Covid-19 ကပ်ရောဂါပြန့်ပွားလျက်ရှိသည့် ကာလအတွင်း ဖျော်ဖြေရေးအစီအစဉ်များ ရပ်နားထားရာ အနုပညာရှင်များအနေဖြင့် ဆိုရှယ်မီဒီယာများနှင့် ၎င်းတို့၏ကိုယ်ပိုင် Youtube Channel များမှတစ်ဆင့် ဖျော်ဖြေရေးအစီအစဉ်များကို ပြောင်းရွှေ့တင်ဆက်လာခဲ့ကြကြောင်း သိရသည်။ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း အနုပညာ လှုပ်ရှားမှုများအားလုံး ရပ်နားထားချိန်တွင် တေးသံရှင်အများစုမှာ ဆိုရှယ်မီဒီယာများနှင့်Youtube Channel များတွင် တေးသီချင်းများ ဖျော်ဖြေတင်ဆက်ခြင်း၊ သရုပ်ဆောင်များမှလည်း Live လွှင့်ကာ အစီအစဉ်တင်ဆက်ခြင်း၊ ဝတ္ထုဖတ်ပြခြင်း၊ တေးသီချင်းများ သီဆိုဖျော်ဖြေခြင်းများကို တင်ဆက်ပေးနေခြင်းဖြစ်သည်။ ထို့ပြင် ရုပ်ရှင်နှင့်ဗီဒီယို ဇာတ်ကားများ လွှင့်တင်ပေးခြင်း၊ အနုပညာရှင်များ ပါဝင်ထားသည့် အစီအစဉ်များကို ပြန်လည်လွှင့်တင်ထားခြင်း၊ အစီအစဉ်သစ်များ ထပ်မံရိုက်ကူးကာ လွှင့်တင်ခြင်းများလည်း ပြုလုပ်လျက်ရှိသည်။ အနုပညာရှင်များအပြင် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ရေးများကလည်း ရုံတင်ပြသပြီး ဇာတ်ကားကောင်းများ၊ ဗီဒီယိုဇာတ်ကားများကို အခမဲ့လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။ ထုတ်လုပ်ရေးများအနေဖြင့် ဇာတ်ကားတိုများ၊ အစီအစဉ်သစ်များ စီစဉ်ရိုက်ကူးကာ စျေးကွက်လမ်းကြောင်းသစ်တစ်ခုအနေဖြင့် ချဲ့ထွင်လာခဲ့ကြသည်။
ဖျော်ဖြေပွဲတိုင်းတွင် ပရိသတ်အားပေးမှု များစွာရရှိသည့် နှင်းဆီအဖွဲ့မှလည်း ဖျော်ဖြေရေးလမ်းကြောင်းသစ်တစ်ခု အနေဖြင့် ဝင်ကြေးတစ်ခု ကောက်ခံကာ close group member အဖြစ်ဝင်ရောက်စေပြီး New Normal Rose အမည်ဖြင့် ဖျော်ဖြေတင်ဆက်မှုပြုလုပ်ရန် စီစဉ်လျက်ရှိသည်။ တေးသံရှင်အချို့မှလည်း Private Live Show အဖြစ် close group member ကြေး ကောက်ယူကာ ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။ လက်ရှိတွင်ဖျော်ဖြေရေးများ၊ ရိုက်ကူးရေးများ အားလုံးရပ်နားထားချိန်၌ အနုပညာရှင်များက Youtube Channel များမှ တစ်ဆင့်လည်းကောင်း၊ Facebook Page များတွင် ကုန်ပစ္စည်းအမှတ်တံဆိပ်များနှင့် ပူးပေါင်း၍လည်းကောင်း အနုပညာတင်ဆက်မှုများ ပြုလုပ်နေခြင်းဖြစ်ကာ ထပ်မံပြုလုပ်ရန်စီစဉ်ထားကြသည်။









