၂၀၂၀ ပြည့်နှစ်ဇန်နဝါရီလ အစောပိုင်းက တရုတ်နိုင်ငံဝူဟန်မြို့တွင် သာမန်မဟုတ်သော အဆုတ်ရောင်ရောဂါကြောင့် လူ ၄၄ ဦး ဆေးရုံတက်ရပြီး ၁၁ ဦးမှာ အခြေအနေ ဆိုးရွားနေသည်ဆိုသည့် သတင်းများ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အလျင်အမြန် ပျံ့နှံ့ခဲ့သည်။
ယင်းသတင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း တစ်ကမ္ဘာလုံးကို ဒုက္ခပေးမည့် ကိုရိုနာဗိုင်းရပ်စ်ကို စတင်ပေါက်ဖွားခဲ့သည့် အခြေအနေလည်းဖြစ်သည်။
ထိုအချိန်က ဝူဟန်မြို့ကျန်းမာရေး တာဝန်ရှိသူများက တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ အဒီနိုဗိုင်းရပ်စ်များမဟုတ်ဘဲ Viral pneumonia of unknown cause ဟု ထုတ်ပြန်ခဲ့ပြီး ၂၀၀၃ ခုနှစ်က ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သော ဆားစ် (SARS) ရောဂါနှင့်တူသည်ဟု ကနဦးသုံးသပ်ခဲ့ကြသည်။
ကနဦးတွင် ဝူဟန်ဗိုင်းရပ်စ်ဟု လူအများက ခေါ်ဝေါ်ခဲ့ကြသည့် ယင်းဗိုင်းရပ်စ်ပိုးကြောင့် အသက် ၆၁ နှစ်ရှိ အမျိုးသားတစ်ဦး စတင်သေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့သည်။
ထိုဗိုင်းရပ်စ်ပိုးသည် လူဦးရေ ၁၁ သန်းရှိပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်း၌ အချက်အချာကျသော ဝူဟန်မြို့လယ်ရှိ ပင်လယ်စာစျေးအနီးတစ်ဝိုက်တွင် စတင်ပျံ့နှံ့ခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၄၅ ဦးထက်မနည်း ရောဂါကူးစက်ခံရသည်ဟု ထိုအချိန်က တရုတ်အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံအတွင်း တစ်မုဟုတ်ချင်း ပျံ့နှံ့ခဲ့သည့် ယင်းဗိုင်းရပ်စ်ပိုးကြောင့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းတွင် သေဆုံးသူ ၂၁၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူ ၁၀၀၀၀ နီးပါးရှိလာခဲ့ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီးချိန်၌ ဇန်နဝါရီ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အရေးပေါ် ကော်မတီအစည်းအဝေး ပြုလုပ်ခဲ့ပြီး ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ(Public Health Emergency of International Concern) အဖြစ် စတင်ကြေညာခဲ့သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ပေါက်ဖွားခဲ့သဖြင့် လူအများက အလွယ်တကူခေါ်ဆိုခဲ့သည့် ဝူဟန်ဗိုင်းရပ်စ်အား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် WHO က လတ်တလော အသက်ရှူလမ်းကြောင်းရောဂါ Coronavirus Disease 2019 (COVID-19) အဖြစ် စတင်သတ်မှတ်ခဲ့သည်။
■ မြန်မာနှင့် ကိုရိုနာ
အိမ်နီးချင်း တရုတ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူဦးရေ နေ့စဉ်ထောင်နှင့်ချီ မြင့်တက်နေခဲ့သော်လည်း မြန်မာနိုင်ငံတွင် မတ်လဆန်းပိုင်းအထိ သံသယလူနာ၊ စောင့်ကြည့်လူနာများသာရှိခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ မရှိခဲ့သေးပေ။
ရောဂါအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ဇန်နဝါရီ ၃၁ ရက်မှ မတ် ၂၀ ရက်အထိ ဝေဘာဂီအထူးကုဆေးရုံကြီး အပါအဝင် ပြည်သူ့ဆေးရုံ ၁၅ ရုံတွင် အသွားအလာကန့်သတ်ခြင်း၊ တားမြစ်ပိတ်ပင်ခြင်း (Hospital Quarantine) ပြုလုပ်ခဲ့သူ ရာနှင့်ချီ ရှိခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံအတွင်း COVID-19 သံသယနှင့် စောင့်ကြည့်လူနာများတွင် Negative အဖြေများသာ တွေ့နေခြင်းအပေါ် လူအများက ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါစမ်းသပ်စစ်ဆေးမှုများတွင် လိုအပ်ချက်ရှိနေ၍ အဖြေမှန်မရ ဖြစ်မည်ကို စိုးရိမ်ခဲ့ကြပြီး ဝေဖန်မှုများလည်း ရှိခဲ့သည်။
ကမ္ဘာ့နိုင်ငံအများစုတွင် ကူးစက်မှု အရှိန်မြင့်နေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ COVID-19 ရောဂါဟု အမည်ပေးထားသည့် ကိုရိုနာဗိုင်းရပ်စ်မှာ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်၌ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ စတင်တွေ့ရှိသူမှာ တစ်ဦးတည်းတွင်မဟုတ်ဘဲ နှစ်ဦးတပြိုင်နက်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အမေရိကန်နှင့် အင်္ဂလန်နိုင်ငံမှ ရောက်ရှိလာသူနှစ်ဦးထံမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဆက်တိုက်ဆိုသလိုပင် မတ် ၂၅ ရက်က အင်္ဂလန်နိုင်ငံမှ ပြန်လာသည့် ၂၆ နှစ်အရွယ်အမျိုးသားတစ်ဦး၊ မတ် ၂၈ ရက်က ပြည်ပသို့ ခရီးသွား ရာဇဝင်မရှိသော်လည်း ပြင်သစ်နိုင်ငံသားများနှင့် ဧည့်လမ်းညွှန်အဖြစ် ခရီးသွားခဲ့သူတစ်ဦး၊ ဆွစ်ဇာလန်နိုင်ငံသူတစ်ဦးနှင့် အင်္ဂလန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အင်းစိန်မြို့နယ်မှ အမျိုးသားတစ်ဦး၌ COVID-19 ရောဂါပိုးထပ်မံတွေ့ရှိခဲ့သည်။
မြန်မာနိုင်ငံတွင် ကနဦး စတင်တွေ့ရှိခဲ့သော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ အများစုမှာ ပြည်ပမှဝင်ရောက်လာသော မြန်မာနိုင်ငံသားအများစုဖြစ်၍ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ပမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားများ လိုက်နာရမည့်အချက်များကို ထုတ်ပြန်ကြေညာခဲ့ပြီး ကန့်သတ်မှုများ အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။
ယင်းကြောင့် ဧပြီလ သင်္ကြန်ရုံးပိတ်ရက်များတွင် ပြည်သူများ နေအိမ်၌သာ နေထိုင်ကြရေး Stay at Home အစီအစဉ်ကို ဧပြီ ၃ ရက်ညပိုင်းက ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့များက ညွှန်ကြားချက်များ အသီးသီးထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတရုံးမှ ပြည်သူများသို့ ပန်ကြားချက်ဆိုသည့် သတင်းတစ်ခုကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာလည်း ရွှေ့ဆိုင်းခဲ့ရသည်အထိ သတ်မှတ်ခဲ့သည်။
သင်္ကြန်ကာလ ရုံးပိတ်ရက်ရှည်ရှိသည့် အချိန်တွင် ပြည်သူများခရီးမထွက်ဘဲ မိမိနေအိမ်တွင်သာ နေထိုင်ကြရန် အစီအစဉ်များ ထုတ်ပြန်ခဲ့ပြီး ရိက္ခာငါးမျိုး ထောက်ပံ့ခြင်းအစီအစဉ်ကို စတင်ခဲ့သည်။ ယင်းရိက္ခာငါးမျိုးမှာ ဆန်၊ ဆီ၊ ဆား၊ အာလူးနှင့် ကြက်သွန်တို့ဖြစ်ပြီး အခြေခံလူတန်းစားများအတွက် ရည်ရွယ်ကာ ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။
ယင်းကာလအတွင်း လူဦးရေ ၅ ဒသမ ၃ သန်းခန့်အား ထောက်ပံ့ပေးခဲ့ပြီး ၇၁ ဒသမ ၁၀၃ ဘီလျံ ကုန်ကျခဲ့သည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။
ထို့ပြင် ဧပြီလဆန်းပိုင်းမှစတင်ကာ COVID-19 တိုက်ဖျက်ရေးတွင် အဓိက ဇာတ်ကောင်တစ်ကောင်ဟုဆိုရမည့် မြို့နယ်များတွင် Fever Clinic များကိုဖွင့်လှစ်ခဲ့သည်။
အဆိုပါ Community Fever Clinic များတွင် အဓိကအားဖြင့် ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာစသော COVID သံသယလက္ခဏာ လူနာများကို ကြည့်ရှုစစ်ဆေးပေးပြီး ရောဂါစောင့်ကြည့်ကုသရန်လိုအပ်သော လူနာများ တွေ့ရှိလာပါက သက်ဆိုင်ရာ ကုသရေးဆေးရုံကြီးများသို့ လွှဲပြောင်းဆေးကုသစေခြင်းဖြစ်သည်။ Community Fever Clinic များကို ကနဦးအနေဖြင့် လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်များတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
■ COVID-19 ပထမလှိုင်း
မြန်မာနိုင်ငံတွင် ကူးစက်မှုခံရသည့် COVID-19 ရောဂါမှာ အခြားနိုင်ငံများနည်းတူ နှစ်ကျော့ပြန်ဖြစ်ပွားခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
COVID-19 ပထမလှိုင်းကို မတ်လမှ ဇွန်လအတွင်း သတ်မှတ်ခဲ့ပြီး ယင်းကာလအတွင်း ပိုးတွေ့လူနာ ၃၇၀ နှင့် သေဆုံးသူ ခြောက်ဦးသာရှိခဲ့သည်။
ပထမလှိုင်း ကူးစက်မှု၏ အဓိက ဇာတ်ကောင်များမှာ ပြည်တော်ပြန်များကြောင့်ဟု ဆိုနိုင်မည်ဖြစ်ပြီး ပြည်ပမှပြန်လာသူများကို Q စင်တာများတွင် စောင့်ကြည့်ခြင်းများကို လုပ်ဆောင်နိုင်ခဲ့ပြီး ပြည်တွင်းကူးစက်မှု မရှိသလောက်ဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင် သင်္ကြန်ကာလရုံးပိတ်ရက်များ ရှိခဲ့သဖြင့် လူအများအပြားစုဝေးခြင်းများကို ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့် ပထမလှိုင်းတွင် ကူးစက်မှုနည်းခဲ့သည်ဟု ဆိုနိုင်သည်။
ယင်းကာလက ပြည်တွင်းကူးစက်မှုအဖြစ် တစ်နေရာတည်းတွင် အများဆုံးစံချိန်တင်ခဲ့သည့်ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်တွင် နာမည်ကျော် တရားဟောဆရာနှင့် နာမည်ကျော်အဆိုတော်အချို့ စုဝေးခဲ့ရာမှ ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ ယင်းအချိန်တွင် ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်နေသဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home အစီအစဉ် သတ်မှတ်ထားသည့်ကာလဖြစ်ရာ ယင်းစုဝေးမှုတွင် ပါဝင်ခဲ့သူအချို့မှာ သဘာဝဘေးအန္တရာယ်ဥပဒေဖြင့် အမှုဖွင့်အရေးယူခံခဲ့ရသည်။
အခြားတစ်ဖက်တွင်လည်း ရောဂါပိုး စစ်ဆေးနိုင်မှုမှာ အခြားအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အနည်းဆုံးပမာဏဖြင့်သာ စစ်ဆေးနိုင်ခဲ့သည်။ ဧပြီ ၂၁ ရက်အထိ အရှေ့တောင်အာရှ ဒေသတစ်လွှား၌ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်စွမ်းသည် များစွာကွာခြားချက်ရှိခဲ့ပြီး စင်ကာပူသည် လူပေါင်းတစ်သန်းလျှင် ၁၆၂၀၃ ဦးနှုန်း စစ်ဆေးနေချိန်၌ လူဦးရေအရ မြန်မာနိုင်ငံသည် ထိုစဉ်က လူတစ်သန်းလျှင် ၈၅ ဦးနှုန်းမျှသာ စစ်ဆေးနိုင်ခဲ့သည်။
ပထမလှိုင်းတွင် အများဆုံးကူးစက်ခံရသည့် ဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ရောဂါကူးစက်ခံရသူများ၏ ထက်ဝက်ကျော်ခန့်မှာ ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်သည်။
ဇွန်လတွင်မူ COVID-19 ပိုးတွေ့လူနာများ တဖြည်းဖြည်းလျော့နည်းလာခဲ့၍ အခြေခံပညာကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် အထက်တန်းများမှ စတင်ဖွင့်လှစ်ခဲ့ပြီး တွေ့ကြုံရမည့် လိုအပ်ချက်၊ အားနည်းချက်များကို ပြင်ဆင်ပြီးမှသာ အလယ်တန်းနှင့် မူလတန်းအဆင့်များကို တစ်ဆင့်ချင်း ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်ထားသည်ဟု ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ် ၁၀ မြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ တစ်မြို့နယ် စုစုပေါင်း ၁၁ မြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့သော်လည်း COVID-19 ရောဂါထိန်းချုပ်မှု တိုးတက်လာသဖြင့် မေ ၁၄ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် (၅၀/၂၀၂၀) ၊ မေ ၂၅ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် (၆၆/၂၀၂၀) တို့ဖြင့် ယင်းမြို့နယ်များအား Stay at Home အစီအစဉ်တွင် အကျုံးဝင်ခြင်းမှ ပယ်ဖျက်ခဲ့သည်။

COVID-19 လူနာများအနက် ရောဂါပြင်းထန်သောလူနာများကို အထူးကြပ်မတ်ကုသဆောင်များတွင် စောင့်ရှောက်ကုသပေးနေစဉ် (ဓာတ်ပုံ-ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)
COVID-19 ဒုတိယလှိုင်း
မေလလယ်ခန့်မှစတင်ပြီး ရောဂါကူးစက်မှု နည်းပါးလာသည့် မြန်မာနိုင်ငံအတွက် COVID-19 ပျားရည်ဆမ်းခရီးမှာ တစ်လကျော်ကျော်သာရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သြဂုတ်လမှ စတင်ပြီး တစ်နိုင်ငံလုံးပျံ့နှံ့မည့် COVID-19 မှာ ဒုတိယလှိုင်းအဖြစ် တစ်ကျော့ပြန် ဝင်ရောက်လာခဲ့သည်။
မေ ၁၇ ရက် နောက်ပိုင်းကာလများမှစ၍ မြန်မာနိုင်ငံ၌ ပြည်တွင်းကူးစက်မှုများ မဖြစ်သလောက်နည်းပါးသွားပြီး ပြည်ပနိုင်ငံများမှ ပြန်လာဝင်ရောက်လာသော ပြည်တော်ပြန်များတွင်သာ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ COVID သံသယလူနာ၊ စောင့်ကြည့်လူနာသည် ဧပြီလက တစ်ရက်လျှင် ၁၀၀ ဦးဝန်းကျင်ရှိရာမှ သြဂုတ်လအတွင်းတွင်မူ လူနာ ၃၀ ဝန်းကျင်သာတွေ့ရှိခဲ့သည့် အခြေအနေဖြစ်သည်။
ထိုအချိန်ကာလတွင် အချို့နိုင်ငံများ၌ COVID-19 ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇ ပြောင်းလဲမှုရှိနေသည်ကို လေ့လာတွေ့ရှိနေရပြီး ဗိုင်းရပ်စ်ပိုး၏ သဘောသဘာဝ အပြုအမူမှာလည်း ပြောင်းလဲလျက်ရှိသည်ဟု နိုင်ငံတကာမီဒီယာများတွင် ဖော်ပြခဲ့သည်။ ထိုကဲ့သို့ ပြောင်းလဲခြင်းသည် ကောင်းသောဘက်သို့ ပြောင်းလဲခြင်း (ရောဂါကူးစက်ပျံ့နှံ့နိုင်စွမ်း လျော့လာခြင်း၊ ရောဂါပြင်းထန်မှု အားလျော့လာခြင်း) ဖြစ်နိုင်သကဲ့သို့ ဆိုးသောဘက် (ပိုမိုကူးစက်လွယ်ခြင်း၊ ရောဂါ ပြင်းထန်မှုပိုလာခြင်း) သို့ ပြောင်းလဲခြင်းလည်း ဖြစ်နိုင်သည်ဟုလည်း ဖော်ပြခဲ့သည်။
ပထမလှိုင်း မပြီးဆုံးမီကပင် မြန်မာနိုင်ငံသို့ COVID-19 ဒုတိယလှိုင်းလာရောက်နိုင်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတိပေးမှုများရှိခဲ့သည်။
မြန်မာနိုင်ငံမှာ ယင်းအချိန်က ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ခဲ့သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများနှင့် နီးကပ်စွာတည်ရှိခြင်း၊ ပြည်တော်ပြန်များ ဝင်ရောက်ရာတွင် လေကြောင်းလိုင်းသာမက ကုန်းတွင်းမှ ဝင်ရောက်ခြင်းများလည်းရှိနေရာ ရောဂါကူးစက်မှုအတွက် ပိုမိုဆိုးရွားနိုင်သည့် အခြေအနေများဖြစ်သည်။
ထင်မှတ်ထားသည့်အတိုင်းပင် သြဂုတ် ၁၈ ရက်တွင် ဒုတိယလှိုင်းအတွက်အစပျိုးမည့် COVID-19 ဖြစ်ပွားမှုမှာ ရခိုင်ပြည်နယ်မှ စတင်ခဲ့သည်။ ပြည်ပခရီးသွားရာဇဝင် မရှိဘဲ ပြည်တွင်းကူးစက်မှု (Local Transmission) ဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် ဒုတိယလှိုင်းမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးထံတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ကျောက်ဖြူနှင့် ပုဏ္ဍားကျွန်းမြို့နယ်များသို့ သွားရောက်ခဲ့ဖူးသူလည်းဖြစ်သည်။
ယင်းနောက်ပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သည့် မြောက်ဦး၊ ဘူးသီးတောင်၊ မင်းပြား စသည့်မြို့နယ်များသို့ ကူးစက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်း ဖွင့်လက်စကျောင်းများကို ပိတ်သိမ်းခဲ့ရကာ စစ်တွေမြို့ကို Stay at Home အဖြစ် သြဂုတ် ၂၀ ရက်တွင် သတ်မှတ်ခဲ့ရသည်။
ထူးခြားမှုအနေဖြင့် သြဂုတ် ၂၅ ညပိုင်းနှင့် သြဂုတ် ၂၆ ရက် နံနက်ပိုင်း တစ်ချိန်တည်းမှာ ရခိုင်ပြည်နယ်၌ COVID-19 စံချိန်တင်ကူးစက်ခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်း တစ်ခုလုံးနီးပါးကို COVID-19 ရောဂါပိုး ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ မြန်မာ့ကိုဗစ်ကူးစက်မှုသမိုင်း၌ ယင်းနေ့တစ်ရက်တည်းမှာပင် လူ ၁၀၀ တိတိတွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အခြားရက်များတွင် လူဦးရေ ဆယ်ဂဏန်းအထိသာရှိခဲ့သော်လည်း ယင်းနေ့မှာ မြန်မာ့ကိုဗစ်ကူးစက်မှုသမိုင်းတွင် ရာဂဏန်းအဖြစ် စတင်သတ်မှတ်ခံရသည့်နေ့လည်းဖြစ်သည်။
ယင်းသို့ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးတွင် ကူးစက်မှုများ ဖြစ်လာသည့်အချိန်တွင် ယင်းဒေသမှ အခြားတိုင်းနှင့်ပြည်နယ်များသို့ သွားလာခဲ့သူများလည်းရှိခဲ့သည်။
အများဆုံးသွားလာခဲ့သည့် ဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး အများစုမှာ လေကြောင်းခရီးစဉ်ဖြင့် သွားလာခဲ့သူများ ဖြစ်သည်။ ယင်းကြောင့် စစ်တွေမှ ရန်ကုန်သို့ လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါလာခဲ့သည့် ခရီးသည် ငါးထောင်ကျော်အား ကျန်းမာရေးဌာနများသို့ဆက်သွယ်ရန် အကြောင်းကြားခဲ့သည်။ လေယာဉ်စီးခရီးသည်များကို ကျန်းမာရေးဌာနမှ ဆရာဝန်များကိုယ်တိုင်ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း တစ်ဝက်ခန့်သာ ပြန်လည်ဆက်သွယ်နိုင်ခဲ့ပြီး ကျန်သည့်တစ်ဝက်မှာ လိပ်စာမှားယွင်းခြင်း၊ ဖုန်းနံပါတ်မှားယွင်းခြင်းများကို ကြုံတွေ့ခဲ့ရကာ လမ်းစပျောက်ခဲ့သည်။ ဆက်သွယ်မှုရရှိခဲ့သည့် လူတစ်ဝက်တွင်လည်း ရောဂါပိုးတွေ့ရှိမှုများလည်းရှိခဲ့ရာ ယင်းဖြစ်စဉ်တွင် ရောဂါပိုးသယ်ဆောင်သူ မည်မျှအထိရှိခဲ့သည်ကို မည်သူမျှ မသိနိုင်ခဲ့ပေ။
တစ်ဆက်တည်းမှာပင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါပိုးတွေ့ရှိမှုမှာ စက်တင်ဘာလဆန်းပိုင်းတွင် မြင့်တက်လာခဲ့သည်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
သေဆုံးမှုမှာလည်း ပထမလှိုင်းထက် သိသိသာသာမြင့်တက်ခဲ့ရာ စက်တင်ဘာ ၆ ရက်မှ ၁၃ ရက်အထိ နှစ်ပတ်တာကာလအတွင်းမှာပင် သေဆုံးမှုနှုန်းမှာ ပထမလှိုင်းထက် ၁၀ ဆကျော်မြင့်တက်လာခဲ့သည်။ ပထမလှိုင်းတွင် ခြောက်ဦးသာသေဆုံးခဲ့သော်လည်း ယင်းရက်ပိုင်းအတွင်းသေဆုံးမှုမှာ စံချိန်ချိုးခဲ့သည့် ကာလတစ်ခုဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ပထမလှိုင်းသေဆုံးသူများတွင် COVID-19 နှင့်ဆက်နွှယ်ပြီး အသက်အရွယ်ကြီးရင့်သူများသာ ရှိခဲ့သော်လည်း ဒုတိယလှိုင်းတွင်မူ အသက်ငယ်ရွယ်သူများ၊ သက်လတ်ပိုင်းများလည်း ပါဝင်လာခဲ့သည်။
ပထမလှိုင်းတွင် ရောဂါတွေ့ရှိသူအများစုမှာ ပြည်တော်ပြန်များဖြစ်သော်လည်း ဒုတိယလှိုင်းတွင်မူ သံဃာတော်များ၊ ဘိုးဘွားရိပ်သာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စျေးသည်များ စသည့်လူတန်းစားပေါင်းစုံနှင့် အသက်အရွယ်ပေါင်းစုံကို ကူးစက်ခံခဲ့ရခြင်း ဖြစ်သည်။
■ ကူးစက်မှု တစ်ရှိန်ထိုးမြင့်တက်ခဲ့သည့် ဒုတိယလှိုင်း၏ အဓိကဇာတ်ကောင်များ
ဒုတိယလှိုင်းမှာ ပထမလှိုင်းထက် ရောဂါကူးစက်သူ အရေအတွက်များပြားလာခြင်း မှာ ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုမှာ အခရာကျသည်ဟု ဆိုရမည်ဖြစ်သည်။
ပထမလှိုင်းတွင် ကြုံတွေ့ခဲ့ရသည့် COVID-19 ပိုးမှာ ဒုတိယလှိုင်းတွင် ကူးစက်မြန်မျိုးဗီဇပြောင်းလဲခဲ့ပြီး ပြင်းအားမှာလည်း ပိုများလာသည်ဟုဆိုနိုင်သည်။
ပထမလှိုင်းတွင် တွေ့ရှိခဲ့သည့် ကိုဗစ်ပိုးမှာ D614 ဖြစ်ပြီး ဒုတိယလှိုင်းတွင် တွေ့ရှိခဲ့သည့်ပိုးမှာ G614 အဖြစ်သို့ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ဒုတိယလှိုင်းတွင် တွေ့ကြုံခဲ့သည့် ပိုးအမျိုးအစားမှာ အသွင်ပြောင်းပိုးအမျိုးအစားဖြစ်ပြီး ကူးစက်မှုမြန်ဆန်သည့် အခြေအနေကို ကြုံတွေ့ခဲ့ရသည်။
“ထူးခြားတဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကတော့ နိုင်ငံတကာမှာလည်း အရမ်းစိတ်ဝင်စားနေတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုဖြစ်ပါတယ်။ D614 ကနေ G614 ကို ပြောင်းသွားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားကလည်း နောက်ပိုင်းကမ္ဘာမှာ တော်တော်လေး များလာပြီးတော့ ဒီလိုမျိုးပြောင်းလဲသွားခြင်းကြောင့် ရောဂါကူးစက်နိုင်စွမ်းက ၁၀ ဆအထိ ပိုပြီးတော့ များပြားလာစေတယ်လို့ သုတေသနအရ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်ဆေးတဲ့ မျိုးရိုးဗီဇ ၁၀ ခုထဲမှာ ခြောက်ခုကဆိုရင် အခုလိုမျိုး D ကနေ G ကိုပြောင်းလဲသွားတာကို တွေ့ရပါတယ်” ဟု ယင်းကာလက ဆေးသုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာ မြတ်ထွန်းညွန့်က ပြောကြားခဲ့သည်။
ထို့ပြင် ဒုတိယလှိုင်းတွင် ပထမလှိုင်းထက် ရောဂါသံသယရှိသူများကို ပိုမိုစစ်ဆေးနိုင်ခဲ့သည်ကို တွေ့ရသည်။ COVID-19 ရောဂါစတင်ဖြစ်ပွားစဉ်ကာလက ဓာတ်ခွဲစစ်ဆေးမှုများကို တစ်နေ့လျှင် ၁၀၀၀ ကျော်၊ ၂၀၀၀ ဝန်းကျင်သာ စစ်ဆေးနိုင်ခဲ့ပြီး COVID-19 ဒုတိယလှိုင်း စတင်သည့် သြဂုတ်လ ဒုတိယပတ်မှစ၍ တစ်နေ့လျှင် ၃၀၀၀ ကျော်၊ ၄၀၀၀ ကျော်မှ လက်ရှိတွင်မူ ၂၀၀၀၀ ကျော်အထိ တိုးမြှင့်စစ်ဆေးနေခြင်းဖြစ်သည်။ ယခင်က စစ်ဆေးမှုမှာ ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲဌာနတွင်သာ စစ်ဆေးနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် တပ်မတော် စစ်ဆေးရုံနှင့် အခြားနယ်မြို့များရှိ ဆေးရုံများတွင်လည်း စစ်ဆေးနိုင်ခဲ့သည်။ ရောဂါပိုးရှိမရှိ စစ်ဆေးမှုအား အရှိန်မြင့်နိုင်ခဲ့သည့် ကာလမှာ အောက်တိုဘာလဖြစ်သည်။ အောက်တိုဘာ ၁ ရက်တွင် ပြည်ပမှ မှာယူထားခြင်း၊ လှူဒါန်းခြင်းများရှိခဲ့သည့် Rapid Antigen Diagnostic Test Kit ဖြင့် ပိုးတွေ့လူနာအများဆုံးဖြစ်နေသည့် ရန်ကုန်တိုင်းတွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း စစ်ဆေးမှုပမာဏ များလာသကဲ့သို့ ရောဂါပိုးတွေ့ရှိမှုမှာလည်း တရှိန်ထိုး မြင့်တက်ခဲ့သည်။
ယင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဆေးရုံများကို အားချင်းဆောက်လုပ်ခဲ့ရပြီး အလှူရှင်များကလည်း လှူဒါန်းမှုများရှိခဲ့သည်။
ဒုတိယလှိုင်း၏ အဓိကဇာတ်ကောင် တစ်ခုမှာလည်း အောက်ဆီဂျင်လိုအပ်မှု များလာခြင်းဖြစ်သည်။ ပထမလှိုင်း၏ ရောဂါပြင်းအားထက် ဒုတိယလှိုင်းမှာ ပိုမိုပြင်းထန်လာရာ အောက်ဆီဂျင်ပေးရသည့် COVID-19 လူနာများလာခြင်းဖြစ်သည်။ ဆေးရုံများတွင် မူလရှိသည့် အောက်ဆီဂျင်ဆလင်ဒါအိုးများအစား မလုံလောက်မှုကြောင့် အောက်ဆီဂျင်ပိုက်လိုင်းသွယ်တန်းပြီး ကုသမှုပေးခဲ့ရသည့် လူနာအများအပြားရှိခဲ့သည်။
ထို့ပြင် ဇာတ်ကောင်နေရာတွင် မပါမဖြစ်ဟုဆိုရမည့် အကြောင်းအရာတစ်ခုမှာ နိုဝင်ဘာရွေးကောက်ပွဲပင် ဖြစ်သည်။ရောဂါမြင့်တက်နေသည့်ကာလတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲပြုလုပ်မည်ဟုကြေညာခဲ့ရာ ဝေဖန်မှုများလည်း ထွက်ပေါ်လာခဲ့သည်။
ရောဂါကူးစက်မှု မြင့်တက်နေသဖြင့် လူ ၃၀ ထက်ပိုမစုရဆိုသည့် အမိန့်များ၊ ညွှန်ကြားချက်များ ရှိနေသည့်အချိန်တွင် ရွေးကောက်ပွဲပြုလုပ်ခြင်း၊ လူစုလူဝေးမပြုလုပ်ရဆိုသည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပခဲ့ခြင်းကြောင့် နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုအချို့က ဝေဖန်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ရွေးကောက်ပွဲ မကျင်းပမီကာလတွင် အင်အားကြီးနိုင်ငံရေးပါတီအချို့က အင်အားပြ မဲဆွယ်စည်းရုံးခြင်းများကို မြန်မာနိုင်ငံအနှံ့အပြားတွင် လုပ်ဆောင်ခဲ့သည်။ အလားတူ ရွေးကောက်ပွဲနေ့ရက်တွင်လည်း လူစုလူဝေးဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲ ပြီးသည့်အချိန်တွင်လည်း အနိုင်ရပါတီ ထောက်ခံသူများက လူစုလူဝေးဖြင့် အောင်ပွဲခံမှုများရှိခဲ့သည်။
ယခင်က ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းတွင်သာ ရောဂါကူးစက်မှုများခဲ့ရာမှ ရွေးကောက်ပွဲအပြီးတွင် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့်ဒေသများတွင် ရောဂါကူးစက်ခံရမှု သိသိသာသာတိုးလာခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံ၏ လူနေမှုစနစ်တွင် အဆင့်မြင့်ဆုံးဟုဆိုနိုင်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကူးစက်မှုများပြားလာသည့်အချိန်တွင် Q စင်တာလိုအပ်ချက်များ၊ ရောဂါကူးစက်ခံရသူများကို ထားရှိရန် ဆေးရုံများ လုံလောက်မှုမရှိခြင်းကြောင့် ယာယီဆေးရုံများကို တက်သုတ်ရိုက်စီစဉ်ခဲ့သော်လည်း လိုအပ်ချက်များရှိခဲ့သည်။ ဥပမာအနေဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အောင်မြင့်မိုရ် Q စင်တာ၊ တောင်ဒဂုံမြို့နယ် ရိုးမရိပ်သာအိမ်ရာများတွင် လိုအပ်ချက်များရှိခဲ့ခြင်းကြောင့် ဝေဖန်မှုများကို ကြုံတွေ့ခဲ့ရသည်။
စင်တာများတွင် ရေမလုံလောက်မှုပြဿနာ၊ ဆေးဝါးမလုံလောက်မှုပြဿနာနှင့် ပိုးတွေ့လူနာနှင့် စောင့်ကြည့်လူနာကို ပူးတွဲထားရှိမှုများမှာ လူအများကြားဝေဖန်မှုများ မြင့်တက်ခဲ့သည့် အခြေအနေများလည်းဖြစ်သည်။

■ ကိုဗစ်နှင့် ကာကွယ်ဆေးမျှော်လင့်ချက်
ကမ္ဘာ့နှင့်အဝန်း ဒုက္ခပေးနေသည့် COVID-19 အတွက် ကာကွယ်ဆေးမှာ အစောဆုံး မည်သည့်အချိန်တွင် ရရှိမည်ဆိုသည်ကို မသိရှိနိုင်သေးပေ။
အင်အားကြီးနိုင်ငံတစ်ခုဖြစ်သည့် ဗြိတိန်နိုင်ငံတွင် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးခဲ့ခြင်းမှာ ကမ္ဘာ့နိုင်ငံများအားလုံးတွင် ပထမဆုံးဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ကာကွယ်ဆေးအား WHO အသိအမှတ်ပြုဆေးကို ဝယ်ယူ အသုံးပြုမည်ဖြစ်ပြီး လက်ရှိအချိန်ထိ ကမ္ဘာပေါ်တွင် WHO က အသိအမှတ်ပြုထားသည့် ကာကွယ်ဆေး မရှိသေးပေ။
နိုဝင်ဘာလကုန်ပိုင်းတွင် အမေရိကန် ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမနီဆေးကုမ္ပဏီ BioNTech တို့ပူးပေါင်းထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် နောက်ထပ်အမေရိကန်ဆေးကုမ္ပဏီတစ်ခုဖြစ်သော Moderna က ထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများမှာ လက်ရှိတွင် ကမ္ဘာ့နိုင်ငံအချို့၌ ထိုးနှံလျက်ရှိသည်။
မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးနှင့်ပတ်သက်၍ COVID-19 ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) နှင့် မြန်မာနိုင်ငံ COVID-19 ကာကွယ်ဆေးလုပ်ငန်းအဖွဲ့ (COVAX National Technical Working Group – CTWG) တို့ကို အောက်တိုဘာလအတွင်းက ဖွဲ့စည်းခဲ့သည်။
အလားတူ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာ အကြံပေးအဖွဲ့ (National Immunization Technical Advisory Group – NITAG) ကိုလည်း ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့သည်။
ကာကွယ်ဆေးရရှိရန် Gavi, The Vaccine Alliance အဖွဲ့၏ အရှေ့တောင်အာရှဒေသနှင့် အရှေ့ပစိဖိတ် ဒေသဆိုင်ရာ ဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေပြီး ဘုတ်အဖွဲ့ဝင်များအစည်းအဝေးတွင် မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေးရရှိရေး အလေးထားဆွေးနွေးထားသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်ဆေးရရှိရန် နည်းလမ်းသုံးမျိုးဖြင့် ဆောင်ရွက်နေပြီး ၂၀၂၁ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်း လူဦးရေ သုံးရာခိုင်နှုန်းစာ ကနဦး စတင်ရောက်ရှိမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့မှ ပါမောက္ခ ဒေါက်တာစောဝင်းက ပြောကြားထားသည်။
လာမည့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ၏ ရာခိုင်နှုန်း ၄၀ ကို COVID-19 ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထားပြီး ကျန်ရာခိုင်နှုန်း ၆၀ ကို ၂၀၂၂ ၊ ၂၀၂၃ ခုနှစ်အတွင်းရရှိရန် လျာထားလျက်ရှိသည်။
ယင်းကြောင့်မြန်မာနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး အစောဆုံးရောက်ရှိမည့်အချိန်မှာ ၂၀၂၁ နှစ်ဝက်ခန့်မှသာ ရရှိမည့်အခြေအနေလည်းဖြစ်သည်။
■ COVID ရိုက်ခတ်မှုဒဏ်ကြောင့် ဘာတွေခံစားခဲ့ရလဲ
ကိုးလကျော် ကြာမြင့်လာပြီဖြစ်သည့် COVID-19 ကြောင့် အထိနာဆုံးမှာ မြန်မာ့စီးပွားရေးဖြစ်သည်။
COVID-19 မတိုင်မီကာလတွင် မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းမှာ ၆ ဒသမ ၈ ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းခဲ့သော်လည်း ၁ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။ ယင်းသို့ စီးပွားရေးတိုးတက်မှုကျဆင်းမည် ဖြစ်သကဲ့သို့ ဆင်းရဲနွမ်းပါးမှုနှုန်းမှာလည်း ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၂၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၂၇ ရာခိုင်နှုန်းသို့ တိုးမြင့်လာနိုင်ကာ မူလအခြေအနေသို့ ပြန်ရောက်ရန်အစောဆုံးကာလမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှသာ ရောက်ရှိနိုင်မည်ဟု ကမ္ဘာ့ဘဏ်က ဆက်လက်ခန့်မှန်းထားသည်။
ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများကို ကောက်ယူထားသည့် စစ်တမ်းအရ ထက်ဝက်ခန့်က ဖြေဆိုထားရာတွင် လုပ်ငန်းများကို အောက်တိုဘာလအတွင်း ရပ်တန့်ခဲ့ရပြီး စစ်တမ်းကောက်ယူမှု၏ ၃၅ ရာခိုင်နှုန်းက လာမည့်သုံးလအတွင်း လုပ်ငန်းများဖွင့်လှစ်နိုင်ဦးမဟုတ်ကြောင်း စိုးရိမ်ပူပန်မှုများရှိနေသည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။
အလားတူ Asia Foundation ၏ စစ်တမ်းထုတ်ပြန်ချက်အရလည်း မြန်မာနိုင်ငံရှိ ကုမ္ပဏီသုံးပုံတစ်ပုံနီးပါးသည် COVID-19 ကူးစက်ပြန့်ပွားမှုကြောင့် ယာယီပိတ်ထားရပြီး ၎င်းလုပ်ငန်းအများစုအနက် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော လုပ်ငန်းအများစုမှာလည်း ရာခိုင်နှုန်း ၅၀ ထက်မနည်း ဝန်ထမ်းများ လျှော့ချနေကြသည်ဟု ဖော်ပြထားသည်။
လုပ်ငန်းခွင်များအတွင်း အလုပ်အကိုင် လျှော့ချခြင်း၊ ဝန်ထမ်းများကို ပုံမှန်လစာမပေးနိုင်ဘဲ လစာများဖြတ်တောက်ခံရခြင်း စသည့်အခြေအနေများမှာ ပုဂ္ဂလိကဝန်ထမ်းများအတွက် ကြီးစွာသော ရိုက်ခတ်မှုဖြစ်သကဲ့သို့ ဝန်ထမ်းမဟုတ်သည့် အခြေခံလူတန်းစားများအတွက်လည်း ပိုမိုကျပ်တည်းလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
COVID-19 ဒုတိယလှိုင်းရိုက်ခတ်မှု မစတင်မီအချိန်မှာပင် မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများမှာ ကိုဗစ်ကန့်သတ်ချက်များကြောင့် အလုပ်အကိုင်မကောင်းခြင်း၊ ဝင်ငွေလျော့ကျခြင်းများရှိခဲ့ရာ ချေးယူထားသည့် အကြွေးများကို ပြန်မဆပ်နိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။
ချေးယူထားသည့် အကြွေးများကို ပြန်မဆပ်နိုင်မှုအပြင် အစိုးရ၏ ကိုဗစ်ထိန်းချုပ်ရေး အစီအမံများကြောင့် အိမ်ထောင်စုများစွာ ဆင်းရဲမွဲတေစေသည့် အခြေအနေသို့ ရောက်ရှိစေခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပထမလှိုင်းမှာကတည်းက အခြေခံမိသားစုများမှာ ထိခိုက်မှုသက်သာစေရန် နေ့စဉ်စားသုံးသည့်ပမာဏကို လျော့ချခြင်းအပါအဝင် အန္တရာယ်များသည့်နည်းလမ်းများကို အသုံးပြုကာ စီးပွားရေးကျပ်တည်းမှုကို ကျော်လွှားရန် လုပ်ဆောင်လာခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။
မြေပြင်အခြေအနေတွင်လည်း အလုပ်အကိုင်မကောင်းခြင်း၊ ရရှိသည့်လစာဝင်ငွေ လျော့နည်းလာခြင်းများမှာ ဆင်းရဲမွဲတေမှု အခြေအနေသို့ ဆိုက်ရောက်စေခဲ့ပြီး အလုပ်အကိုင်မရှိမှုများလည်း တိုးလာခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးမှာပင် ကိုဗစ်လှိုင်းစတင်မည့် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိစာရင်းအရ ပိတ်သိမ်းခဲ့သည့် စက်ရုံ၊ ယာယီပိတ်ခြင်းနှင့် အလုပ်သမားလျှော့ချသည့် စက်ရုံ၊ အလုပ်ရုံ ၂၆၉ ရုံရှိပြီး အလုပ်သမား ၆၅၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။ ယင်းအရေအတွက်၏ အနည်းငယ်ခန့်သာ အခြားစက်ရုံများတွင် အလုပ်ပြန်ရခဲ့ပြီး အများစုမှာ အလုပ်လက်မဲ့ဖြစ်နေသည့် အခြေအနေမှာပင် ရှိနေဆဲဖြစ်သည်။
COVID-19 ကူးစက်မှုကာကွယ်တားဆီးရေးအတွက် ချမှတ်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကြောင့် စီးပွားရေးလုပ်ငန်းလည်ပတ်ရာတွင် ထိခိုက်မှုကြီးကြီးမားမားရှိခဲ့သည်ဆိုခြင်းမှာ မငြင်းနိုင်သည့်အချက်လည်း ဖြစ်သည်။
ပြည်တွင်းကူးစက်မှုများ နှေးကွေးလာပြီး ကန့်သတ်မှုများဖြေလျှော့မှသာ အစောဆုံးအဖြစ် ၂၀၂၁ မတ်လမှ မြန်မာ့စီးပွားရေးမှာ တဖြည်းဖြည်းပြန်လည်နာလန်ထူလာမည်ဟု ကမ္ဘာ့ဘဏ်ကဆိုထားပြီး လက်ရှိတွင် ကူးစက်မှုအခြေအနေများမှာ မည်သို့မျှပြောနိုင်ခြင်းမရှိသေးဘဲ ထိခိုက်မှုအခြေအနေမှာ မြင့်မားနေဆဲပင် ဖြစ်သည်။
ထို့ပြင် ဇူလိုင် ၄ ရက်ကလည်း COVID-19 ကြောင့် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်မှုနှင့်ပတ်သက်ပြီး ပထမအသုတ် လေ့လာစောင့်ကြည့်မှုရလဒ်များကို ထုတ်ပြန်ခဲ့သည်။
ယင်းစစ်တမ်းမှာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည်ဟု ကမ္ဘာ့ဘဏ်ကဆိုထားပြီး ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်းပေါင်း ၅၀၀ ကျော်ကို ကောက်ယူခဲ့ခြင်းဖြစ်သည်။
ကိုဗစ်ကာလအတွင်း ရောင်းအားကျဆင်းသွားခြင်းမှာ ၈၃ ရာခိုင်နှုန်းရှိခဲ့ပြီး ငွေသားစီးဆင်းမှုမရှိတော့ခြင်းမှာ ၅၁ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်။
ကဏ္ဍအလိုက် အကြွေးပြန်မဆပ်နိုင်သည့် အခြေအနေမှာ စိုက်ပျိုးရေးကဏ္ဍတွင် ၅၂ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၃၉ ရာခိုင်နှုန်း၊ လက်လီလက်ကားတွင် ၃၄ ရာ ခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၂၄ ရာ ခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ကမ္ဘာ့ဘဏ်က COVID-19 ကြောင့် မြန်မာ့စီးပွားရေးထိခိုက်မှုများနှင့် ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လမှအောက်တိုဘာလအတွင်း စစ်တမ်းခုနစ်ခုကောက်ယူနေပြီး ထွက်ရှိလာသည့် စစ်တမ်းများအရ မြန်မာ့စီးပွားရေး အခြေအနေမှာ အလားအလာ ကောင်းမွန်သည့်အခြေအနေများ မရှိသည်ကို တွေ့ရသည်။
အစိုးရဘက်ကမူ မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထူလာစေရန် COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) ကိုရေးဆွဲပြီး လုပ်ကိုင်လျက်ရှိသော်လည်း စီးပွားရေးလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိနိုင်မည့် အခြေအနေများကို ဖော်ဆောင်မှုအားနည်းနေသည်ကို တွေ့ရပြီး အများစုမှာ ချေးငွေပေးရေးကိုသာ ဦးတည်လျက်ရှိသည်ကို တွေ့ရသည်။
CERP အရ ချေးငွေထုတ်ချေးမှုတွင် ကျပ် ၁၀၄၉ ဘီလျံနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးမှုများ အပါအဝင် ထောက်ပ့ံငွေကျပ် ၉၄၀ ဘီလျံကျော်ဖြင့် စုစုပေါင်းအသုံးစရိတ်ကျပ် ၁၉၈၉ ဘီလျံကျော် သုံးစွဲထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။
CERP Action Plan အရ အသုံးစရိတ်များအနက် ချေးငွေထုတ်ချေးမှုတွင် တောင်သူလယ်သမားများအတွက် ကျပ်ဘီလျံ ၆၀၀၊ MNA အတွက် ကျပ် ၃၄ ဘီလျံ၊ MSME Fund အတွက် ကျပ်ဘီလျံ ၂၀၀၊ MFI အတွက် ကျပ်ဘီလျံ ၁၀၀၊ လက်ဖက်ရည်ဆိုင် လုပ်ငန်းများအတွက် ကျပ်ဘီလျံ ၁၀၀ နှင့် ရုပ်ရှင်၊ ဂီတ၊ ဘဘင်လုပ်ငန်းများအတွက် ကျပ် ၁၅ ဘီလျံဖြင့် စုစုပေါင်း ၁၀၄၉ ဘီလျံရှိကြောင်း သိရသည်။
လက်ရှိအခြေအနေများတွင်မူ ကိုဗစ်ကန့်သတ်ချက်များကြောင့် စီးပွားရေးလုပ်ကိုင်ရာတွင် အကျပ်အတည်းများ ရင်ဆိုင်နေရခြင်းကို စီးပွားရေးလုပ်ကိုင်သူတိုင်း ကြုံတွေ့နေရပြီး လုပ်ခွင့်သာသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိမလာသေးပေ။

■ COVID-19 နှင့် ၂၀၂၀
COVID-19 စတင်ဖြစ်ပွားခဲ့သည့် အချိန်တွင် ပြည်ပမှဝင်ရောက်လာသူများထံမှ ပိုးတွေ့ရှိခဲ့ခြင်းကြောင့် Quarantine စင်တာများတွင် ထားရှိကာ ကုသမှုပေးခြင်းများကို လုပ်ဆောင်နိုင်ခဲ့ပြီး ပြည်တွင်းကူးစက်မှုများမှာ မရှိသလောက် နည်းပါးခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
သို့သော် ဒုတိယလှိုင်းတွင်မူ COVID-19 ကူးစက်မှုမှာ ပထမအကြိမ်နှင့်မတူတော့ဘဲ ပြည်တွင်းကူးစက်မှုများမှာ အများဆုံးဖြစ်လာခဲ့သည်ကို တွေ့ရသည်။
ယခုဆောင်းပါးရေးချိန် ဒီဇင်ဘာလလယ်ပိုင်းတွင် COVID-19 ရောဂါပိုးတွေ့လူနာ ကျဆင်းမည့် အရိပ်အယောင်များ ပြသနေသော်လည်း သေဆုံးလူနာဦးရေမှာ တစ်ရက်လျှင် ၂၀ ခန့် သေဆုံးနေပြီး ရောဂါဖြစ်ပွားသူများ၏ နှစ်ရာခိုင်နှုန်းကျော်ရှိနေသည် ကိုတွေ့ရသည်။ ထို့ပြင် ဒီဇင်ဘာ ၂၀ ရက်အထိ စာရင်းအရ ကမ္ဘာ့နိုင်ငံအသီးသီး၌ ရောဂါကူးစက်မှုနှင့် သေဆုံးမှုစာရင်းတွင် အဆင့် ၆၉ သို့ရောက်ရှိနေသည်။ အာဆီယံနိုင်ငံများတွင်လည်း သေဆုံးမှုနှင့် ကူးစက်မှုနှုန်းတွင် အဆင့် ၃ နေရာ၌ ရှိနေသည်ကိုတွေ့ရသည်။
ပထမလှိုင်းတွင် ရောဂါပိုးတွေ့ရှိသူ နည်းပါးခဲ့ခြင်းကြောင့် ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သော်လည်း ဒုတိယလှိုင်းတွင်မူ အားနည်းချက်များ သိသိသာသာထွက်ပေါ်လာခဲ့သည်ဟု ဆိုနိုင်သည်။
ကျန်းမာရေးဝန်ထမ်းအင်အား နည်းပါးခြင်းကြောင့် လူနာများကို ပြုစုစောင့်ရှောက်ရာတွင် ခြေကုန်လက်ပန်း ကျလာခြင်း၊ Q စင်တာများ၏ အားနည်းချက်များ ထွက်ပေါ်လာခြင်း စသည့်အခြေအနေများမှာ ငြင်းမရခဲ့ပေ။
ရောဂါဖြစ်ပွားမှု မြင့်တက်နေသည့်အချိန်၌ ရွေးကောက်ပွဲကျင်းပခဲ့ရာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများ၊ ရွေးကောက်ပွဲ အောင်နိုင်ခြင်းအတွက် လူစုလူဝေးပြုလုပ်ခြင်းများ ရှိခဲ့သော်လည်း အစိုးရဘက်မှ တိတ်ဆိတ်နေခဲ့ပြီး အရေးယူခြင်းများမရှိခဲ့ပေ။
အိမ်အပြင်မထွက်ရန် Stay at Home အစီအစဉ်များ ချမှတ်ထားသည့်မြို့နယ်များမှာပင် ထောက်ခံသူများက ဦးဆောင်သည်ဟုဆိုကာ ထောက်ခံပွဲများပြုလုပ်ခဲ့သော်လည်း အရေးယူခြင်းများမရှိခဲ့ပေ။
ယင်း၏အကျိုးဆက်ကို ရွေးကောက်ပွဲအပြီး ကာလတွင် ခံစားနေရသည်ဟုဆိုရမည် ဖြစ်သည်။ ရွေးကောက်ပွဲအပြီးတွင် နယ်မြို့များ၌ပါ ရောဂါပိုးတွေ့ရှိသူ များလာခြင်း၊ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်ခြင်းများကို ခါးစည်းခံနေရပြီဖြစ်သည်။
ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်ပြီး စိန်ခေါ်မှုများအနက် အိမ်နီးချင်းနိုင်ငံများ လုပ်ဆောင်ခဲ့သည့် အခြေအနေများကို မလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းမှာ ပိုးတွေ့လူနာတစ်ဦး တွေ့ရှိပြီ ဆိုပါက ယင်းဒေသတွင် နေထိုင်သူများကို ပိုးရှိမရှိ ပိုက်စိပ်တိုက် စစ်ဆေးခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံ မဟာချိုင်ဒေသ၌ ရောဂါပိုးတွေ့လူနာများ စတင်တွေ့ရှိလာချိန်တွင် ယင်းဒေသတွင် နေထိုင်သူများကို ပိုးရှိ မရှိ အခမဲ့စစ်ဆေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ယင်းအချက်ကို လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။ ပိုက်စိပ်တိုက် လိုက်လံရှာဖွေခြင်းများကို လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ရောဂါပိုးတွေ့လူနာ အရေအတွက်မှာ နည်းပါးခဲ့ခြင်းလား သို့တည်းမဟုတ် နိုင်ငံသားများအကြားတွင် ပိုးတွေ့လူနာမရှိခြင်းလားဆိုသည်မှာ အစိုးရအတွက် မေးခွန်းတစ်ခုဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
COVID-19 မှာ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးကို ရိုက်ခတ်ခဲ့ရာတွင် အဆိုးရွားဆုံးထိခိုက်ခံရသည့် ကဏ္ဍမှာ မြန်မာ့စီးပွားရေးပင်ဖြစ်သည်။ ရောဂါထိန်းချုပ်ရေး အစီအမံများကြောင့် စီးပွားရေး လုပ်ကိုင်ရာတွင် အကြပ်အတည်းများ တွေ့လာရခြင်းမှာ မြန်မာ့စီးပွားရေးအတွက် စိန်ခေါ်များဖြစ်လာခဲ့သည်။
အခြေခံလူတန်းစားများအတွက် ရိက္ခာငါးမျိုးထောက်ပ့ံခြင်း၊ ငွေကြေးထောက်ပံ့ခြင်းများကို ဆောင်ရွက်ခဲ့ရာ၌ ကာလအနည်းငယ်အထိ အကျိုးရှိခဲ့သော်လည်း အငြင်းပွားဖွယ်ရာ ဖြစ်စဉ်များလည်း ပေါ်ပေါက်ခဲ့သည်ကို တွေ့ရသည်။
အစိုးရက CERP ကိုရေးဆွဲကာ စီးပွားရေး နလန်ထူစေရန် ဆောင်ရွက်နေသော်လည်း ငွေကြေးစီးဆင်းမှု ရပ်တန့်ခြင်းများ ရှိလာခဲ့ပြီး ကုန်ထုတ်လုပ်မှုများ ကျဆင်းလာခြင်းမှာ ငြင်းမရသည့် အခြေအနေများလည်း ဖြစ်နေသည်ကို ကမ္ဘာ့ဘဏ်၏ စစ်တမ်းများက ညွှန်းဆိုနေသည်ကို တွေ့ရမည်။
အလုပ်လက်မဲ့ပြဿနာများ ဆက်တိုက်တွေ့လာရခြင်း၊ ရှားရှားပါးပါး အလုပ်အကိုင် ခေါ်ယူသည့်အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းစုများတွင် အလုပ်အကိုင်မရှိသူများ ကြိတ်ကြိတ်တိုး တန်းစီနေရသူများနေခြင်းမှာ လက်တွေ့အခြေအနေများလည်းဖြစ်သည်။
ဒီဇင်ဘာ ၂၂ ရက်တွင်မူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါသည် ရာသီတုပ်ကွေးကဲ့သို့ ကမ္ဘာပေါ်တွင် ကူးစက်ဖြစ်ပွားနေမည်ဖြစ်ရာ အတူယှဉ်တွဲနေထိုင်၍ လုပ်ငန်းများဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
COVID-19 ကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီဖြစ်သော်လည်း အဆိုပါ ကာကွယ်ဆေးများသည် ထိုးနှံပြီးနောက် လက်တွေ့တွင် အချိန်ကာလမည်မျှအထိ ရောဂါကာကွယ်နိုင်စွမ်းရှိမည် ဆိုသည်ကို ယခုအချိန်၌ အတိအကျ မပြောနိုင်သေးဘဲ ဆက်လက်လေ့လာပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိကူးစက်ဖြစ်ပွားနေမည့် COVID-19 နှင့်အတူ မိမိတို့အနေဖြင့် ဆက်လက်ရှင်သန်နေထိုင်ရမည်ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စဉ်းစားကြံဆ ကြိုးပမ်းကြရမည်ကာ သို့မဟုတ်ပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်နှောင့်နှေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာအပြီးတွင် သက်ဆိုင်ရာကဏ္ဍအလိုက် မည်သို့ဆောင်ရွက်ရမည်ဆိုသည့် အကြောင်းများမှာ လက်ရှိအချိန်အထိ ထွက်ပေါ်မလာသေးပေ။ အထူးသဖြင့် စီးပွားရေးလုပ်ကိုင်ရန်အတွက် မည်သို့ဖြေလျှော့မှုများ ဆောင်ရွက်ပေးမည်ဆိုသည့် အကြောင်းအရာများကို အစိုးရဘက်က ထပ်မံထုတ်ပြန်ထားခြင်းမရှိသေးပေ။
ယင်းကြောင့် COVID-19 ရောဂါနှင့် ပတ်သက်ပြီး ရောဂါပိုးရှိမရှိစစ်ဆေးမှု၊ စီးပွားရေးအတွက် ထိခိုက်ခဲ့သည့်အခြေအနေများကို ကုစားပေးမည့်အစီအစဉ်များ နှောင့်နှေးကြန့်ကြာမှုများရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ်အဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး မပြီးဆုံးသေးသည့် ကိုဗစ်တိုက်ပွဲအတွက် လာမည့်နှစ်တွင် မည်သို့ဆောင်ရွက်မည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။









