တွင်းကူးစက်မှုများ နှေးကွေးလာပြီး အသွားအလာကန့်သတ်မှုများ ဖြေလျော့လာပါက ၂၀၂၁ မတ်လမှစတင်၍ မြန်မာ့စီးပွားရေးသည် တဖြည်းဖြည်း နာလန်ထူလာနိုင်ကြောင်း ဖော်ပြထားသည်။









