ပြင်ဆင်ထားသကဲ့သို့မဟုတ်ဘဲ ကိုဗစ်ကြောင့် အကျဉ်းချုံးခဲ့ရသည့် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲတော်

ပြင်ဆင်ထားသကဲ့သို့မဟုတ်ဘဲ ကိုဗစ်ကြောင့် အကျဉ်းချုံးခဲ့ရသည့် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲတော်
Published 28 December 2020

၁၉၂၀ ပြည့်နှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီးနောက် ယခုနှစ်တွင် နှစ် ၁၀၀ ပြည့်မြောက်ခဲ့သည့် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲတော်အား အခမ်းအနား အစီအစဉ်များစွာဖြင့် စည်ကားစွာ ကျင်းပရန် ပြင်ဆင်ခဲ့သော်လည်း ကိုဗစ်ကပ်ရောဂါ ပြန့်ပွားလျက်ရှိသည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့် အွန်လိုင်းတွင်သာ အကျဉ်းချုံးကျင်းပခဲ့ရသည့် မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲတော်ကို ယခုနှစ်အတွင်း ထင်ရှားသော အနုပညာအကြောင်းအရာ တစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။

မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲတော်ကို ရုပ်ရှင်ဇာတ်ကားများပြသခြင်း၊ ရုပ်ရှင်ဇာတ်ကားတိုပြိုင်ပွဲများ ပြုလုပ်ခြင်း၊ ရုပ်ရှင်ရာပြည့် အမှတ်တရပြခန်းများ ပြသခြင်း၊ ရုပ်ရှင်ရာပြည့် ဆွေးနွေးပွဲအစီအစဉ်၊ စာတမ်းဖတ်ပွဲ အစီအစဉ်များ ပြုလုပ်ခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ခြင်းတို့ဖြင့် ပြုလုပ်ရန်အတွက် တစ်နှစ်ခန့် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း ကျင်းပရမည့်အချိန်တွင် ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်း ကြုံတွေ့နေရသဖြင့် အွန်လိုင်းတွင်သာ အကျဉ်းချုံးကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲတော်ကို အောက်တိုဘာ ၁၃ ရက်တွင် Virtual အခမ်းအနားအဖြစ် တင်ဆက်ခဲ့ပြီး မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ခဲ့သည်။ ယင်းအစီအစဉ်တွင် မြန်မာ့ရုပ်ရှင် သမိုင်းကြောင်းနှင့် ရုပ်ရှင်နှစ် ၁၀၀ တိုင်သည်အထိ ဖြတ်သန်းခဲ့သည့် အမှတ်တရများ၊ ရှေ့ဆက်လုပ်ဆောင်ရမည့် အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဆောင်းပါးပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ရုပ်သံလိုင်းများနှင့် အွန်လိုင်းရုပ်ရှင်ပြသသည့် application များတွင်လည်း နှစ် ၁၀၀ ဖြတ်သန်းမှုကာလအတွင်း ပရိသတ်အားပေးမှု များပြားခဲ့သည့် ဇာတ်ကားများကို ရွေးချယ်ပြသခဲ့သည်။ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်အမှတ်တရအဖြစ် ရုပ်ရှင်စာတမ်းဖတ်ပွဲများ၊ ရုပ်ရှင်ပဒေသာကပွဲများ တင်ဆက်ရန် စီစဉ်ထားသော်လည်း ကိုဗစ်ကပ်ရောဂါ အခြေအနေကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ချိန်တွင် ဂန္ထဝင်ဇာတ်ကားအချို့အား ဒစ်ဂျစ်တယ်စနစ်ဖြင့် ထိန်းသိမ်းခြင်းကို တရုတ်၊ ဂျပန် စသည့်နိုင်ငံများမှ ကူညီလုပ်ဆောင်ပေးခဲ့ကာ မြန်မာနိုင်ငံသို့ပေးအပ်ခဲ့သည်။ မြန်မာ့ရုပ်ရှင်မှာ ၁၉၂၀ ပြည့်နှစ်တွင် မေတ္တာနှင့်သူရာဇာတ်ကားဖြင့် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။

Most Read

Most Recent