၂၀၂၀ ပြည့်နှစ်တွင် နှစ် ၁၀၀ တိုင်ခဲ့ပြီဖြစ်သည့် ရန်ကုန်တက္ကသိုလ်အတွက် အမှတ်တရအစီအစဉ်များစွာ လုပ်ဆောင်ရန် ကော်မတီများဖွဲ့စည်းကာ ကြိုတင်ပြင်ဆင်ခဲ့ကြသော်လည်း ကိုဗစ်ကပ်ရောဂါ ပြန့်ပွားလျက်ရှိသည့် အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသဖြင့် အစီအစဉ်အနည်းငယ်ဖြင့်သာ အကျဉ်းချုံး ကျင်းပနိုင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲတော်အဖြစ် စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ၊ တက္ကသိုလ်ရာပြည့် အမှတ်တရပြခန်းများဖြင့် စည်ကားစွာ ကျင်းပရန် ကြိုတင်ပြင်ဆင်ခဲ့ကြသော်လည်း လက်တွေ့တွင်မကျင်းပနိုင်ခဲ့ဘဲ အစီအစဉ် အနည်းငယ်သာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်အတွက် ၂၀၂၀ နှစ်ဦးပိုင်းကတည်းကပင် စီစဉ်ခဲ့ကြသော်လည်း ၂၀၂၀ မတ် ၂၃ ရက်မှစတင်ကာ မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ပျံ့နှံ့လာသဖြင့် အစီအစဉ်များ ရပ်ဆိုင်းခဲ့ရပြီး အစီအစဉ်အချို့ကိုမူ နှစ်ကုန်ပိုင်းမှသာ ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း မကျင်းပနိုင်ခဲ့ဘဲ ရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။ တက္ကသိုလ်ရာပြည့် နှစ်ပတ်လည်အမှတ်တရအဖြစ် ဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြားတွင် တေးသံရှင်များစွာဖြင့် အပတ်စဉ်ကျင်းပခဲ့ကြပြီး တက္ကသိုလ်ကျောင်းတော်ကြီး၏ လွမ်းမောဖွယ်ပုံရိပ်များကို နောက်ခံပိတ်ကားထက်တွင်ပြသခြင်းဖြင့်သာ တင်ဆက်နိုင်ခဲ့သည်။ အဆိုပါဂီတဖျော်ဖြေပွဲတွင် တစ်ခေတ်တစ်ခါက ထင်ရှားခဲ့သည့် တက္ကသိုလ်နောက်ခံ တေးသီချင်းများစွာကို မူရင်းတေးသံရှင်များ၊ လူငယ်မျိုးဆက်သစ်တေးသံရှင်များက သီဆိုဂုဏ်ပြုပေးခဲ့ကြခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်အမှတ်တရအဖြစ် တက္ကသိုလ်နောက်ခံဝတ္ထု ဇာတ်လမ်းများ ပြန်လည်ထုတ်ဝေခြင်း၊ ကဗျာစာအုပ်များ စုစည်းထုတ်ဝေခြင်း၊ ထင်ရှားသည့် စာရေးဆရာကြီးအချို့ကလည်း တက္ကသိုလ်နောက်ခံ ဇာတ်လမ်းအသစ်များ ဖန်တီးထုတ်ဝေခြင်းများ ပြုလုပ်ခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော် ပြခန်းအချို့ စီစဉ်ကာ ရန်ကုန်တက္ကသိုလ်ဝန်းတစ်ခုလုံးကို မီးအလှဆင်၍ ပြသထားရန် ပြင်ဆင်ခဲ့သော်လည်း လူစုလူဝေးဖြစ်ပေါ်ကာ ရောဂါပိုး ကူးစက်နိုင်သည့် အခြေအနေများကြောင့် ဝေဖန်မှုများစွာ ထွက်ပေါ်လာသဖြင့် တက္ကသိုလ်ရာပြည့်ပွဲတော် အမှတ်တရ စီစဉ်ထားရှိမှုအား လေ့လာလည်ပတ်ခွင့်ကို ရပ်ဆိုင်းခဲ့ရသည်။









